Latest News

Wednesday, February 22, 2017

မြန်မာ တစ်နိုင်ငံလုံးရှိ တံတားဖြတ်သန်းခ ကောက်ခံမှုများ ရပ်ဆိုင်းရန် ဆွေးနွေးနေ

မြန်မာ တစ်နိုင်ငံလုံးရှိ တံတားဖြတ်သန်းခ ကောက်ခံမှုများ ရပ်ဆိုင်းရန် ဆွေးနွေးနေ


လက်ရှိ အစိုးရ လက်ထက်အတွင်း လမ်း၊ တံတားကြေး ကောက်ခံမှုနှင့် စပ်လျဉ်းပြီး ဒုတိယအကြိမ်မြောက် ပြောင်းလဲရန်ရှိရာ မြန်မာတစ်နိုင်ငံလုံးရှိ တံတားဖြတ်သန်းခများ ကောက်ခံမှုများ ရပ်ဆိုင်းရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အမှန်တကယ် ဖြစ်ပေါ်လာပါက တံတား ဖြတ်သန်းခများ ရပ်ဆိုင်းမှုကို လာမည့် ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဌာနတွင်း သတင်းအချက်အလက်များအရ သိရသည်။

အမည်မဖော်လိုသည့် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ ဌာနတွင်း ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အတည်ပြုရမယ့် ကိစ္စတွေကို ဆက်လက် တင်ပြရဦးမှာပါ” ဟု ပြောကြားသည်။

အစိုးရ၏ လိုငွေပြမှုများနှင့်အတူ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ အခွန်အကောက်မှ ရရှိသော ၀င်ငွေဖြင့် တည်ဆောက်မည့် စီမံကိန်းများအတွက် ထိခိုက်ဖွယ် ရှိသည့်အတွက် တံတားကြေးများ ကောက်ခံမှု ရပ်ဆိုင်းရန် စီစဉ်နေမှုအပေါ် အသေအချာ စဉ်စားနေရသည့် ကိစ္စဖြစ်ကြောင်းလည်း အထက်ပါ အမည်မဖော်လိုသူ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

တံတားကြေး ကောက်ခံနေသည့် တံတားများ အပါအ၀င် တံတားအစင်းရေ ၅၀၀ ခန့်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက တည်ဆောက်ထားပြီး ဖြစ်ကြောင်း၊ ယခင် အစိုးရ လက်ထက်က ပြည်ပချေးငွေများဖြင့် တည်ဆောက်ရန် တံတားများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

လမ်း၊ တံတားကြေး ကောက်ခံမှုနှင့် စပ်လျဉ်းပြီး ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် လမ်း၊ တံတားကြေး ကောက်ခံရေးဂိတ် ၃၀၂ ဂိတ် အနက် ၁၆၁ ဂိတ်တွင် ကောက်ခံခြင်း မပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် ကောက်ခံလျက်ရှိသော တစ်နိုင်ငံလုံးရှိ လမ်းတံတားကြေး ကောက်ခံရေး ဂိတ်များအနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြေလျှော့ပေးခဲ့သည့် ဂိတ်အရေအတွက်အရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုးဂိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၂၂ ဂိတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ကိုးဂိတ်၊ မန္တလေးတိုင်းဒေသကြီးတွင် ခြောက်ဂိတ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဂိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၂ ဂိတ်၊ ကယားပြည်နယ်တွင် လေးဂိတ်၊ မွန်ပြည်နယ်တွင် လေးဂိတ်၊ ရခိုင်ပြည်နယ်တွင် ၁၈ ဂိတ်နှင့် ရှမ်းပြည်နယ်တွင် ၂၅ ဂိတ် ဖြစ်သည်။

ပြည်သူကို အခြေပြု ဦးစားပေးရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် သတ်မှတ်ချက်များကို ဦးစားပေးရန်၊ အဟောင်းပြင် လုပ်ငန်းများ Building Back Better Policy ဖြင့် ဆောင်ရွက်ရန်၊ လမ်းတံတား ကဏ္ဍကို တိုးမြင့်အောင် ဆောင်ရွက်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ လမ်း၊ တံတား အသုံးပြုခများ ကောက်ခံရာတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ BOT စနစ်ဖြင့် လုပ်ကိုင်သော ပုဂ္ဂလိက လုပ်ငန်းတို့က ဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်း၊ တံတားကြေး ကောက်ခံနေသည့် ဂိတ်ပေါင်း ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

Writer:
အောင်ရဲကို

=============

Eleven Media Group

No comments:

Post a Comment