ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်လကျော်သည်အထိ ထူးခြားမှုမရှိ၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုအခြေအနေအား ရှင်းလင်းပေးရန် ၎င်း၏ဇနီး တောင်းဆို
Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်လကျော်ကြာသည်အထိ အမှုနှင့်ပတ်သက်၍ တစ်စုံတရာ ထူးခြားမှုမရှိ၍ ရဲတပ်ဖွဲ့အနေဖြင့် အမူအခြေအနေ အားရှင်းလင်းပေးရန် ကိုစိုးမိုးထွန်း၏ဇနီးဖြစ်သူက တောင်းဆိုလိုက်သည်။
“ကိုစိုးမိုးထွန်းအသတ်ခံရတာ နှစ်လကျော်ကြာပြီ။ အမှုမှန် အခုထိ မပေါ်သေးဘူး။ အမှုကိုစစ်နေတဲ့ အမှုစစ်အဖွဲ့တွေ နေရာချိန်းလိုက်ပြီလို့လည်း ဒီလ ၁၉ ရက်ကသတင်းတွေ ကြားရတယ်။ ဘာလို့ အဲဒီလိုချိန်းသလဲဆိုတာ နားမလည်ဘူး။ ကျွန်မသိတဲ့ ရဲအရာရှိ တစ်ယောက်ဆို နယ်ပြောင်းသွားပြီ။ အမှုနဲ့ ပတ်သက်ပြီးလည်း ဘာမှထူးထူးခြားခြား ဖြစ်မလာဘူး။ ဒီအတိုင်းဆိုအမှုမှန်ပေါ်ဖို့ အချိန်တွေ ကြာလာတော့မယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ဒီအတိုင်းဇာတ်မျောဖြစ်သွားမှာကို မလိုလားဘူး။ ရဲတပ်ဖွဲ့အနေနဲ့ ရမန်ယူပြီး ဖမ်းဆီးစစ်ဆေးထားတဲ့ သူတွေကိုလည်း လွှတ်ပေးလိုက်ပြီ။ ဘာတွေဆက်လုပ်မလဲဆိုတာ ဒီနေ့အထိ မသိရဘူး။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီနှစ်လအတွင်း ဒီအမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ထားတာတွေကို အများပြည်သူသိအောင် ရှင်းလင်းပေးစေလိုပါတယ်” ဟု ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မခင်ချိုလတ်က ပြောကြားသည်။
ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ်ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးတွင် ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး(လူသတ်မှု) အမှတ်စဉ် ၁၀/ ၂၀၁၆ (ပ)၁၅၆၄/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အမှုအခြေနှင့် ပတ်သတ်၍ မုံရွာမြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ ခေတ္တစခန်းမှူး ဒုရဲမှူးတင်ယုက “အမှုကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်။ အရင်အမှုစစ် IO ကို နေရာပြောင်းပြီး သူ့နေရာကို ကျွန်တော်က တာဝန်ယူရမှာပါ။ အခုထိတော့ အမှုတွဲကို တရားဝင်လွှဲပြောင်းယူထားခြင်း မရှိသေးပါဘူး။ အခုလောလောဆယ် အမှုနဲ့ပတ်သက်တဲ့ MPT Ooredoo ၊ ကဖုန်း Call log တွေရပြီ၊ နက်ဖြန် Telenor က ထပ်ရမယ်။ အဲဒါတွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်သွားမှာပါ” ဟု ပြောကြားသည်။
ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ချုပ်ရမန်ဖြင့် ဖမ်းဆီးစစ်ဆေးထားသော KTV မန်နေဂျာ၊ KTV ဆိုင်ဝန်ထမ်းနှင့် သစ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးတို့အား အမှုနှင့်သတ်ဆိုင်ခြင်း မရှိသဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး သက်သေခံ ပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်း ရှိ မရှိကို အမှုတွဲကို တရားဝင် လွှဲပြောင်းရယူထားရသေးခြင်း မရှိသောကြောင့် မပြောနိုင်သေးကြောင်း မုံရွာမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးက ပြောကြားသည်။
အမှုနှင့်ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း အဆိုပါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စုံစမ်းရေးအဖွဲ့၊ စစ်ကြောရေးအဖွဲ့ အစရှိသည့် အဖွဲ့များဖြင့် ဖွဲ့စည်းလုပ်ဆောင်လျက်ရှိကြောင်း သိရပြီး အဆိုပါအဖွဲ့များတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ CID၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ရန်ပိုင်
Eleven Media Group
Monday, February 27, 2017
ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်လကျော်သည်အထိ ထူးခြားမှုမရှိ၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုအခြေအနေအား ရှင်းလင်းပေးရန် ၎င်း၏ဇနီး တောင်းဆို
ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု နှစ်လကျော်သည်အထိ ထူးခြားမှုမရှိ၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုအခြေအနေအား ရှင်းလင်းပေးရန် ၎င်း၏ဇနီး တောင်းဆို
Reviewed by Ar Ti
on
10:39 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment