Latest News

Saturday, February 11, 2017

ကာလုံ ခေါ်ယူရန် မရှိသေးဟု သမ္မတရုံးဆို

ကာလုံ ခေါ်ယူရန် မရှိသေးဟု သမ္မတရုံးဆို

ဖေဖော်ဝါရီ ၁၂

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို လတ်တလောတွင် ခေါ်ယူကျင်းပရန် မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၀ ရက်)က ကာလုံအစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်ဟု ထွက်ပေါ်လာခဲ့သည့် သတင်းနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက “ကာလုံ အစည်းအဝေး ကျင်းပခြင်း မရှိခဲ့ဘူး။ ဘယ်အချိန် ကျင်းပမယ် ဆိုတာလည်း မသိပါဘူး။ မနေ့က ကျင်းပတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု မရှိဘူး”ဟု ဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံဥပဒေအရ ပုဒ်မ ၂၀၁ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အပါအဝင် ၁၁ ဦးနှင့် ဖွဲ့စည်းထားသည်။

ကာလုံ အစည်းအဝေး ခေါ်ယူကျင်းပမည်ဆိုသည့်သတင်း ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး “ကာလုံအစည်းအဝေး ကျင်းပခဲ့တယ်လို့ ကျွန်တော် မကြားဘူး”ဟု NLD မှ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကလည်း ပြောဆိုသည်။

နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများ၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် နိုင်ငံတော်၏ စီးပွားရေး လူမှုရေး ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၅ ပါတီက ကာလုံခေါ်ယူရန် ဇန်နဝါရီလက NLD အစိုးရထံ သဘောထားပေးပို့ခဲ့သည်။

အလားတူ နိုင်ငံတော်၏ အကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံတော် သမ္မတ အပါအဝင် NLD အစိုးရက ကာလုံ အစည်းအဝေး ခေါ်ယူ၍ ရခိုင်ပြည်နယ်၌ ပြဿနာ ကြီးထွားလျက်ရှိသော ဘင်္ဂါလီ ကိစ္စ အပါအဝင် လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရန် ကာလုံ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူသင့်ကြောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီလအတွင်း၌ ရန်ကုန်မြို့ သံလွင်လမ်းရှိ ကြံ့ခိုင်ရေးပါတီရုံး၌ ပြုလုပ်သော နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။

“နိုင်ငံတော်ရဲ့ အကျပ်အတည်းတွေကို ကာလုံ အစည်းအဝေးကသာ ဖြေရှင်းနိုင်မှာပါ။ အခြားနည်းလမ်းနဲ့ မဖြေရှင်းနိုင်ဘူး”ဟု ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် သီးသန့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

“နိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာကို ထိခိုက်လာတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုဖြစ်စဉ်တွေက ယနေ့အထိ တည်ငြိမ်ခြင်း မရှိသေးဘူး။ အစိုးရအနေနဲ့ နိုင်ငံရဲ့အဓိက မဏ္ဍိုင်ဖြစ်တဲ့ ကာလုံ အစည်းအဝေးက ဆုံးဖြတ်ပြီး ဖြေရှင်းသင့်တယ်”ဟု ဦးထွန်းအောင်ကျော်က မှတ်ချက်ပြုသည်။

Sources : The voice

No comments:

Post a Comment