Latest News

Saturday, February 11, 2017

လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်၏ ကြိုးပမ်းချက်များနှင့် ပင်လုံစာချုပ်

လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်၏ ကြိုးပမ်းချက်များနှင့် ပင်လုံစာချုပ်



(၁) လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှာ အနှစ် (၇၀)မြောက် ပြည်တောင်စုနေ့ဖြစ်သည်။ ဗိုလ်ချုပ်ကို သတိရ၍ ဤဆောင်းပါးကို ရေးပါသည်။ ၁၉၄၆ ခု ဖဆပလ ပဏာမ ညီလာခံတွင် ဗိုလ်ချုပ် ဤသို့ပြောခဲ့သည်။

“ဗမာပြည်သစ်ကို ထူထောင်ရင် ပြည်ထောင်စု သဘောထူထောင်မလား၊ လူမျိုးကြီး တစ်မျိုးတည်းပါဆိုတဲ့ တိုင်းပြည် Unitary State ကို ထူထောင်မလား၊ ဒီမေးခွန်းတွေကို ဖြေရှင်းဖို့လိုတယ်။ လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို စည်းကမ်းသတ်မှတ် ပေးပြီးတော့ Unitary State ဆိုတဲ့ တိုင်းနိုင်ငံမျိုး ထူထောင်လို့တော့ မဖြစ်ဘူး။ လီနင် ပြောသလို တစ်စိတ်တစ်ဒေသက ဒေသကြီး တစ်ခုလုံးကို ဆန့်ကျင်တဲ့ The Part Contradicting the Whole ပြည်ထောင်စုမျိုး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုကို ပေါင်းစုပြီး စနစ်တကျ တည်ထောင်ထားတဲ့ ပြည်ထောင်စုဖြစ်ရမယ်။ ဒါမှသာ အားလုံးရဲ့ တိုးတက်မှုကို လုပ်နိုင်မှာဖြစ်တယ်။ ပေါင်းတယ်ဆိုတာ ကောင်းကျိုးရှိအောင် ပေါင်းကြတာ၊ ဆိုးကျိုးတောင် မဖြစ်စေရဘူး” ဟု မိန့်မှာခဲ့ပါသည်။

သို့အတွက် ဗိုလ်ချုပ်ရချင်သည်မှာ Unitary State မဟုတ်၊ ပြည်ထောင်စုသား အာလုံးပါဝင်တဲ့ Federal State သာဖြစ်ကြောင်း ထင်ရှားပါသည်။ ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်တဲ့အခါ ဗဟိုအစိုးရက ထိန်းချုပ်တဲ့ ကွန်ဖက်ဒရေးရှင်းနိုင်ငံများနှင့် Federal လုပ်ထားတဲ့ နိုင်ငံများဆိုပြီး နှစ်မျိုးနှစ်စား တွေ့ရတယ်။ သက်တမ်းအရင့်ဆုံး ဖက်ဒရယ်နိုင်ငံများကို ထုတ်ပြပါဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ ဆွတ်ဇာလန်နိုင်ငံများကို ပြရမည်။ ထိုနိုင်ငံများသည် မူလက ကွန်ဖက်ဒရေးရှင်း နိုင်ငံများဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုများဖြင့် အင်အားချို့တဲ့သွားခဲ့ပြီး နောင်အခါ တဖြည်းဖြည်းချင်း ပြင်ဆင်လုပ်ကိုင်မှ ယခုအခါ ဖက်ဒရယ်နိုင်ငံများ ဖြစ်သွားလေတော့သည်။

တစ်ပြည်ထောင်စနစ် ဆိုသော်လည်း အချို့နိုင်ငံများမှာ အလွန်တရာ ခိုင်မာကြ၏။ ဥပမာ ဂျပန်၊ အီတလီ၊ ကိုလံဘီယာတို့လိုမျိုး ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ရာ ခေါင်းဆောင်များ အရည်အချင်း ရှိဖို့လိုသည်။ နောက်လိုက်များကလည်း နိုင်ငံရေး အသိစိတ် အပြည့်အ၀ ရှိရသည်။ အစိတ်အပိုင်းများစွာ ရှိနေသောနိုင်ငံတွင် တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ခေါင်းဆောင်များက အထူးကြိုးပမ်းရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ကိုသာကြည့်ပါ။ သူ့ခမျာဦးစွာ လွတ်လပ်ရေးရဖို့ ညီညွတ်ဖို့ ဟောပြောစည်းရုံးရ၏။ ၁၉၄၇ ခုနှစ် ရခိုင်ပြည်သွားတုန်းက-

“မညီညွတ်ရင် လွတ်လပ်ရေး မရနိုင်ဘူး။ လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့လိုတယ်၊ လွတ်လပ်ရေးရအောင် တောင်းယူလို့မရ၊ တိုက်ယူမှရမယ်။ ဒါပေမဲ့ လွတ်လပ်ရေးရအောင် လုပ်နည်းလုပ်ဟန်က လိုသေးတယ်။ သူပုန်သူပုန် ထထအော်နေရုံနဲ့ လွတ်လပ်ရေး မရနိုင်ဘူး။ တကယ်တမ်း နားလည်ပြီး လုပ်ကြရင် တစ်နှစ်အတွင်း လွတ်လပ်ရေး ရနိုင်တယ်၊ လွတ်လပ်ရေးရဖို့ တိုင်းရင်းသားတွေ စည်းလုံးကြရမယ်။ တိုင်းပြည်မှာ လွတ်လပ်ရေးဟာ အဓိက လုပ်ငန်းပဲ။ လွတ်လပ်ရေးအတွက် ညီညွတ်ရေးနဲ့ ထူထောင်ရေးကို အခြေခံထားပြီး ဆောင်ရွက်ဖို့လိုတယ်။ ရာထူးဝေစားရုံလုပ်တဲ့ လွတ်လပ်ရေးမျိုး ရွေးကောက်ပွဲချိန်နီးလို့ ဥာဏ်ဆင်တဲ့ လွတ်လပ်ရေးမျိုး ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး” ဟု ရှင်းရှင်းပင် ပြောခဲ့သည်။

(၂) လွတ်လပ်ရေး အကြိုကာလတွင် ဗိုလ်ချုပ်တို့အဖွဲ့ တောင်တန်း/ မြေပြန့်ခြေဆန့် သွားလာစည်းရုံးသည်။ ၁၉၄၆ ခုနှစ် ဖဆပလ ပြုလုပ်သော ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံ၌-

- အင်္ဂလိပ်တွေ ဗမာပြည်ကို သိမ်းစဉ်က ရှမ်းပြည်ကိုပါ တစ်ခါတည်း သိမ်းခဲ့ကြောင်း၊ သို့အတွက် ဗမာကို လွတ်လပ်ရေးပေးရင် ရှမ်းပြည်ကိုလည်း ပေးရမယ်။

- ဗမာပြည်နှင့် ရှမ်းပြည်လွတ်လပ်ရေးဟာ ရှမ်း/ဗမာများနဲ့ ဆိုင်တယ်။ ရှမ်း/ဗမာတွေ ဆွေးနွေးရမယ်။ ကြားက ဘယ်သူမှဝင်မပါနဲ့။

- ရှမ်းခေါင်းဆောင်များနဲ့ ဗမာခေါင်းဆောင်များ ဆွေးနွေးမရအောင် လုပ်ထားတာတွေ ဖျက်သိမ်း။

၁၉၄၆ ခု နှစ်ဦးပိုင်းက ရှမ်းပြည် ပင်လုံ၌ ပထမအကြိမ် စော်ဘွားများ ညီလာခံပြုလုပ်၍ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဂျမ်း၊ ဦးနု၊ မန်းဘခိုင်တို့ တက်ရောက် ဆွေးနွေးခဲ့၏။ ထို့နောက် ဗိုလ်ချုပ် ဘိလပ်ထွက်သွားပြီး အက်တလီနှင့် ဆွေးနွေးဖြစ်သည်။ ထိုစဉ်ဗိုလ်ချုပ်ဟာ တိုင်းရင်းသားအားလုံးရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးလို့ ကြေးနန်းပို့ခဲ့သည်။ သို့အတွက် ချင်း၊ ကချင်၊ ကရင်၊ ကယားတွေ စုပေါင်းပြီး-

(၁) ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများအရ ဗမာကို လွတ်လပ်ရေးပေးလျှင် အခြားတိုင်းရင်းသားများကိုပါပေး။

(၂) ရှမ်း၊ ကချင်၊ ကရင်၊ ကယား တိုင်းရင်းသားများ ဗမာနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်။

(၃) တိုင်းရင်းသားအားလုံးသည် နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကာကွယ်ရေးကိစ္စရပ်တွင် ဗမာနှင့် ပူးပေါင်းလုပ်ကိုင်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများ၏ ကိုယ်စားလှယ်ဖြစ်သည်ဟု စော်ဘွားကြီး စောခွန်ပန်းစိန်က ဘိလပ်သို့ ကြေးနန်းရိုက်ခဲ့သည်။

သို့ကြောင့် ၂၇-၁-၁၉၄၇ တွင် အောင်ဆန်းအက်တလီစာချုပ် လက်မှတ်ထိုးနိုင်ခဲ့သည်။ ထိုစာချုပ်မှာ ဗမာလွတ်လပ်ရေး၏ အဦးအစပင်ဖြစ်၏။ ဗိုလ်ချုပ်ဗမာပြည် ပြန်ရောက်တော့ တောင်ပေါ်တက်ပြီး ဖေဖော်ဝါရီ  ညီလာခံတွင် အောက်ပါလုပ်ငန်းစဉ်များကို ချပြခဲ့၏။

- ဘိလပ်တွင် အကျေအလည် ဆွေးနွေးနိုင်ခဲ့သဖြင့် ဗမာပြည် လွတ်လပ်ရေးရတော့မည်၊ သို့တစေ တောင်တန်းသားများ ကိစ္စက ကျန်နေသေးသည်။

- ဗမာကို လွတ်လပ်ရေးပေးပြီး တောင်တန်းကို ချန်ထားရင် လွတ်လပ်ရေး အစစ်အမှန်ဟု မခေါ်နိုင်။ တောင်တန်း၊ မြေပြန့်တစ်ပြေးညီ လွတ်လပ်ရေးပေးရမည်။

- တောင်တန်းဒေသကို လွတ်လပ်ရေး မပေးရင် ဗိုလ်ချုပ်လက်မခံနိုင်ပါ။ တောင်တန်းအဖွဲ့ကလည်း ဗြိတိသျှလက်အောက်မှာ မနေချင်ပါ။

- အင်္ဂလိပ်များ ဗမာပြည်ကို ကြာရှည်စွာ မအုပ်ချုပ်သင့်၊ ကမ္ဘာ့အခြေအနေအရ တောင်တန်းဒေသကိုပါ လွတ်လပ်ရေးပေးရမည်ဟု ဗိုလ်ချုပ်ပြောခဲ့သည်။

(၃) သို့နှင့် လွတ်လပ်ရေး အကြိုကာလ ၁၂-၂-၁၉၄၇ ရက်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးရာ အောက်ပါအချက်များ ပါဝင်သည်။ ပါဝင်သည့် အချက်ကိုးချက်-

(၁) တောင်တန်းသားများအတွက် ဘုရင်ခံက ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပေးပြီး နယ်စပ်အုပ်ချုပ်ရေးကို ဆောင်ရွက်ရမည်။

(၂) ဘုရင်ခံ၏ အတိုင်ပင်ခံ ကိုယ်စားလှယ်သည် အမှုဆောင်ကောင်စီ၌ ဌာနလက်ကိုင်မရှိ ကောင်စီဝင်ဖြစ်၏။

(၃) ထိုအတိုင်ပင်ခံပုဂ္ဂိုလ်အား လူမျိုးမတူသူ အခြားပုဂ္ဂိုလ်နှစ်ဦးက ကူညီဆောင်ရွက်ရမည်။

(၄) အတိုင်ပင်ခံမှာ အမှုဆောင်ကောင်စီ၏ အဖွဲ့ဝင်လူကြီးဖြစ်သည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်မအားလျှင် တစ်ခါတစ်ရံ ဒုတိယအတိုင်ပင်ခံက ကောင်စီ အစည်းအဝေး တက်နိုင်သည်။

(၅) နယ်စပ်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရာနှုန်းပြည့်ပေးရမည်။

(၆) နယ်နိမိတ် ပြသနာရှိလာလျှင် တိုင်းပြည်တိုင်းပြု လွှတ်တော်က ဆုံးဖြတ်ရမည်။ မြစ်ကြီးနား၊ ဗန်းမော်အထက်ပိုင်း နယ်မြေအုပ်ချုပ်ရေးကို အတိုင်ပင်ခံများနှင့် ညှိနှိုင်း လုပ်ဆောင်ရမည်။

(၇) နယ်စပ်ဒေသ၌ တိုင်းရင်းသားအားလုံး ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ ရှိရမည်။

(၈) ဤစာချုပ်ပါ အချက်အလက်များသည် ရှမ်းပြည်အတွက် ပေးထားသော ဘဏ္ဍာရေး အာဏာများကို မထိခိုက်စေရေး။

(၉) ဗမာပြည်အတွက် အခွန်ကောက်လျှင် ရှမ်း၊ ကချင်၊ ကရင်၊ ကယားတိုင်းရင်းသားများအား ပေးထားသော ဘဏ္ဍာရေး အာဏာများကို မထိခိုက်စေရေးဟူ၍ ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်။

မှီငြမ်း - ဦးဖေခင်၏ ပင်လုံမှတ်တမ်း


Sources : Eleven Media Group

No comments:

Post a Comment