Latest News

Saturday, February 11, 2017

ပင်လုံ ဇာစ်မြစ်

ပင်လုံ ဇာစ်မြစ်


မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ သုံးနှစ်ခန့် ၁၉၄၅ တွင် ဖြစ်သည်။ အာဇာနည်မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ မဟာဒေ၀ီ ဈာပနအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်ရှိ ရှမ်းစော်ဘွားများ  ရောက်ရှိနေသည်။

စော်ဘွားများက ကမ္ဘာ့အ ခြေအနေ၊ မြန်မာ့အခြေအနေများ ကို ဆွေးနွေးကြရင်း ၎င်းတို့အနာ ဂတ်အတွက် မည်သို့ဆောင်ရွက် မည်ကို ဆွေးနွေးနေကြသည်။

ရှမ်းစော်ဘွားများက အာလာပသလ္လာပပြောရင်း အစည်းအဝေးတစ်ခုပြုလုပ်ရန် အကြံရခဲ့ သည်။

သို့ဖြစ်ရာ ၁၉၄၅ ဒီဇင်ဘာ တွင် မိုင်းကိုင်၌ စော်ဘွားများအ စည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြ သည်။ ယင်းအစည်းအဝေးကပင် လုံမြို့တွင် ‘ရှမ်းပြည်လက်မှုပညာ ပြပွဲ’တစ်ရပ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ယင်းမှာ ၁၉၄၆ မတ်လ ၁ ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့ သော ပထမပင်လုံညီလာခံပင်ဖြစ်သည်။

ခေတ်အခြေအနေအရ ‘‘ရှမ်း ပြည်လက်မှုပညာပြပွဲ’’ဟု အမည် တပ်ထားသော်လည်း ယင်းပြပွဲသို့ မြန်မာခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်း၊ ဂဠုန်ဦးစောအပါအ ၀င် အခြားနိုင်ငံရေးသမားများ၊ တောင်တန်းဒေသမှ တိုင်းရင်း သားခေါင်းဆောင်များကိုပါ ဖိတ် ကြားရာ နိုင်ငံရေးသွင်ပြင်လက္ခ ဏာဆောင်ကြောင်း သိသာလှ သည်။

သို့သော် ဗိုလ်ချုပ်အောင် ဆန်းမှာ ရခိုင်သို့ ခရီးလွန်နေ၍ ဦးနုသာ တက်ရောက်ခဲ့သည်။

ပြပွဲတွင် ဦးနုက ရှမ်း-ဗမာ ချစ်ကြည်ရေး အကြောင်းကို လည်းကောင်း၊ ဂဠုန်ဦးစော က ဒိုမီနီယံအကြောင်းကိုလည်း ကောင်းဟောပြောခဲ့ပြီး ကုန်ထုတ်လုပ်သူများက ၎င်းတို့၏ ထုတ်ကုန်များအကြောင်းကို ဟောပြောခဲ့ကြသည်။

ညီလာခံတွင် တစ်ဦးနှင့်တစ် ဦး ချစ်ခင်ရင်းနှီးမှုများရရှိခဲ့၍ အ ကျိုးရှိသောကြောင့် နောက်နှစ် တွင် ဒုတိယပင်လုံညီလာခံကို ကျင်းပရန်ဆုံးဖြတ်ခဲ့သည်။

သို့သော် အခြေအနေအချိန် အခါ၏ တွန်းပို့မှုကြောင့် ဒုတိယ အကြိမ် ပင်လုံညီလာခံမှာ သမိုင်းတွင် အထင်ကရညီလာခံကြီးတစ်ခု ဖြစ်လာခဲ့မည်ကို စီစဉ်သူများက ထင်မထားခဲ့ကြပါချေ။

၁၉၄၆ ဒီဇင်ဘာမှ ၁၉၄၇ ဇန်န၀ါရီတွင် ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် လန်ဒန်၌ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုသည့်အချိန်ဖြစ်သည်။

ယင်းစာချုပ်တွင် မြန်မာနိုင် ငံကို လွတ်လပ်ရေးပေးသည့်အခါ  တောင်တန်းဒေသများကို တစ်ပါ တည်း ထည့်သွင်းပေးရန်မှာ တောင်တန်းနယ်သားများ၏ သဘောထားကို လေ့လာရန်လို ကြောင်း၊ သို့ဖြစ်ရာ ကျင်းပရန် လျာထားသည့် ဒုတိယအကြိမ်ပင် လုံဆွေးနွေးပွဲတွင်ဖြစ်စေ၊ သီးခြား အစည်းအဝေး ခေါ်ယူ၍ဖြစ်စေ တောင်တန်းနယ်သားများ၏ သ ဘောထားကိုလေ့လာရန်ဟူသည့် အချက်ပါရှိသည်။

ဗိုလ်ချုပ်တို့ လန်ဒန်ရောက် နေစဉ် ရှမ်းစော်ဘွားများက ဗိုလ် ချုပ်သည် မြန်မာပြည်မကိုသာ ကိုယ်စားပြုပြီး နယ်ခြားဒေသကို ကိုယ်စားမပြုကြောင်း လန်ဒန်သို့ ကြေးနန်းပို့ခဲ့သည်။ ဗိုလ်ချုပ် လည်း အကျပ်ရိုက်ခဲ့သည်။ သို့ သော် ရှမ်းပြည်နယ်လွတ်လပ်ရေး အဖွဲ့ချုပ်က တောင်ကြီး၌ လူထု  အစည်းအဝေးကြီးပြုလုပ်ပြီး ပြည်မနှင့် ရှမ်းပြည်ကို လွတ်လပ်ရေးအတူပေးရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ကို ထောက်ခံကြောင်း အတည်ပြုခဲ့သည်။ ယင်းကိစ္စကို ဖဆပလအဖွဲ့ချုပ် တောင်တန်းနယ်ဒေသ အတွင်းရေးမှူး ဦးဖေခင်က လန်ဒန်သို့ ကြေးနန်း ပို့ခဲ့မှ ဗိုလ်ချုပ် အသက်ရှူချောင် သည်။ ဆန့်ကျင်ဘက်အသွင် ဆောင်သော ကြေးနန်းနှစ်စောင် ကြောင့် အက်တလီက ဒုဝန်ကြီး ဘော်တွမ်လေကို ပင်လုံညီလာခံ သို့ လေ့လာသူအဖြစ်တက်ရောက် ရန် တာဝန်ပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အောင်ဆန်း-အက်တလီစာချုပ်ပါအချက်အတွက် သီးခြားအစည်း အဝေးခေါ်ယူရန်အချိန်ထိ မ စောင့်တော့ဘဲ ဒုတိယအကြိမ် ပင် လုံဆွေးနွေးပွဲကို တက်ရောက်ရန် ဆုံးဖြတ်ခဲ့ရာ သမိုင်းတွင်သည့် ပင်လုံစာချုပ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်းပင်ဖြစ်တော့သည်။

ပင်လုံညီလာခံသို့ တက် ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၇ ဖေဖော်ဝါရီ ၈ရက်  က မင်္ဂလာဒုံလေဆိပ်မှ မိတ္ထီလာ လေဆိပ်သို့ လေယာဉ်ဖြင့် ထွက် ခွာလာခဲ့သည်။ ဗိုလ်ချုပ်နှင့်အတူ  ၀န်ကြီးဦးအောင်ဇံဝေ၊ ဗိုလ်ခင် မောင်ကလေး၊ ဦးဖေခင်၊ ဗိုလ် ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ ပါဝင်သည်။ ပင်လုံနှင့် ၈၅မိုင်မျှသာ ဝေးကွာသော ဟဲဟိုးလေဆိပ်မှာ ဂျပန်ခေတ်ဗုံးဒဏ် ကြောင့် ပျက်စီးနေသဖြင့် ပင်လုံ နှင့် မိုင်ပေါင်း ၁၈၀ ခန့်ဝေးသည့် မိတ္ထီလာသို့ ဆင်းခဲ့ရခြင်းဖြစ် သည်။

ဗိုလ်ချုပ်သည် မိတ္ထီလာမှ တစ်ဆင့် သာစည်၊ ယင်းမာပင်၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းပွန်နှင့် လွိုင်လင်မြို့များကို ဖြတ်သန်းခဲ့ရာ မိုးစုံးစုံးချုပ်မှ ပင်လုံသို့ ရောက်သည်။

ပင်လုံသို့မရောက်မီ တောင် ကြီးတွင် ဧရာမလူအုပ်ကြီးက ဗိုလ်ချုပ်ကို ကြိုဆိုခဲ့ကြရာ ပင်လုံ ညီလာခံသို့ လေ့လာသူအဖြစ် လိုက်ပါလာသူ ဘော်တွမ်လေ သည် ရှမ်းပြည်လူထုက ဗိုလ်ချုပ် ကို ထောက်ခံခြင်းပြု၊ မပြုကို သံ သယဖြစ်စရာမလိုတော့ပေ။

ခရီးကြမ်း နှင်လာရသော် လည်း ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံသို့ရောက်လျှင် တိုင်းရင်း သားကိုယ်စားလှယ်များ၊ နယ်ရှင် စော်ဘွားများနှင့် တန်းတွေ့ သည်။ ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက ‘မြန်မာ နှင့်ပူးပေါင်းပါက မြန်မာပြည် လွတ်လပ်လျှင် ရှမ်းပြည်လည်း လွတ်လပ်မည် ဖြစ်ကြောင်း၊ ပေါင်းဖို့၊ မပေါင်းဖို့ ဆုံးဖြတ်ရန်မှာ တောင်ပေါ်သား ကချင်၊ချင်း၊ ရှမ်းတို့၏ တာဝန်သာဖြစ်ပါ ကြောင်း၊ ပူးပေါင်းမည်၊မပူးပေါင်း မည် ဆန္ဒကို သိလိုကြောင်း၊ အ ကယ်၍ ပူးပေါင်းလိုက တောင် ပေါ်သားများ မနစ်နာစေရန် စာ ချုပ်ပြုလုပ် လက်မှတ်ရေးထိုးဖို့ မိမိရောက်လာကြောင်း၊ မိမိနှင့် တကွ ဖဆပလအစိုးရမှာ ကမ္ဘာ တည်သရွေ့ ခိုင်မြဲမည်မဟုတ် ကြောင်း၊ အကယ်၍ ဖဆပလ အစိုးရပျက်သွားစေကာမူ မိမိတို့ အချင်းချင်းသဘောတူညီချက်ကို မဖျက်နိုင်အောင် ဥပဒေပြုလုပ် ထားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်ရေးအတွက် ဘာမှစိုးရိမ် ကြောက်ရွံ့နေစရာ မရှိကြောင်း  စော်ဘွားများအား ပြောခဲ့သည်။

တစ်နာရီကျော်ကြာ ပြော ကြားသွားသော ဗိုလ်ချုပ်မိန့်ခွန်း ကို အစည်းအဝေးတက်ရောက် လာသော ပရိသတ်က တစ်ခဲနက် သြဘာပေးခဲ့သည်။

 ညီလာခံအတွင်းမှာပင် ဗိုလ်ချုပ်သည် ‘‘ပထမဆုံးသမ္မတရာထူးကို ရှမ်းအမျိုးသားတစ်ဦးကို ပေးလျှင်မကောင်းဘူးလား’’ဟူသောစကားကို ဖွင့်ဟခဲ့သည်။

အများက တညီတညွတ်တည်း ရွေးချယ်ပေးသူသာ ဖြစ်သင့်ကြောင်း ရှမ်းစော်ဘွားတို့က ဗိုလ်ချုပ်ကို ပြန်ပြောကြသည်။

ပင်လုံညီလာခံမှာ ကစား ၀ိုင်းများ၊ ပွဲခင်းများဖြင့် စည်စည် ကားကားပင်ဖြစ်သည်။

 ညီလာခံကာလအတွင်း ဆွေးနွေးကြစဉ် ညီလာခံပျက်မည့် အခြေအနေလည်း ဖြစ်ပေါ်ခဲ့သေး သည်။

ဆွေးနွေးချက်အချို့ လိပ်ခဲ တည်းလည်းဖြစ်နေခြင်း၊ တိုင်း ရင်းသားတို့က ဗမာအပေါ် မယုံ သင်္ကာစိတ် များလွန်းခြင်းတို့ ကြောင့် ဗိုလ်ချုပ်သည် များစွာ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

‘‘ဒီအတိုင်းသာ မပြေမလည် ဖြစ်မယ့် အနေအထားကို ဆက်ပြ နေမယ်ဆိုရင် ကျုပ်တို့ဘာသာ ဆက်စခန်းသွားဖို့ပဲရှိတော့တယ်’’ ဟု ဗိုလ်ချုပ်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား ပြောခဲ့သည်။

ထို့နောက် ညီလာခံမှ ပြန် ရန် လေယာဉ်ခေါ်ယူအသင့်ပြင် ရန်ပါ မှာကြားသည်။

ဗိုလ်ထွန်းလှတို့က လေ ယာဉ်မမှာသေးဘဲ လူစည်ကားရာ လောင်းကစားဝိုင်းများအနီးတွင် ယင်းသတင်းကို လွှင့်လိုက်လေ သည်။

ပင်လုံသည် လှုပ်လှုပ်ရှား ရှားဖြစ်သွားသည်။

ကျောင်းသားများနှင့် မြို့ခံ အဖွဲ့အစည်းများ တက်ရောက် လာကြပြီး ဆန္ဒပြပွဲများဖြစ်ကုန် သည်။

‘လွတ်လပ်ရေးချက်ချင်း ပေး’၊  ‘ရှမ်း-ဗမာ  ပူးပေါင်းပါ’၊ ‘နယ်ချဲ့အလိုမရှိ’ဟု ကြွေးကြော်ကြသည်။

ကစားပိုင်းများ၊ ဈေးဆိုင် များလည်းပိတ်ပြီး ပင်လုံပွဲခင်း သည် ရုတ်ရုတ်သဲသဲဖြစ်ကုန် သည်။ ပင်လုံညီလာခံတက် ရောက်သူများနှင့် မြို့ခံများလည်း စိတ်မကောင်းဖြစ်ကုန်သည်။

မိုင်းပွန်စော်ဘွားကြီးနှင့် ညောင်ရွှေစော်ဘွားကြီးတို့က ဗိုလ်ချုပ်မပြန်ရန် ဗိုလ်ထွန်းလှကို ဖျောင်းဖျခိုင်းသည်။

‘‘ဗိုလ်ချုပ်ကို မပြန်ဖြစ် အောင်သာ ပြောပါ။ ဆက်လက် ဆွေးနွေးရင် ပြေလည်စရာအ ကြောင်းရှိပါတယ်’’ဟု ညောင်ရွှေ စော်ဘွားကြီးက ပြောသည်။

အပါးတော်မြဲက ဗိုလ်ချုပ် ကို ပြန်လည်တင်ပြရာ ဗိုလ်ချုပ် က လက်ခံပြီး မပြန်ရန် ဆုံးဖြတ် ခဲ့သည်။

ညီလာခံကို ဆက်လက် ကျင်းပကြရာ ခွဲထွက်ရေးကိစ္စကို ပြောလေရာ ‘‘မပေါင်းခင်က ခွဲ ထွက်ရေးကိစ္စပြောတာတော့ မ လျော်ကန်ပါဘူးဗျာ’’ဟု ဗိုလ်ချုပ် က ပြန်ပြောခဲ့သည်။

သို့သော် ခွဲထွက်ရေးကိစ္စမှာ အလွန်အရေးကြီး၍ ပင်လုံအ စည်းအဝေးတွင်မဆုံးဖြတ်ဘဲ တိုင်းပြု ပြည်ပြုလွှတ်တော်တွင် တင်သွင်းပြီး လေးလေးနက်နက် သုံးသပ်ပြီးမှ စဉ်းစားဆုံးဖြတ်ရ မည်ဖြစ်ကြောင်းပြောရာ အများ က လက်ခံခဲ့သည်။

ဖေဖော်ဝါရီ ၁၀ရက် ညပိုင်း တွင် ပင်လုံစာချုပ်ကို ပုံကြမ်း လောင်းနိုင်ခဲ့သည်။

ကချင်ပြည်နယ်ထူထောင် ပေးရန် မူအားဖြင့်သဘောတူ သည်။ အောင်ဆန်း-အက်တလီ စာချုပ်ကို ထောက်ခံကန့်ကွက် ခြင်းမပြုဘဲ ချန်ထားခဲ့ရန်သဘော တူသည်။ လွတ်လပ်ရေးရပြီး နောက် ခွဲထွက်ခွင့်ကို တိုင်းပြု ပြည်ပြု လွှတ်တော်တွင် စဉ်းစား ရန်သဘောတူကြသည်။ အမှု ဆောင်ဝန်ကြီးသုံးဦးပေးရန်ကိစ္စ မှာ မြန်မာပြည်အက်ဥပဒေအရ မဖြစ်နိုင်သဖြင့် နယ်ခြားဒေသ  ဆိုင်ရာဝန်ကြီးတစ်ဦးသာခန့်ပြီး ကျန်နှစ်ဦးကို ဒေသတွင်း ဒုဝန် ကြီးခန့်မည်။ အစည်းအဝေးများ တွင် တန်းတူအခွင့်အရေးဖြင့် တက်ရောက်ခွင့်ပြုမည်။ ယင်းအ ချက်များမှာ ပင်လုံစာချုပ်၏ အ ခြေခံသဘောတူချက်များ ဖြစ် သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင် သမိုင်းဝင်ပင် လုံစာချုပ်ကြီးကို လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံသည် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပါ သည်။

သို့သော် မြန်မာ့လွတ်လပ် ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်ကို မြင်မသွားနိုင်ခဲ့ပါချေ။

ကိုးကား-ဦးဖေခင်(နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)၏ ‘ကိုယ်တွေ့ပင်လုံ’


Sources : 7Day News Journal

No comments:

Post a Comment