Latest News

Thursday, February 16, 2017

ပုဂံတွင် ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းပြီးပါက ပိုလျှံနေသည့် အလှူငွေများကို ပုဂံရှေးဟောင်း အမွေအနှစ်များ ဆက်လက် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေအဖြစ် ထားရှိမည်

ပုဂံတွင် ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းပြီးပါက ပိုလျှံနေသည့် အလှူငွေများကို ပုဂံရှေးဟောင်း အမွေအနှစ်များ ဆက်လက် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေအဖြစ် ထားရှိမည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ငလျင်ဒဏ်သင့်ခံခဲ့ရသော စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး အတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယခုအခါ လိုအပ်သည့် ငွေကြေးပမာဏထက် ပိုလျှံလျက်ရှိပြီး အဆိုပါ အလှူငွေများကို ပုဂံရှေးဟောင်း အမွေအနှစ်များ ဆက်လက် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေအဖြစ်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်သည့် ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲသို့ ရောက်ရှိနေသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

“သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနဲ့ အဖွဲ့တွေက နေပြည်တော်မှာရှိတဲ့ ယဉ်ကျေးမှုဝန်ကြီးရုံးကို ရောက်လာတယ်။ သံရုံးမိသားစုများကနေပြီး ကျပ်ငွေ သိန်းတစ်ထောင် စလှူပါတယ်။ လှူပြီးတော့လည်း ပုဂံဒေသက ပျက်စီးသွားတဲ့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့ အတွက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ငွေအားတင်မကဘဲနဲ့ နည်းပညာအား လိုအပ်ချက်တွေ အားလုံးကို ကူညီပေးပါမယ်ဆိုပြီး ပြောကြားပါတယ်။ အဲဒီနောက် ဒေါ်လာတစ်သန်း ထပ်လှူပါတယ်။ ဒေါ်လာတစ်သန်းလည်း မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ် စာရင်းထဲ ရောက်သွားပါပြီ။ သုံးလို့ရနေပါပြီ။ တစ်ခါ ဒီမနက်ပေါ့ နောက်ထပ် ဒေါ်လာတစ်သန်းလှူဖို့ ရှိသေးတယ် ပြောပါတယ်။ ပြောတော့ ပုဂံမှာ ပျက်စီးသွားတဲ့ ဒီအမွေအနှစ်တွေ ပြုပြင်ဖို့အတွက် ဒေါ်လာကော ပြည်သူ့ငွေကော ဒီအတိုင်းကို ပုဂံပြည်သူတွေရဲ့ငွေနဲ့ လုံလောက်နေပါပြီ၊ နောက်ထပ် ဒေါ်လာတစ်သန်းကို တကယ်တော့ မလိုအပ်ပါဘူး။ လှူချင်တယ် ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှူသင့်ပါတယ်လို့ ပြောတဲ့အခါ သံအမတ်ကြီးက ရယ်ရယ်မောမောနဲ့ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အတွက်ကို ဒေါ်လာနှစ်သန်း လှူဒါန်းထားပြီးပါပြီ။ ပုဂံကို ထပ်လှူမှာ ဖြစ်ပါတယ်။ ထပ်လှူရင်လည်း ဒါလည်း ဗဟိုဘဏ်မှာပဲ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပုဂံဒေသ စေတီပုထိုးတွေအားလုံး ပြင်ပြီးတဲ့အချိန်မှာ ဒေါ်လာကော ကျွန်တော်တို့ သန်းချီကျန်မှာ ကျပ်ငွေလည်း သန်းပေါင်းရာထောင်ချီကျန်မှာ။ ကျန်လို့ရှိရင် အဲဒါတွေကို ပုဂံဒေသ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်း သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းသွားဖို့ ရန်ပုံငွေအဖြစ်နဲ့ ခေတ္တဗဟိုဘဏ်မှာပဲ စာရင်းဖွင့်ပြီးတော့ ထိန်းသိမ်းထားပါမယ်။ သဘာဝဘေးအန္တရာယ် ဆိုတာ နောင်လည်း မကြာခဏ ကြုံတွေ့နိုင်ပါတယ်။ နောက်ပြီးတော့လည်း မကြုံတွေ့သည့်တိုင်အောင်မှ ပုဂံဒေသကို သာသနိက အဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်း လုပ်ငန်းတွေမှာ သုံးဖို့အတွက်ကို ဒီငွေစာရင်းကို ဖွင့်တာဖြစ်ပါတယ်” ဟု ဆိုသည်။  


ကိုနော်


Eleven Media Group

No comments:

Post a Comment