Latest News

Saturday, February 25, 2017

ဦးကိုနီလုပ်ကြံမှု သတင်းစာရှင်းလင်းပွဲ မေးမြန်းဖြေကြားချက်များ

ဦးကိုနီလုပ်ကြံမှု သတင်းစာရှင်းလင်းပွဲ မေးမြန်းဖြေကြားချက်များ


‘‘အစွန်းရောက်တဲ့ မျိုးချစ်စိတ် ကိန်းအောင်းသွားတဲ့အခါမှာ လုပ်ကြံလိုက်တယ်လို့ ကိုယ်တို့ ဖော်ထုတ်ရပါတယ်’’

လွတ်မြောက်နေသည့် အောင်ဝင်း ခိုင်ကို ဖမ်းဆီးရမိရေး အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေပြီး လက်ရှိဖမ်းဆီးရမိထားသူ များအပြင် နောက်ထပ်ပါဝင်ပတ် သက်သူ ရှိ၊မရှိ လွတ်မြောက်နေသည့် အောင်ဝင်းခိုင်ကို ဖမ်းမိမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။လက်ရှိ သုံးသပ်မှုအရ မျိုး ချစ်အစွန်းရောက်စိတ်နှင့် ပုဂ္ဂိုလ် ရေးမကျေနပ်မှုကြောင့် ဦးကိုနီကို လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ၎င်း က သုံးသပ်ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း၊ ပါဝင်ပတ်သက်သူ ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်တို့ အပြင် လူသတ်ရန် ညှိနှိုင်းခံခဲ့ရဖူး သူ နဂါးလေး(ခ)အောင်နိုင်မြင့်တို့ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

 ဖမ်းဆီးရမိထားသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ၊ လက် နက်ဥပဒေပုဒ်မ၊ လ၀ကဥပဒေ များနှင့် မကြာမီစွဲချက်တင်မည်ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းကပြောသည်။

‘‘နဂါးလေးကိုလည်း သွားညှိ နှိုင်းတယ်။ ဒါကြောင့် သူ့ကို အမြန် ဖမ်းခဲ့တာပါ။ နဂါးလေးက သိန်း နှစ်ရာရယ်၊ ကားတစ်စီးရယ်ပေးဖို့ ညှိနှိုင်းဖူးတယ်။ ဒါပေမဲ့ နဂါးလေး က ကားနဲ့ငွေကို ယူပြီးထွက်ပြေး သွားတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်လေဆိပ်တွင် ဇန်န၀ါ ရီ ၂၉ရက် ညနေ ၅နာရီခန့်၌ NLDပါတီဥပဒေအကြံပေးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၅ရက်တွင် ရန်ကုန်မြို့မူးယစ်ဆေးဝါးပြတိုက်၌ ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းဌာနများ မေးမြန်းမှုနှင့် ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့၏ အဖြေများကို စုစည်းဖော်ပြလိုက်ပါသည်။

စံတော်ချိန် - ဦးကိုနီ စီးလာတဲ့ လေယာဉ်က လေဆိပ်ကို ဘယ်အချိန်မှာ ဆိုက်ရောက်လာတယ်ဆိုတာကို အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်က ဘယ်လို သိတာလဲဆိုတာကို သိပါရစေ။

ရဲချုပ်ဇော်ဝင်း - ဒီလေဆိပ်ခရီးစဉ်ကတော့ သူတို့ ဦးကိုနီရဲ့သွားလာလှုပ်ရှားမှုကို အမြဲတမ်းသွားပြီး လေ့လာနေတာရှိတယ်။ ပေါ်ပေါ်ထင်ထင် ခရီးစဉ်များနဲ့ထွက်သွားပြီးတော့ သူတို့က စောင့်ကြည့်နေမယ်။ ဒီကိစ္စကတော့ လေဆိပ်မှာလည်း ဘယ်လေယာဉ်ဝင်မယ်၊ ထွက်မယ် သူတို့ကအလွယ်တကူသွားကြည့်လို့ ရနေမယ်။ ဒီလိုပေါ်ပေါ် ထင်ထင်သွားတဲ့ ခရီးစဉ်ကိစ္စကတော့ အလွယ်တကူသိနိုင်တဲ့ကိစ္စမို့ရှင်းလင်းတင်ပြလိုပါတယ်။

စံတော်ချိန်သတင်းစာ - ကျွန်တော် သိချင်တာ ဆရာဦးကိုနီရဲ့ ယုံကြည်ချက်နဲ့များ ပတ်သက်နေမလား။ ဆရာဦးကိုနီဟာ သူ့ရဲ့ NLDပါတီမှာ ဖွဲ့စည်းပုံအခြေခံနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ်လုပ်နေတယ်။ ဒီနေရာမှာ သူ့အဖွဲ့နဲ့ တချို့အချက်တွေက သဘောကွဲလွဲတာတွေ့ပါတယ်။ တစ်ဖက်မှာလည်း အခြေခံဥပဒေနဲ့ပတ်သက်ပြီး ကာကွယ်မယ်ဆိုတာလည်း ရှိနေပါတယ်။ ဒါကြောင့် ဇန်န၀ါရီလမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆွဲရမှာလို့ ပြောခဲ့တယ်။ ဒီအတွက်လည်း သူ့ကိုလုပ်ကြံတဲ့အခါမှာ အဖွဲ့အစည်းတွေက ပူးပေါင်းပြီး လုပ်ကြံခြင်းရှိ၊မရှိ ရဲချုပ်ကြီးတို့အနေနဲ့ စဉ်းစားခြင်း ရှိ၊မရှိမေးမြန်းလိုပါတယ်။

ပြည်ထဲရေးဝန်ကြီး - ငါ့ညီ မေး တဲ့မေးခွန်းက အတော်ကောင်းပါ တယ်။ စဉ်းစားတဲ့အခါမှာ အမျိုး မျိုးစဉ်းစားရပါတယ်။ အစ်ကိုတို့ မှာကတော့ ဘာကြောင့်တပ်မ တော်က ထွက်တဲ့အရာရှိတွေကို ခိုင်းသွားတာလဲ၊ တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲလွဲစေချင်တာ လား။ နောက်ကွယ်မှာ ရှိ၊မရှိကို အစ်ကိုပြောတာ သို့တည်းမဟုတ် ရွေးကောက်ပွဲမတိုင်မီက ဦးကိုနီ ဘာတွေပြောခဲ့သလဲ။ အဲဒီအတိုင်း ပြောခဲ့သလို NLDက အနိုင် ရသွားတယ်။ အဲဒီအချိန်မှာ ဦးကို နီဟာ သူလုပ်ရမယ့်အတိုင်းလုပ် နိုင်သလား၊ မလုပ်နိုင်တဲ့အတွက် သူ့နောက်ကွယ်က အသိုင်းအ၀ိုင်း တွေက လုပ်ကြံမလားဆိုတာ အစ်ကိုတို့ စဉ်းစားရပါတယ်။ အ မျိုးမျိုးချိန်ဆရပါတယ်။ တကယ် တမ်းစိစစ်တဲ့အခါမှာတော့ ဒီဟာ က ဘယ်လိုခေါ်မလဲ။ အမျိုးချစ် တဲ့စိတ် အစွန်းရောက်သွားတာ ပေါ့။ အစွန်းရောက်တဲ့မျိုးချစ်စိတ် ကိန်းအောင်းသွားတဲ့အခါမှာ လုပ် ကြံလိုက်တယ်လို့ ကိုယ်တို့ဖော် ထုတ်ရပါတယ်။

MRTV -  အောင်ဝင်းခိုင် လွတ် မြောက်နေတာနဲ့ပတ်သက်ပြီး နိုင် ငံတကာနဲ့အာဆီယံရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီးဆောင်ရွက်နေတာ သိရပါတယ်။ ဘယ်အဆင့်ထိ ထဲ ထဲဝင်ဝင်ဆောင်ရွက်ထားလဲ သိ ပါရစေ။

ရဲချုပ် - အောင်ဝင်းခိုင် ဖမ်း ဆီးရမိတာနဲ့ပတ်သက်ပြီး ပြည် တွင်းမှာရှိတဲ့ အဖွဲ့တွေအားလုံး ဓာတ်ပုံတွေအားလုံးဖြန့်ဝေပေး ပါတယ်။ ပြည်ပနဲ့ပတ်သက်ပြီး တော့လည်း ကျွန်တော်တို့တွေ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အာဆီယံ အင်တာပို ရဲတပ်ဖွဲ့လည်း ရှိပါ တယ်။ အာဆီယံနိုင်ငံအတွင်းမှာ လည်း ရဲတပ်ဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ နိုင်ငံတ ကာရဲတပ်ဖွဲ့ဖြစ်တဲ့အင်တာပိုကို လည်း ကျွန်တော်တို့ နိုင်ငံကအလို ရှိနေတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ပေးပို့ထားပါတယ်။ နိုင်ငံတကာ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပေး ပို့ထားပြီးဖြစ်ကြောင်း ရှင်းပြလိုပါ တယ်။

Tomorrow- အခု ရှင်းလင်း ပြောကြားချက်တွေက စစ်ကြော ချက်တွေ ပြန်လည်ပြောနေတယ် လို့ နားလည်တယ်။ ဦးကိုနီကို လုပ်ကြံတာ ပုဂ္ဂိုလ်ရေးအရပြော တယ်ဗျ။ ပုဂ္ဂိုလ်ရေးအရဆိုတဲ့ ထွက်ဆိုချက်အရ ရဲချုပ်တို့အနေ နဲ့ ဘယ်လိုများမှတ်ချက်ပေးနိုင်မ လဲ။

ရဲချုပ်- ကျွန်တော်တို့ကတော့ ပြစ်မှုတစ်ခု ကျူးလွန်တာနဲ့ ပြစ်မှုကျူးလွန်တာကို ကြည့်ပြီး ဘယ်လိုစိတ်ခံစားချက်နဲ့ လုပ် တာလဲ၊ ဘယ်လိုနည်းလမ်းကို ကျူးလွန်ပြီး လုပ်တာလဲ။ ဒါကို စဉ်းစားပြီး သူတို့သုံးဦး ဘယ်လို ဆောင်ရွက်တာလဲ၊ ဒီလိုဆောင် ရွက်တဲ့အခါမှာ သူတို့ရဲ့ ပုဂ္ဂိုလ် ရေးအရ မကျေနပ်တာတွေထွက် ဆိုပြီး တွေ့လာရတယ်။ သို့ပေမဲ့ လည်း ဒီအမှုမှာ အဓိကပါဝင်နေ တဲ့ အောင်ဝင်းခိုင်က ကျွန်တော် တို့က မရသေးဘူး။ လတ်တလော တွေ့ရှိချက်အရ သူ့ရဲ့ပြုမူဆောင် ရွက်ချက် အသွားအလာပြောဆို နေထိုင်ပုံအရ (လူငယ်ပီပီ)ပုဂ္ဂိုလ် ရေးအရ ပြောဆိုထွက်ဆိုလာတဲ့ အစလေးတွေတော့ရနေပြီ။ တွေ့ တဲ့အစလေးကို ထုတ်နုတ်တင်ပြ တာဖြစ်ပါတယ်။ တကယ့် ဖြစ်စဉ်  ကတော့ အောင်ဝင်းခိုင်ကိုရမှ ဒီထက်ရုပ်လုံးပေါ်တဲ့အခြေအနေ ကို ဖော်ထုတ်ပြောနိုင်မယ်လို့ တင်ပြလိုပါတယ်။

မြန်မာတိုင်းမ်- ဦးကိုနီလုပ်ကြံခံ ရတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘာ လို့ နိုင်ငံတော်သမ္မတရုံးက သ တင်းထုတ်ပြန်တာလဲ၊ ပြည်ထဲ ရေးရုံးက ဘာလို့ သတင်းမထုတ် ပြန်တာလဲဆိုတာ သိချင်ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး- ပြည်ထဲရေးဝန်ကြီး ဌာနဆိုတာ ပြည်ထောင်စုအစိုးရ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို နိုင်ငံတော်သမ္မတရုံးအောက်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ် စ ဖြစ်ကတည်းက အချိန်နဲ့တစ်ပြေး ညီ နိုင်ငံတော်သမ္မတရုံးကို သ တင်းပို့တင်ပြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က ပြည်သူလူထုကို တင်ပြနိုင်တဲ့ သတင်းတွေကို ထုတ်ပြန်ပေးပါ တယ်။ ဒါကြောင့်လည်း သတင်း ထုတ်ပြန်ချက်ကို သုံးကြိမ်တိုင် တိုင်ထုတ်ပြန်ခဲ့ပါတယ်။ ကျွန် တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဒီအမှုရုပ်လုံးပေါ် တဲ့အထိတောင် ဆောင်ရွက်နေ ပါတယ်။ အခုအချိန်မှာတော့ ရုပ် လုံးပေါ်လာပြီဖြစ်လို့ ကျွန်တော် တို့ ပြည်ထဲရေးဝန် ကြီးဌာနအနေ နဲ့ အခုလို သတင်းထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။

မြန်မာပို့စ် - အခု ဖြစ်စဉ်က ရန်ကုန်လေဆိပ်မှာ အများပြည် သူထိတ်လန့်စေတဲ့ဖြစ်စဉ်ဖြစ်ခဲ့ ပြီး ဘာကြောင့် ရာဇသတ်ကြီး ပုဒ်မနဲ့ အရေးယူပြီး ၂၀၁၄ ဇန်န၀ါရီမှာ ထုတ်ပြန်ထားတဲ့ အ ကြမ်းဖက်ပုဒ်မနဲ့ အရေးမယူတာ လဲ။

ရဲချုပ်- ကျွန်တော်တို့က လတ်တလောစစ်ဆေးပေါ်ပေါက်ချက်တွေအရ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေကို ပေါ်ပေါက်နေတာဖြစ်တယ်။ သူသည် အယူအဆ မတူတာတွေ၊ မတူကွဲပြားတဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ အစွန်းရောက်နဲ့မတူဘူး။ ဒါကြောင့် ကျွန်တော်တို့က ရာဇ သတ်ကြီးပုဒ်မနဲ့ အရေးယူတာဖြစ် ပါတယ်။ နောက်ပိုင်း အောင်ဝင်း ခိုင် မိလာလို့ စစ်ဆေးတွေ့ရှိချက် ပေါ်မူတည်ပြီး အကြမ်းဖက်ပုဒ်မနဲ့ အရေးယူသွားဖို့ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီး- ဒီကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ဖြည့် စွက်ပြောချင်တယ်။ အကြမ်းဖက် ဆိုပြီး ငါ့ညီမောင်တောမှာ အစ် ကိုတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲ တွေ၊ အရာရှိတွေကို တစ်ဖက်အ ဖွဲ့က လူတွေက သတ်သွားတယ်။ ဒီလိုအဖွဲ့ကိုတောင် အကြမ်းဖက် အဖွဲ့လို့ သုံးလိုက်ရင်တောင် တစ် ခုခုဖြစ်သွားမှာမို့လို့ (ဥပမာ) မုံး ကိုးမှာ ဖြစ်သွားတဲ့ဖြစ်စဉ်တွေ တောင် အကြမ်းဖက်လို့ မသုံးပါ ဘူးဆိုပြီး လွှတ်တော်ထဲမှာ အစ်ကိုတို့ အဆိုပဲတင်သွင်းထားခဲ့ တယ်။ ဒီဟာကိုတောင်မှ အ ကြမ်းဖက်ဆိုပြီး မသုံးခဲ့ရဘူး။ အခု လူတစ်ယောက်တည်း သတ် တာကို သုံးမလား။ ရဲတွေအများ ကြီး သေခဲ့တာတောင် အစ်ကို့ရင် ထဲမှာ ခံစားခဲ့ရတာ မင်းခံစား ကြည့်လေ။ အစ်ကို့တပည့်တွေ သေတာ မင်းခံစားကြည့်ပါ။ သေ သွားတဲ့သူတွေက အစ်ကို့ သား သမီးတွေပါပဲ။ ဒါကို နိုင်ငံတကာ မှာ အကြမ်းဖက်ဆိုတာကို သုံးသ လို လူကြီးတွေရဲ့ မြော်မြင်မှု ကြောင့် မသုံးခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စမှာလည်း မသုံးခဲ့တာဖြစ်ပါ တယ်။

Frontier Myanmar- အမှုက ဇေယျာဖြိုးမှာ နောက်ဆုံးဂိတ်ဆုံး သွားပြီဆိုတော့ အမှုက ပြီးသွား ပြီလား၊ အောင်ဝင်းခိုင်ကို ဖမ်း တာတော့ တစ်မျိုးပေါ့လေ။ ဒီအ မှုက ဒီမှာတင်ပြီးသွားပြီလား။

ပြည်ထဲရေးဝန်ကြီး - ဘယ်ရမလဲ၊ အောင်ဝင်းခိုင်ကို မမိမချင်း အောင်ဝင်းခိုင်ကို မိရင်ဘာဆက်လုပ်ရမလဲဆိုတာ စဉ်ဆက်မပြတ်လုပ်ရမယ်။ ဒါကြောင့် တချို့ဟာလေးတွေလည်း မပြောနိုင်လို့ မပြောနိုင်သေးတာဖြစ်ပါတယ်။ဇေ ယျာဖြိုးနဲ့ ပြီး၊မပြီးဆိုတာ အောင်ဝင်းခိုင်ကိုမိရင် သိရမယ်။ အခုအခြေအနေအရတော့ ရသလောက်လေး သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ နောက်ထပ် ဘာဆက်ရှိနိုင်မလဲဆိုတာတော့ အစ်ကိုတို့က ဆက်လက်ပြီးစုံစမ်း ရမှာဖြစ်ပါတယ်။ ဒီမှာ ရပ်ထား လို့မရဘူး။ ရပ်ထားခဲ့ရင်တော့ ကိစ္စမရှိဘူး။

စဉ်းစားရမယ့်အချက်တွေ အများကြီးပဲ။ ဦးကိုနီ နောက်ကွယ်မှာ ဘယ်သူတွေရှိနေမလဲ။ သူ့ကို နောက်ကွယ်က ဘယ်သူက လုပ် ချင်နေတာလဲ။ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့ အစိုးရအကြား ပြဿနာဖြစ်စေချင်လို့လား။ ဒီအချက်တွေ အများကြီး စဉ်းစားရပါတယ်။ ဒါကြောင့် ဒီအမှုက ရပ်ထားလို့ မရပါဘူး။ စဉ်ဆက်မပြတ် စုံစမ်းသွားရမှာပါ။ ဆက်လက်ဖော်ထုတ်သွားရမှာဖြစ်ပြီး အောင်ဝင်း ခိုင်ကိုရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တပ်မတော်နဲ့  ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိပါတယ်။ မီဒီယာတွေလည်း ပူးပေါင်းဆောင်ရွက်ပေးပါ။ ကျန်တဲ့ သိသင့်သိထိုက်တာတွေကို လည်း အကြောင်းကြားပေးစေချင်ပါတယ်။ ဟိုတစ်လောက ကိုဆွေဝင်းတို့၊ ရန်ကုန်တိုင်းက ရဲမှူးချုပ်ကိုဝင်းနိုင်တို့ ဆက်စပ်ပြီး ပြောပြတာလေးတွေ ရှိပါ တယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးတဲ့ ငါ့ညီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကို ကျေးဇူးတင်ပါတယ်။

Myanmar Now- အခုဖြစ်စဉ်မှာ ပြည်သူတွေက နောက်ကွယ်မှာ အများကြီးဖြစ်နေမလားဆိုပြီး သံ သယရှိနေတယ်။ မဆလ ခေတ် မှာဆိုရင်လည်း နိုင်ငံတော်သစ္စာ ဖောက်မှုနဲ့ အဖမ်းခံရတဲ့သူတွေ လည်း မီဒီယာနဲ့ တိုက်ရိုက်စကား ပြောခွင့်ရတယ်။ ဒီလူတွေကို ဘယ်တော့ရုံးထုတ်မလဲ၊ ရုံးထုတ် မယ်ဆိုသူတို့ကို မေးမြန်းခွင့်ရမ လား၊ ဒီလိုအခွင့်အရေးမျိုးပေးနိုင် မလား သိချင်ပါတယ်။

ရဲချုပ်- အများပြည်သူတွေ စိတ်ဝင်စားတဲ့ အမှုတွေရဲ့ သဘောသဘာဝကို နားလည်ပါတယ်။ အချိန်တစ်ခုမှာတော့ ဒီလိုအခွင့်အရေးတွေ ဖြစ်လာအောင် တင်ပြဆောင်ရွက်ပေးသွားမှာပါ။ အခုမှ ဥပဒေအကြံပေးကို တောင်း ထားတဲ့ အနေအထားမှာပဲ ရှိပါ တယ်။

7Day Daily- ဒီအမှုမှာ အခု လက်ရှိအနေအထားအရ အောင်ဝင်းခိုင်က အဓိက အရေးပါတဲ့ နေရာမှာဖြစ်လာပါတယ်။ အောင် ဝင်းခိုင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ နှစ်ပတ်ကျော်ကြာမှ သတင်း ထုတ်ပြန်တာလဲ သိချင်ပါတယ်။

ရဲချုပ်- အောင်ဝင်းခိုင် ပါဝင် ပတ်သက်တယ်ဆိုတာ ချက်ချင်း ကျွန်တော်တို့က မပေါ်ပေါက် သေးဘူး။ အောင်ဝင်းဇော်နဲ့ ဇေ ယျာဖြိုးတို့ကို ရတဲ့အချိန်မှာ ကျွန်တော်တို့ ချိန်ရတယ်။ ပြောလာတဲ့ အချိန်မှာလည်း သွားပြီး တိုက်ဆိုင် စစ်ဆေးရတယ်။ ဒီလို ချိန်ဆမှု ကြောင့် ကျွန်တော်တို့က ကြန့် ကြာမှုဖြစ်ပွားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပိုပြီး မြန်မြန် ဆန်ဆန် ပိုပြီးတော့ ရချင်ပါ တယ်။

7Day Daily- ဒီအမှုမှာ အောင် ဝင်းခိုင်နေတဲ့ ရပ်ကွက်ကနေ သိတဲ့အတိုင်းအတာအရ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောစကားအရ အောင်ဝင်းဇော်ကိုမိပြီး ဖမ်းမိပြီး မကြာခင်မှာ အောင်ဝင်းခိုင်အိမ် ကို သွားခဲ့တယ်လို့ ပြောတယ်။ အဲဒီအချိန်ကတည်းကသာ သတင်းထုတ်ပြန်ခဲ့ရင်၊ အောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ အချက်အ လက် လူထုကို အသိပေးခဲ့ရင် အချိန်တိုအတွင်း ဖမ်းနိုင်မယ်လို့ လူထုက ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ နှစ်ပတ်ကြာ သတင်းထုတ်ပြန် တဲ့ အပိုင်းကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

 သတင်းထုတ်ပြန်တာက တော့ နိုင်ငံတော်အပိုင်းပေါ့နော်။ အိမ်ရှာတာတို့၊ ပိတ်ဆို့တာတို့က တော့ ကျွန်တော်တို့က နောက်မ ကျပါဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ရပ်ကွက်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကတော့ နောက်ကို နောက်မကျခဲ့ပါဘူး။

ပြည်ထဲရေးဝန်ကြီး- (လက်ထောင်ပြကာ) ငါ့ညီ အစ်ကို့လက်ကိုကြည့် ဘာမြင်ရလဲ။ လက်ဖဝါးပါ၊ အစ်ကို့ဘက်က ကြည့်ရင် လက်ဖမိုးမြင်ရတယ်။ အစ်ကိုတို့မှာလည်း လုပ်ရတဲ့အလုပ်တွေ အများကြီးရှိပါတယ်။ ဒါတွေကိုလည်း အစ်ကိုတို့အပေါ် နား လည်စေချင်ပါတယ်။

Myanmar Now- တာမွေမြို့နယ် မော်ဒန် လက်ဖက်ရည်ဆိုင်မှာ အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်နဲ့ လင်းဇော်ထွန်းတို့ ထိုင်ကြတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော် ကိုယ်စားလှယ်(မိုင်းဖြတ်) ပါဝင် ပတ်သက်ခြင်းရှိ၊ မရှိ၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီလွှတ်တော်ကိုယ်စား လှယ်တချို့က ဦးကိုနီကို ဖေ့စ် ဘွတ်ခ်ကနေ ဝေဖန်တိုက်ခိုက် တာတွေလည်း ရှိတယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကာကွယ်မယ် ဆိုတဲ့ ကြံ့ခိုင်ရေးပါတီခေါင်း ဆောင်တချို့ လက်ချက်ဆိုတာ ပြည်သူတွေကိုယ်က သံသယရှိပါ တယ်။ ဒါတွေက ကျွန်တော်ပြော တာ မဟုတ်ပါဘူး။ အွန်လိုင်းမှာ လက်ရှိပြောနေတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်း လဲသင့်တယ်၊ ပြုပြင်သင့်တယ်။ ဒီဥပဒေက စစ်တပ်က ကုပ်သွေး စုပ်တဲ့ဥပဒေဖြစ်လို့ ပြင်ဆင်သင့် တယ်လို့ ဦးကိုနီက ပြောတယ်။ ဒီအမှုမှာ လင်းဇော်ထွန်းနဲ့ပတ် သက်ပြီး ပြောသွားတဲ့အချက်ရှိပြီး သူနဲ့ပတ်သက်လို့ မေးချင်ပါ တယ်။

ပြည်ထဲရေးဝန်ကြီး- ငါ့ညီမေးတဲ့ မေးခွန်းက အင်မတန် စိတ်ဝင် စားစရာကောင်းတဲ့မေးခွန်းဖြစ်ပါ တယ်။ ဒီလိုဟာလေးတွေ ဖြေရ တာဟာလည်း ပိုပြီး တန်ဖိုးရှိပါ တယ်။ ပြောပြချင်တာကတော့ အစ်ကိုတို့စစ်သားတွေရဲ့သဘော သဘာဝပါပဲ။ အလုပ်ကထွက်ပြီး ရင် အတူတူ စီးပွားရေးလုပ်ကြ မယ်၊ တစ်နေရာမှာ အတူစုစား မယ်၊ ဂေါက်ရိုက်မယ်၊ ဆရာကန် တော့ပွဲလုပ်မယ်၊ ဒါတွေက အ ပတ်စဉ်တိုင်းမှာ လုပ်ကြတာတွေ ရှိပါတယ်။ သတင်းစာထဲမှာ လည်း တွေ့မှာပါ။ အခုလည်း သူ တို့ စီးပွားအတူတူလုပ်တဲ့သူတွေ ဖြစ်တယ်။ လင်းဇော်ထွန်းနဲ့ အောင်ဝင်းခိုင်ဟာလည်း တပ်ရင်းတစ်ခုတည်းမှာ အတူနေခဲ့တယ်၊ တပ်ကလည်း အတူထွက်သွားပြီး ချိန်မှာ အတူသွားစုကြတယ်။ လူငယ်သဘာဝ တွေ့ကြတယ်၊ သောက်ကြတယ်၊ စားကြတယ်။ လင်းဇော်ထွန်းကလည်း လွှတ် တော်ထဲမှာ ဦးကိုနီရဲ့ ဆရာလုပ် နေတဲ့အခြေအနေ ဗီဒီယိုဖိုင်ထဲ မှာ မင်းတို့လည်း ကြားပါလိမ့် မယ်။ မွတ်စလင်ဟာ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ၊ ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ၆၆ ယောက်ရှိရမယ်ဆိုတဲ့ အသုံးအနှုန်းသုံးခဲ့တယ်။ ဒါမျိုးတွေ သူပြောတဲ့အခါမှာ တချို့ လည်း ခံနိုင်ရင် ခံနိုင်လိမ့်မယ်။ တချို့လည်း ခံနိုင်ချင်မှ ခံနိုင်လိမ့်မယ်။ ဒီအပေါ်မှာ မူတည်ပြီးမှ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ဖြစ်လာတယ် လို့ ပြောရလိမ့်မယ်။ ပြည်ခိုင်ဖြိုး ပါတီတွေ၊ ဘာတွေပြောစရာမလို ပါဘူး။ လင်းဇော်ထွန်းဟာ လွှတ် တော်ကိုယ်စားလှယ် ဖြစ်တဲ့အ တွက် ဒီလောက် မိုက်မဲတဲ့သူ မဟုတ်ဘူးလို့ ငါ့ညီတို့ ယုံကြည် ထားဖို့လိုတယ်။ လူတစ်ယောက် သတ်ဖို့အတွက်တော့ မပြောဘူး။ သို့သော်လည်းပဲ လွှတ်တော်ထဲ မှာ မကျေနပ်ရင်လည်း ပြောမှာပဲ။ ငါ့ကို မကျေနပ်ရင် ပြောမှာပဲ။ တပ်ချုပ်ကို မကျေနပ်ရင်လည်း ပြောမှာပဲ။ ဒေါ်အောင်ဆန်းစု ကြည်ကို မကျေနပ်လည်း ပြောမှာပဲ။ လူငယ်သဘောသဘာဝ ပြောကြတာကို ငါ့ညီလက်ခံသလား။ မင်းတို့တောင် လက်ဖက်ရည် ဆိုင်မှာ အချင်းချင်း မတည့်တဲ့သူ ဆို မကောင်းကြောင်းပြောမယ်။ လူငယ်သဘောသဘာဝဆိုတာ ဟိုနှစ်ယောက်မုန်းတီးမှုကို ပိုများသွားပြီး လုပ်ကြံသွားတယ်ဆို တာကို ထွက်ဆိုချက်အရ ပြောနေ ရတယ်ဆိုတဲ့ အနေအထားလေး ပါပဲ။

Myanmar Now- ကိုလင်းဇော် ထွန်းနဲ့ပတ်သက်ပြီး ခေါ်ယူမေး မြန်းမှု ရှိ၊ မရှိ သိချင်ပါတယ်။

ရဲချုပ်- ကိုလင်းဇော်ထွန်းအပြင် ဟောင်ကောင်မှာရှိတဲ့ ဝန်ထမ်း တွေအားလုံးကို ဘယ်သူ့ကိုမှ ထိမ်ချန်ခဲ့တာ မရှိပါဘူး။ အား လုံးကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

Myanmar Now- ကိုဇေယျာဖြိုး နဲ့ ပတ်သက်ပြီးတော့ ရင်းနှီးတဲ့သူ တွေ တစ်ပတ်စဉ်တည်း ဆင်းတဲ့ သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူဟာ ဘာသာရေးလိုက်စားတယ်၊ ဒီနှစ်မှာလည်း အမျိုးဘာသာရေး နဲ့ပတ်သက်တဲ့သူတွေနဲ့ သွားလာခဲ့တယ်ဆိုတာ သိရတယ်။ ဓာတ်ပုံ တချို့မှာလည်း အများပြည်သူမြင် ကွင်းမဟုတ်ဘဲ ပုဂ္ဂလိကနေရာ တွေမှာရိုက်ထားတဲ့ ပုံတွေရှိ တယ်။ ဒီအတွက် ကိုဇေယျာဖြိုး ဟာ (မဘသ)အဖွဲ့ ဆရာတော် တွေနဲ့ တိုင်ပင်ခဲ့တာရှိ၊ မရှိသိချင် ပါတယ်။ သူက ထောက်လှမ်းရေး က ဆင်းခဲ့တဲ့အခါကျတော့ တ ခြားထောက်လှမ်းရေး(ယခင်) က အရာရှိဟောင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာ ရှိ၊ မရှိ မေးမြန်းလို ပါတယ်။

ပြည်ထဲရေးဝန်ကြီး- ထောက် လှမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူ့အလုပ်မှာ အရင်ထောက်လှမ်း ရေးက ထွက်လာတဲ့သူတွေရှိ တယ်ဆိုတာသိတယ်။ မေးကြည့် တယ်။ စစ်ဆေးတယ်။ ဖော်ထုတ် တယ်။ တပ်မတော်ထောက်လှမ်း ရေးလုပ်တဲ့သူတွေက တိုင်းပြည် သစ္စာဖောက်တဲ့သူတွေမှ မဟုတ်တာ။ အဲဒီအတွက် ဒီလူတွေ သတ်စရာအကြောင်း မရှိဘူး။ ငါ့ညီပြောတဲ့ (မဘသ)ကိစ္စ ယုံ ကြည်မှု၊ ကိုးကွယ်မှုရှိကောင်းရှိ နိုင်ပါတယ်။ ထွက်ဆိုချက်တွေ အရ သူ့ရဲ့မိဘတွေကလည်း ဆရာကြီးဂိုဏ်းတွေ ၀င်ထားပါတယ်။ သူလည်း ဒါကို ယုံကြည်ပါတယ်။ သူက တစ်နှစ်တစ်ခါ ဘုန်းကြီး ၀တ်တယ်၊ ကိုရင်ဝတ်တယ်။ ကိုရင်ဝတ်တဲ့အချိန်မှာ သွားပြီး ဖမ်းရတယ်။ သူကိုယ်တိုင်က လည်း ဘာသာရေးယုံကြည် တယ်။ သို့ပေမဲ့ ဘုန်းကြီးတွေက လည်း သတ်ပါလို့ ဘယ်သူပြော မလဲ။ ငါ့ညီလည်း ဗုဒ္ဓဘာသာပဲ။ ဗုဒ္ဓဘာသာမှာ အဲဒီလိုခိုင်းတာပါ သလား။ ကိုယ့်ဘာသာကိုယ် စဉ်းစားစေချင်ပါတယ်။ တို့ကိုးကွယ်ယုံကြည်မှုဟာ ပါဏာတိပါတာ၊ ဝေရမဏိသိက္ခာပဒံ ရှောင်ကြဉ်ပါ၏။ တို့ဗုဒ္ဓဘာသာလူမျိုးက လုပ်တဲ့အတွက် အင်မတန်ရှက် တယ်။ ပြောရမှာလည်း ရှက်တယ်။ တပ်မတော်အရာရှိဖြစ်လို့ လည်း ရှက်တယ်။ သို့သော်လည်း အရင်ကဖြစ်စဉ်တွေ ကြားဖူးပါ လိမ့်မယ်။ ဦးနေ၀င်းလက်ထက် က ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးဝင်းသိန်းတို့၊ အန်ကယ် ဦးဝင်းထိန်တို့ မအောင်မြင်တဲ့ အာဏာသိမ်းမှုတွေ မကျေနပ်ချက် ပေါ် မူတည်ပြီးတော့ ရူးရူးမိုက်မိုက်လုပ်ခဲ့တာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတာ တို့ဘက်မှာ စဉ်းစားစရာတွေ ဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ အခုမေးတဲ့ မေးခွန်း အားလုံးကောင်းပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ ပြည်ထဲရေး ၀န်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ အစွမ်းကုန်လုပ်ပေးမယ်။ ဒီအတွက် အားလုံးက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ။ အစ်ကိုတို့ လိုအပ်ချက်တွေရှိရင်လည်း ၀ိုင်းဝန်းကူညီပေးပါ။ အစ်ကိုတို့ကလည်း အားနဲ့ ပူးပေါင်းဆောင်ရွက်သွား ပါမယ်။ တစ်ယောက်နဲ့ တစ် ယောက်အမုန်းမပွားဘဲ ရှေ့ကို တိုးသွားနိုင်အောင် ကြိုးစားသွား ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


7Day News Journal

No comments:

Post a Comment