Latest News

Monday, February 27, 2017

ကမ္ဘာ့ရွှေဈေးအတက်၊ အထူးကုန်စည်ခွန်ဂယက်နဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ရွှေဈေး ကျပ်ကိုးသိန်းကျော်မှာ ဆက်ရှိနေမလား

ကမ္ဘာ့ရွှေဈေးအတက်၊ အထူးကုန်စည်ခွန်ဂယက်နဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ရွှေဈေး ကျပ်ကိုးသိန်းကျော်မှာ ဆက်ရှိနေမလား



ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် ၉၀၂၄၀၀  အထိမြင့်တက်ခဲ့ပါတယ်။ ဒီဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ ဖြစ်ခဲ့တဲ့ ကျပ် ၉၀၀၅၀၀ နှုန်းကို ကျော်ဖြတ်ခဲ့သလို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်မှာဖြစ်ခဲ့တဲ့ ကျပ် ၉၀၃၅၀၀ နှုန်းကိုမီဖို့ နည်းနည်းလေးပဲလိုတော့တာ ဖြစ်ပါတယ်။ ၂၀၁၆ နှစ်စနဲ့နှစ် လယ်ပိုင်းမှာ ရွှေဈေးကျပ် ၈၀၀၀၀၀ အောက်နဲ့အထက် အကြိမ်ကြိမ် အတက်အကျဖြစ်ခဲ့ပြီး ကျပ်ကိုးသိန်းကျော် စံချိန်ရောက်ခဲ့သလို ၂၀၁၇ မှာလည်း နှစ်လတာအတွင်း ကျပ် ၉၀၀၀၀၀ ကျော်စံချိန်ကို နှစ်ခါအထိ ပြလာတာပါ။  အတက်အကျမြန်နေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ အမြင့်တန်းရောက်နေတဲ့ ဒေါ်လာဈေးက ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းကျော်ကို ဆွဲတင်နေသလို တစ်ဖက်မှာလည်း အထူးကုန်စည်ခွန် ၁ ရာခိုင်နှုန်းက ဧပြီ ၁ ရက်မှာ စောင့်ကြိုနေတာကြောင့် မြန်မာ့ရွှေဈေး ဘာလဲဘယ် လဲဆိုတာမေးချင်စရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရွှေဈေးနှုန်းအပေါ် သက်ရောက်မှုရှိနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဓိကအနေနဲ့ မြန်မာရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း၊ ပြည်တွင်းငွေလဲနှုန်း၊ ဈေးကွက်အတွင်း ရွှေတည်ရှိမှုပမာဏ၊ ပြည်တွင်းသုံး ကျပ်ငွေလည်ပတ်မှု အနေအထား၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုထိစပ်နေတဲ့ နယ်စပ်ဒေသတွေနဲ့ ငွေလဲနှုန်းထားတွေ (ဥပမာ - ယွမ်၊ ဘတ်)၊ ပြည်တွင်းရွှေ ၀ယ်ရောင်းလုပ်သူတွေရဲ့ အခြေအနေ၊ ပြည်တွင်းမှာ ပြောင်းလဲနေတဲ့ သတင်းအချက်အလက်တွေနဲ့  ကောလာဟလတွေ စတာတွေအပေါ် အခြေခံပြီး ပြောင်းလဲနေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းက ပြည်တွင်းရွှေဈေးကွက်မှာ သက်ရောက်မှု အများဆုံး ဖြစ်ပါတယ်။


တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ဈေးကကိုးသိန်းကျော် သွားပြန်ပါပြီ။ အရင်စံချိန် နီးပါးပဲပေါ့။ ထုံးစံအတိုင်း ဈေးတက်ရင် ၀ယ်သူပါးတယ်။ ပြန်ရောင်းတာကတော့ ရှိပေမယ့် အရင်ကထက် နည်းပါတယ်။ အဓိက, ကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ပါ။ ဒေါ်လာကလည်း ဈေးမကျသေးတော့ ကိုးသိန်းကျော် စံချိန်ကို ပြန်ရောက်သွားတာပါ။ ဈေးကတော့ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေး အလှည့်အပြောင်းမှာ အတက်အကျ ဖြစ်နေဦးမှာပါ။ အထူးကုန်စည်ခွန် ၁ ရာခိုင်နှုန်းကိစ္စကတော့ အခုအချိန်မှာ မသက်ရောက်သေးပါဘူး။ ဧပြီ ၁ ရက်ကို စောင့်ကြည့်ရမှာပေါ့နော်။ ဈေးကွက်အခြေအနေကတော့ မှန်းရခက်ပါသေးတယ်။ အရင်က ရွှေဝယ်ရင် အခွန်မဆောင်ရပေမယ့် အခုဆောင်ရတော့မှာ ဖြစ်တာကြောင့် အကျင့်ဖြစ်အောင် အချိန်တော့လိုမှာပါ” လို့ ပြောကြားပါတယ်။

၂၀၁၆၊ ၂၀၁၇ နှစ်နှစ်ဆက် တိုက်ကမ္ဘာ့ရွှေဈေး ကမောက်ကမဖြစ်မှုကို ပြန်ကြည့်ရင် ၂၀၁၆ ခုနှစ် ထဲမှာဖြစ်ပေါ်ခဲ့တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်နဲ့ နိုဝင်ဘာလထဲမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲတို့က အဓိကကျပါတယ်။ Brexit အရေးမတိုင်မီက အမြင့်ဈေးမှာရှိနေတဲ့ ကမ္ဘာ့ရွှေဈေး (တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၀ - ၁၂၉၀ ကြား) ဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ထွက်ခွာဖို့ ဆုံးဖြတ်တဲ့ ဇွန် ၂၄ ရက်မှာ တစ်အောင်စကို ၁၃၂၁ ဒေါ်လာအထိ မြင့်တက်သွားပါတယ်။ ဇွန် ၂၃ ရက်ညနေမှာ ၁၂၆၈ ပဲရှိရာကနေ ဒေါ်လာ ၅၀ ကျော်မြင့် တက်သွားတာဖြစ်ပြီး မြန်မာဈေးကွက်မှာလည်း ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်က ရွှေတစ်ကျပ်သား ၇၉၉၀၀၀ ရှိရာကနေ ဇွန် ၂၄ ရက်နံနက်ပိုင်းမှာ ကျပ်  ၈၁၄၀၀၀  အထိ ခုန်တက်ခဲ့တာပါ။

ဗြိတိန်အရေးဖြစ်တဲ့ Brexit ကြောင့် ကမ္ဘာ့ဈေးကွက်၊ အာရှဈေးကွက်မှာရှိတဲ့ အရေးပါတဲ့ ကုန်စည်ဈေးနှုန်းတွေ၊ စတော့ဈေးနှုန်း၊ ရွှေဈေးနှုန်း၊ နိုင်ငံတကာ ငွေလဲနှုန်းစတာတွေ ကမောက်ကမဖြစ်ကုန်ပြီး မြန်မာဈေးကွက်မှာတော့ ရွှေဈေးနှုန်း မြင့်တက်မှုကပဲ အသိသာဆုံး ရိုက်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဇွန် ၂၄ ရက်နောက်ပိုင်းကနေ ဇူလိုင် ၁၂ ရက်နံနက်ပိုင်းအထိ မြန်မာဈေးကွက်မှာ ရွှေဈေးနှုန်းက ကမ္ဘာ့ဈေးကွက်အတိုင်း ဆက်တိုက်မြင့်တက်ခဲ့တာကို တွေ့ရပြီး အချိန်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန် ၂၇ ရက်မှာ ကျပ် ၈၂၂၀၀၀ (ကမ္ဘာ့ဈေး ၁၃၃၀ ဒေါ်လာ) ရှိလာတဲ့ ရွှေဈေးနှုန်းဟာ ဇူလိုင် ၂ ရက်မှာ ၈၂၆၀၀၀ ကျပ် (ကမ္ဘာ့ဈေး ၁၃၄၀ ဒသမ ၅၀) အထိ ရှိလာခဲ့ပါတယ်။ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းမှာတော့ နှစ်နှစ်ကျော်အတွင်း  စံချိန်တင်ကမ္ဘာ့ဈေးအဖြစ် ၁၃၇၀ ဒသမ ၇၀ အထိရှိလာပြီး အဲဒီအချိန် မြန်မာရွှေဈေးကွက်မှာ ကျပ် ၈၃၆၀၀၀ ဈေးပေါက်ခဲ့တာပါ။ Brexit အရေးနောက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်းဟာ သြဂုတ် ၂၄ ရက်အထိ ဒေါ်လာ ၁၃၃၀ ကျော်မှာ ရှိခဲ့ပြီး  စက်တင်ဘာလလယ်ပိုင်းမှာ ဒေါ်လာ ၁၃၅၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ စက်တင်ဘာလ လယ်ကနေ အောက်တိုဘာလဆန်းအထိ ကမ္ဘာ့ရွှေဈေး တအိအိ ပြန်ဆင်းခဲ့ရာ အောက်တိုဘာ ၄ ရက်မှာ ၁၃၀၇ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး အောက်တိုဘာ ၅ ရက်မှာ ဒေါ်လာ ၁၂၇၀ အထိ ထိုးဆင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေ အောက်တိုဘာ လကုန်ပိုင်းအထိ ဒေါ်လာ ၁၂၅၀ - ၁၂၇၅ ကြားဝန်းကျင် ဖြစ်နေရာမှ အမေရိကန်ရွေးကောက်ပွဲကာလ ရောက်ချိန်မှာ ဒေါ်လာ ၁၃၃၀ ကျော်အထိ ပြန်တက်ခဲ့ပါတယ်။

ဇွန်လကုန်ပိုင်းကစပြီး လအလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနှုန်းတွေအနေနဲ့ ဇူလိုင်မှာ ကျပ် ၈၄၉၀၀၀ ကျော်၊ သြဂုတ်မှာ ကျပ် ၈၇၃၀၀၀ ကျော်၊ စက်တင်ဘာမှာ ကျပ် ၈၉၆၀၀၀ ကျော်၊ အောက်တိုဘာမှာ ကျပ် ၉၀၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်မှာ ပြည်တွင်းဈေးကွက်အတွက် စံချိန်တင် ရွှေဈေးနှုန်းအဖြစ် ကျပ် ၉၀၃၅၀၀ အထိ မြင့်တက်ခဲ့ပြီး အဲဒီရက်မှာ ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၁၁ ဒေါ်လာဝန်းကျင်ရှိကာ ဒေါ်လာလဲနှုန်း ၁၂၈၈ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲ ပြီးနောက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာပေမယ့် နိုင်ငံခြား ငွေလဲနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းက သိသိသာသာ ကျဆင်းမှုမရှိဘဲ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်းမှာ ကျပ် ၈၅၀၀၀၀ နဲ့ ၈၇၀၀၀၀ ကြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန်လကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အီးယူကနေ ဗြိတိန်ခွဲထွက်ဖို့ ဆုံးဖြတ်ချိန်နောက်ပိုင်းကတည်းက အတက်အကျများခဲ့တဲ့ ရွှေဈေးနှုန်းဟာ အမေရိကန်ရွေးကောက်ပွဲကာလ တစ်လျှောက်လုံးမှာလည်း အလှုပ်အခတ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ဟီလာရီကလင်တန်နိုင်ရင် ဒေါ်လာဈေးတက်မယ်။ ဒေါ်နယ်ထရန့် နိုင်ရင် ရွှေဈေးတက်မယ်လို့ ရွေးကောက်ပွဲမတိုင်မီမှာ ခန့်မှန်းခဲ့ကြပေမယ့် ရလဒ်ထွက်ပေါ်ချိန်မှာတော့ ရွှေဈေးထိုးဆင်းသွားပြီး ဒေါ်လာဈေးတက်ခဲ့တာပါ။ နိုဝင်ဘာ ၈ ရက်ညပိုင်းမှာ တစ်အောင်စ ၁၂၆၉ ဒေါ်လာအထိ ကျဆင်းခဲ့တဲ့ ရွှေဈေးဟာ နိုဝင်ဘာ ၉ ရက်မှာ ၁၃၃၆ ဒေါ်လာအထိ ခုန်တက်ခဲ့ပေမယ့် ရွေးကောက်ပွဲပြီးချိန်မှာ ၁၂၉၈ ဒေါ်လာကို ပြန်ဆင်းခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၁၀ ရက်မှာ ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက် မှာ ဒေါ်လာ ၁၂၅၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်မှာ ဒေါ်လာ ၁၂၂၀ ကျော်အထိ ကျဆင်းခဲ့ပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၁၀၀ ကျော်ကျဆင်းခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာ့ရွှေဈေးဟာ ဒီဇင်ဘာ ၁၅ ရက်မှာ တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ  ၁၁၃၃ ဒေါ်လာဝန်းကျင်မှာ ရှိခဲ့ပါတယ်။ ပြီးတော့ ဒီဇင်ဘာ ၂၇ မှာစပြီး ဈေးပြန်တက်လာကာ ဒီဇင်ဘာ ၂၇ ရက်မှာ ၁၁၄၅ ဒေါ်လာ၊ ဒီဇင် ဘာ ၃၀ ရက်မှာ ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်မှာ ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၂ ရက်ကျမှ ဒေါ်လာ ၁၂၀၀ အထက် ပြန်ရောက်လာတာပါ။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကလည်း “၂၀၁၆ မှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကြောင့် ရွှေဈေးအတက်အကျ ကြမ်းခဲ့တယ်။ အခု ၂၀၁၇ မှာလည်း အဲဒီဂယက်တွေက ဆက်နေတုန်းဆိုတော့ ဈေးနှုန်းမတည်ငြိမ်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။ အခုလည်း ရွှေဈေးပြန်တက်လာတယ်။ ဒေါ်လာဈေးကလည်း သိသိသာသာ မကျဘူးဆိုတော့ ရွှေဈေးက ကာလတိုအတွင်း အရင်စံချိန်နီးပါးကို ပြန်ရောက်လာတယ်။ မြန်မာရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာလဲနှုန်းအပေါ် မူတည်တာကြောင့် သူတို့လှုပ်တာနဲ့ အတက်အကျဆက် ဖြစ်နေမှာပါ။ စံချိန်တွေလည်း ချိုးမယ်ဆို ချိုးနိုင်တာပဲ” လို့ သုံးသပ်ခဲ့ပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာလည်း ကမ္ဘာ့ဈေးနှုန်း အလှုပ်အခတ်ကြောင့် နိုဝင်ဘာ ၇ ရက်နဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျပ် ၈၇၈၀၀၀ - ၈၀၀၀၀၀ ကြားဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနှုန်းဟာ အမေရိကန်ရွေးကောက်ပွဲ ကျင်းပတဲ့ရက် နိုဝင်ဘာ ၉ ရက်မှာ ကျပ် ၈၉၂၂၀၀ အထိ မြင့်တက်ခဲ့ပြီး ရလဒ်ထွက်ပေါ်ခဲ့ချိန်မှာ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ကျပ် ၈၈၄၅၀၀ အထိ၊ နိုဝင်ဘာ ၁၁ ရက် မှာ ကျပ် ၈၇၄၀၀၀ အထိ၊ နိုဝင်ဘာ ၁၂ ရက်မှာ ကျပ် ၈၆၁၄၀၀ အထိ ဆက်တိုက်ပြန်ကျခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်မှာ ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ်  ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ဟာ တကယ်တော့ ရွှေဈေးနှုန်း အလှုပ်အခတ်များတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျများခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း အခြေအနေနဲ့ ပြန်ယှဉ်ကြည့်ရင် ဈေးနှုန်းတွေ သိသိသာသာ ကွာခြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြည်တွင်းရွှေဈေး နှုန်းက ကျပ် ၇၄၃၅၀၀ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းက ၁၀၆၁ ဒေါ်လာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ဖြစ်ခဲ့တဲ့ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၀၃၅၀၀ နဲ့ရော အခုဖေဖော်ဝါရီ ၂၄ ရက်မှာဖြစ်ခဲ့တဲ့ ကျပ် ၉၀၂၄၀၀ နဲ့ပါ နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၁၆၀၀၀၀ လောက်အထိ မြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရွှေဈေးဟာ ဒီဇင်ဘာ ၁၅ ရက်မှာ တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်မှာ ရှိခဲ့ပါတယ်။အဲဒီနောက် ဒီဇင်ဘာ ၂၇ ရက်က စပြီး ဈေးပြန်တက်လာကာ ဒီဇင်ဘာ ၂၇ ရက်မှာ ၁၁၄၅ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်မှာ ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်မှာ ၁၁၇၆ ဒေါ်လာ ရှိခဲ့ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်စပြီး ဒေါ်လာ ၁၂၀၀ အထက် ရောက်လာပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ၁၂၂၁ ဒေါ်လာ၊ ဖေဖော်ဝါရီ ၉ ရက်မှာ ဒေါ်လာ ၁၂၄၃ ဒေါ်လာအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။  ကမ္ဘာ့ရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီ ၂ ရက်က နေ ၉ ရက်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ ဒေါ်လာဈေး ၁၃၇၂ ကျပ် ဖြစ်ခဲ့တာကြောင့် ညနေပိုင်းမှာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၉၀၀၅၀၀ ကျပ်အထိ မြင့်တက်သွားပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာဖြစ်ခဲ့တဲ့ အမြင့်ဆုံးစံချိန်နှုန်း ကျပ် ၉၀၃၅၀၀ ကိုမီဖို့ နည်းနည်းပဲလိုတော့တာ ဖြစ်ပါတယ်။

လက်ရှိ NLD အစိုးရ စတင်တက်ရောက်တဲ့ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်မှာ ပြည်တွင်းရွှေဈေးနှုန်း ၇၈၅၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ကမ္ဘာ့ရွှေဈေး ၁၂၂၈ ဒေါ်လာဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်းက ၁၂၀၀ ၀န်းကျင် ဖြစ်ပါတယ်။ အစိုးရသက်တမ်း ၁၀ လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ်  ၁၁၈၀၀၀ ကျော်မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၁၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း အခု ၂၀၁၇ ဖေ ဖော်ဝါရီ ၂၅ ရက်ဈေးနဲ့ယှဉ်မယ်ဆိုရင် ၂၉ ဒေါ်လာပဲ မြင့်တက်ခဲ့တာ ဖြစ်ပေမယ့် ဒေါ်လာဈေးနှုန်းချင်းယှဉ်ရင် တစ်ဒေါ်လာကို ကျပ် ၁၆၀  ကျော် မြင့်တက်ခဲ့တာကြောင့် ပြည်တွင်း ရွှေဈေးနှုန်းက ကျပ်  ၉၀၀၀၀၀ ကျောအထိ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ တစ်ခါမှမဖြစ်ပေါ်ဖူးသေးတဲ့ ကျပ် ၈၀၀၀၀၀ ကျော်စံချိန်ကို အကြိမ်ကြိမ်ချိုးခဲ့ပြီး ကျပ် ၉၀၀၀၀၀ ကျော် စံချိန်အထိ မြင့်တက်ခဲ့သလို အခု ၂၀၁၇ မှာလည်း ကျပ် ၉၀၀၀၀၀ ကျော် စံချိန်ကို ဖေဖော်ဝါရီ ၉ ရက်ကတည်းက မီလုမီခင် ဖြစ်ခဲ့ပါတယ်။ အခု ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း ဖေဖော်ဝါရီ ၉ ရက်ဈေးထက် ကျော်လွန်ပြီး ကျပ် ၉၀၂၄၀၀ အထိရောက်ခဲ့တာကြောင့် အမြင့်ဆုံးစံချိန်ကိုမီဖို့ ကျပ် ၁၁၀၀ ပဲ လိုတော့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်လာသလို ဒေါ်လာဈေးကလည်း အမြင့်တန်းရောက်နေတော့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်ဖို့ အလားအလာ ဆက်ကောင်းနေပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင် မြင့်တက်ရတဲ့အကြောင်းရင်းမှာ ဒေါ်လာဈေးနှုန်းမြင့်တက်မှုက အဓိကအကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါ်လာဈေး အခြေအနေကို ပြန်ကြည့်ရင် လက်ရှိအစိုးရ စတင်တက်ရောက်ချိန်မှာ ဒေါ်လာဈေး ၁၁၉၃  ကျပ်ဖြစ်ပြီး ဧပြီ ၂၄ ရက်မှာ ၁၁၅၃ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လနောက်ပိုင်း ဒေါ်လာဈေး သိသိသာသာ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်မှာ သမိုင်းတစ်လျှောက် စံချိန်တင်နှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့ပါတယ်။ အစိုးရသက်တမ်း ၁၀ လကျော်အတွင်း အမြင့်ဆုံးနဲ့ အနိမ့် ဆုံးငွေလဲနှုန်းကို နှိုင်းယှဉ်ရင် ၂၈၅ ကျပ်ကွာဟခဲ့ပြီး ၂၅ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းမြင့်တက်ခဲ့တာပါ။ ဒီဇင်ဘာ ၁၆ နောက်ပိုင်း ကျပ် ၁၃၄၀ ကျော်အထိ ဈေးနှုန်းပြန်ကျခဲ့ပေမယ့် လက်ရှိအချိန်မှာ တစ်ဒေါ်လာ ကျပ် ၁၃၆၅ ၀န်းကျင်မှာရှိနေဆဲပဲ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအခုနှုန်းနဲ့ပဲ ဖြစ်ဖြစ်၊ ကမ္ဘာ့ရွှေဈေးရော ဒေါ်လာဈေးပါ မြင့်တက်လာရင်ပဲဖြစ်ဖြစ် ပြည်တွင်းရွှေဈေးဟာ ကျပ် ၉၀၀၀၀၀ ကျော် နှုန်းကို သိသိသာသာ ထပ်ရွေ့သွားဖို့ ရှိနေပါတယ်။

ဈေးနှုန်းမြင့်နေတာကြောင့် ၀ယ်လိုအားနည်းနေတဲ့ ပြည်တွင်းရွှေဈေးကွက်ကို နောက်ထပ်သက်ရောက်စေမယ့် အချက်တစ်ခုကတော့ အထူးကုန်စည်ခွန်ကိစ္စပဲ ဖြစ်ပါတယ်။ ၃ ရာခိုင်နှုန်းနဲ့ကောက်ခံဖို့ အဆိုတင်သွင်းပေမယ့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက ၁ ရာခိုင်နှုန်းနဲ့ အတည်ပြုပေးလိုက်လို့ နည်းနည်းသက်သာခဲ့ပါတယ်။ လာမယ့်ဧပြီ ၁ ရက်ကစပြီး ရွှေဝယ်ယူမှုတိုင်းအတွက် အထူးကုန်စည်ခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး လက်ရှိရွှေဈေး ကျပ် ၉၀၀၀၀၀ နှုန်းနဲ့ဆိုရင် တစ်ကျပ်သားကို ကျပ် ၂၇၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အရင်ကမပေးရဘဲ လာမယ့်တစ်လကျော်အတွင်း စပေးရမှာဖြစ်တာကြောင့်  ရွှေဝယ်ယူသူတွေအတွက် အကျွမ်းတ၀င်ဖြစ်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ၀ယ်ယူသူက ပေးရမှာကြောင့် ရွှေဈေးအပေါ် သက်ရောက်မရှိပေမယ့် အရောင်းအ၀ယ်ပိုင်းမှာတော့ အနည်းအများ သက်ရောက်မှုရှိနိုင်တယ်လို့ ရွှေအရောင်း ဆိုင်ပိုင်ရှင်များက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်းက “ကမ္ဘာ့ရွှေဈေးကလည်း ဖေဖော်ဝါရီလထဲမှာ ဆက်တိုက်တက်နေပြီး ဒေါ်လာဈေးကလည်း မြင့်နေတော့ ပြည်တွင်းရွှေဈေးနှုန်း လိုက်တက်နေတာပါ။ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျတွေ ဖြစ်ဦးမှာပေါ့။ ဒီရက်ပိုင်းကတော့ အမြင့်ဈေးနဲ့ သွားဦးမှာပေါ့။ အခွန် တစ်ရာခိုင်နှုန်း ကိစ္စကတော့ ၀ယ်သူကပေးရမှာ ဖြစ်တဲ့အတွက်ဈေးနှုန်းအပေါ် သက်ရောက်မှုနည်းပေမယ့် ဈေးကွက်ကိုတော့ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ရွှေတစ်ကျပ်သားဝယ်ရင် ကျပ် ၃၀၀၀၀ လောက်အပိုကုန်မှာ ဖြစ်တဲ့အတွက် ၀ယ်သူတွေအတွက် စဉ်းစားစရာပေါ့၊ အဲဒီအချိန်ရောက်ရင် ဈေးကွက်က အရောင်းအ၀ယ်နည်းနည်း လျော့နိုင်ပါတယ်” လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

ပြည်တွင်းရွှေဈေးဟာ ၂၀၁၆ ခုနှစ်ထဲမှာ ကျပ် ၇၀၀၀၀၀ ကျော် ကနေ ကျပ် ၈၀၀၀၀၀ ကျော်ကို ထိပ်စီးပြောင်းပြီး စံချိန်အကြိမ်ကြိမ်ချိုးကာ ကျပ် ၉၀၀၀၀၀ ကျော်စံချိန်အထိ ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှာ ကျပ် ၇၄၅၀၀၀ ၀န်းကျင်ရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၀၁၆ အောက်တိုဘာ ၄ ရက်မှာ ကျပ် ၉၀၃၅၀၀ အထိ ဖြစ်ခဲ့တာပါ။ ဒီနှုန်းထားကို ကြည့်ရင် ၁၀ လ ကျော်အတွင်း ရွှေဈေး ၁၅၈၀၀၀ ကျော်မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအနေ နဲ့ ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြည်တွင်းရွှေဈေး ကျပ် ၆၀၀၀၀၀ ကျော်သာ ရှိခဲ့တဲ့အတွက် လက်ရှိစံချိန်တင်ဈေးတွေနဲ့ နှိုင်းယှဉ်ရင် သုံးနှစ်ကာလအတွင်း ရာခိုင်နှုန်း ၄၀ ကျော် ၅၀ နီးပါး ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးကတော့ ၂၀၁၆ မှာ ထိပ်စီးပြောင်းပြီး ၈၀၀၀၀၀ ကျော်ကနေ ၉၀၀၀၀၀ ကျော်အထိ ရောက်ခဲ့ပြီးပါပြီ၊ ၂၀၁၇ မှာလည်း လက်ရှိအချိန်အထိ  စံချိန်တင်နှုန်းထားနီးပါးကို နှစ်ကြိမ်ရောက လာတာကြောင့် ဘယ်လောက်အထိ စံချိန်ထပ်ချိုးမလဲ၊ ဘယ်လောက်အထိ ဈေးပြန်ကျမလဲဆိုတာ ကမ္ဘာ့ရွှေဈေး နဲ့ဒေါ်လာဈေးအပေါ်မှာ မူတည်နေပါတယ်။                

စည်သူအောင်

Eleven Media Group

No comments:

Post a Comment