Latest News

Thursday, February 9, 2017

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်


ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်က  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

ယနေ့(ဖေဖေါ်ဝါရီ၉ ရက် )နေ့စွဲဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်အပြည့်အစုံမှာ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)မှ ကိုယ်စားလှယ်အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်စုံစမ်း၍ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Interviews with Rohingyas fleeing from myanmar since 9 october 2016 အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်အစိုးရသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ယင်းစွပ်စွဲချက်များကို စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ်အခြားကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များကို တရားဥပဒေစိုးမိုးရေးဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အားအလွန်အကျွံသုံးခြင်းမပြုရန် ညွှန်ကြားထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထာက်အထားများ တွေ့ရှိပါက ဖောက်ဖျက်ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့်လည်း အဆိုပါနယ်မြေရှင်းလင်းရေးနှင့် ပတ်သက်သည့် စွပ်စွဲမှုများအပါအဝင် စွပ်စွဲချက်အားလုံးကို မှန်ကန်မှုရှိ၊ မရှိ စိစစ်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံငွေပံ့ပိုးလှုံဆော်ပေးထားသော အကြမ်းဖက်အင်အားစုများက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရကာ လက်နက် ၆၅ လက်နှင့်ခဲယမ်းများ ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးသည်သာမက နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူထု အသက်အိုးအိမ်စည်းစိမ် များစွာထိခိုက်ခြင်း၊ အန္တရာယ်လွန်စွာရှိခြင်းတို့ကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို ဖော်ထုတ်၍ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အား အလွန်အကျွံ သုံးစွဲခြင်းမရှိစေရေး၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများမရှိစေရေး၊ ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရေးတို့အား တာဝန်ရှိသူအဆင့်ဆင့်တို့မှ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ အကယ်၍ ညွှန်ကြားချက်များအပေါ် ဖောက်ဖျက်ကျူးလွန်မှုများရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်အနေဖြင့်လည်း အောက်ပါစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်
(က) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း - တပ်မတော်စစ်ဆေးရေးအရာရှိချုပ် - ဥက္ကဋ္ဌ
( ခ) ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး - တွဲဖက်စစ်ရေးချုပ် - အဖွဲ့ဝင် - စစ်ရေးချုပ်ရုံး
( ဂ) ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး - ကျောင်းအုပ်ကြီး - အဖွဲ့ဝင် - အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း
(ဃ) ဗိုလ်မှူး လှမျိုးကျော် - ဒုတိယလက်ထောက်စစ်ဥပဒေချုပ် - အဖွဲ့ဝင် - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
( င) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် - လက်ထောက်စစ်ဥပဒေချုပ် - အတွင်းရေးမှူး - စစ်ဥပဒေချုပ်ရုံး
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
7Day News

No comments:

Post a Comment