တောင်ကြီး အဆင်းလမ်း အင်ကြင်းတောင်ခြေ ကျူးကျော်အိမ်များကို သုံးပတ်အတွင်း ရှင်းလင်းမည်ဟု ဆို
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တောင်အဆင်းလမ်း အေးသာယာရပ်ကွက် (၁)၊ အင်ကြင်းတောင်ခြေ၊ ကံသစ်ကျောင်း အနီးနားရှိ တိုးပွားလာသော ကျူးကျော်အိမ်များကို သုံးပတ်အတွင်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
တောင်ကြီး အဆင်းလမ်း အင်ကြင်းတောင်ခြေတွင် စိုက်ပျိုးရေးခြံ၊ နဂါးရေထွက်နားတွင် ယခင်က သစ်တောမြေနေရာ အဖြစ်မှ ပယ်ဖျက်လိုက်ပြီး အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခု အချိန်တွင် ကျူးကျော်အိမ်များ တစ်စထက်တစ်စ ပိုမို များပြားလာသဖြင့် ဖယ်ရှားနိုင်ရန် ရှမ်းပြည်နယ် အစိုးရမှ ညွှန်ကြားချက်အရ တောင်ကြီးခရိုင်နှင့် တောင်ကြီးမြို့နယ်တွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တားမြစ်စာများ ထုတ်ပြန်ထားကာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျူးကျော်စာရင်း ကောက်ခံရာ အိမ်ခြေ ၈၃ အိမ်ရှိပြီး ဆက်လက်တည်ဆောက်ရန် အကွက်ဖော်ထားသည်မှာ အကွက် ၃၀ ရှိကြောင်း စာရင်းအရ သိရသည်။
အဆိုပါ ကျူးကျော်အိမ်ရာများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် နို့တစ်စာ ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ ၂၁ ရက်အတွင်း ဖယ်ရှားပေးပါရန် အသိပေးမည်ဖြစ်ကြောင်း၊ ဖယ်ရှားခြင်း မရှိပါက ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ပြောကြားသည်။
“မနေ့က စာရင်းကောက်တာ အိမ်ခြေ ၈၃ လုံး၊ ထပ်မံတည်ဆောက်ဖို့ အိမ်ခြေ ၃၀ ကျော် တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ အစည်းအဝေးပွဲလုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းမြေနှင့် အခွန်စည်ပင် ဥပဒေအရ ပထမဆုံး နို့တစ်စာ ထုတ်ပါမယ်။ သတ်မှတ်ကာလ ပေးပါမယ်။ သတ်မှတ်ကာလအတွင်း မဖယ်ရှားဘူးဆိုရင် ခရိုင်ကော်လိတော် အရာရှိ အာဏာနဲ့ ဥပဒေပုဒ်မ ၂၅၊ (၆၉)-၂ အရ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့စုံတို့ဖြင့် အမှတ် (၁) ရပ်ကွက်၊ ကံသစ်ကျောင်း အရှေ့မြောက်ဘက်ရှိ ဘုရားတောင်နှင့် လျှိုရေချောင်းကြားရှိ ပလပ်မြေအတွင်း အစိုးရမြေ မကျူးကျော်ရ ဆိုင်းဘုတ်ကို စိုက်ထူတားမြစ်ထားပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်ရှိ အခြေအနေကို အိမ်ခြေစာရင်း ကောက်ခံလျက်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ ဖေဖော်ဝါရီ ၂၃ တွင် နို့တစ်စာ ထုတ်ပြန်တော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
ဥပဒေအရ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးမှ အတည်ပြု ညွှန်ကြားစာ ထုတ်ပေးရမည်ဖြစ်ပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ သဘောတူလျှင် နည်းဥပဒေ ၆၉ (၁) အရ ယင်းပုဂ္ဂိုလ်အား သင့်တင့်လျောက်ပတ်သော အချိန်ပေးပြီး (L.R) ပုံစံကို ဆီလျော်အောင် အသုံးပြု၍ မြေပေါ်မှ ဖယ်ရှားနိုင်ရန် နို့တစ်ထုတ်ရမည်ဖြစ်ပြီး ယင်းနို့တစ်ကို ယင်းပုဂ္ဂိုလ်အား သွားရောက်ပေးခြင်းဖြင့် အတည်ပြုရမည်။ မဖယ်ရှားပါလျှင် ခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်ဟု ပါရှိသည်။
Writer:
စည်သာ (တောင်ကြီး)
=============
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment