Latest News

Friday, February 10, 2017

Alphard ယာဉ်မောင်းက စက်ဘီးစီးလာသူ အမျိုးသမီး၏ ဆလင်းဘက်အိတ်ကို လုယက်

Alphard ယာဉ်မောင်းက စက်ဘီးစီးလာသူ အမျိုးသမီး၏

ဆလင်းဘက်အိတ်ကို လုယက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ရာဝင်းတွင် ဖေဖော်ဝါရီလ ၈ ရက် ည ၇ နာရီခွဲက Alphard အဖြူရောင်ယာဉ်ကို မောင်းနှင်သူ အမျိုးသားက စက်ဘီးဖြင့် နေအိမ်ပြန်လာသူ အမျိုးသမီး၏ ဆလင်းဘက်အိတ်ကို ဆွဲလုယူထွက်ပြေးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အသက် ၂၆ နှစ် အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးမှာ ယင်းညက City Mart တွင် ဈေးဝယ်ပြီး FMI ဝင်းရှိ ၎င်း၏ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာစဉ် သစ်ခွလမ်းအရောက် အနီးသို့ Alphard ယာဉ်တစ်စီး ရောက်ရှိလာပြီး ယာဉ်မောင်းလာသူ အမျိုးသားက ၎င်းလွယ်ထားသည့် ဆလင်းဘက်အိတ်ကို ဆွဲလုယူထွက်ပြေးခဲ့သည်။

“ကောင်မလေးဆီက ဆလင်းဘက်လုပြီး မောင်းပြေးတာ။ ကားမောင်းလာတာ ပုံမမှန်လို့ လုံခြုံရေးဝန်ထမ်းက သတိထားပြီး ဆိုင်ကယ်နဲ့လိုက်တာ နံပါတ်ပဲ မှတ်မိလိုက်တယ်၊ နံပါတ်ကို စစ်ကြည့်တော့ ဒီမှာနေတဲ့ပိုင်ရှင်ကို လာပို့ပြီး စက်ရုံကို ညပြန်အိပ်တဲ့ကား ဆိုတာ သိလိုက်တယ်၊ သူဋ္ဌေးကို လာပိုတဲ့အချိန် ရဲကို ဖုန်းဆက်ထားလိုက်တယ်၊ စက်ရုံကို ပြန်ဖို့အထွက်မှာ အချိန် ဂိတ်တံခါးကို ပိတ်ပြီ ဖမ်းလိုက်တာ” ဟု FMI အိမ်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ဦးတင်မျိုးထွေးက တရားခံ ဖမ်းဆီးမှု အခြေအနေကို ရှင်းပြသည်။

အမေရိကန်ဒေါ်လာ ၄၀၀၊ မြန်မာကျပ်ငွေ တစ်သိန်းခန့်နှင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး ထည့်ထားသည့် ဆလင်းဘတ်အိတ်ကို လုယူပြေးသည့် Alphard ယာဉ်မှာ ည ၉ နာရီတွင် FMI ဝင်းထဲ မောင်းလာစဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးခဲ့ရာ အသက် ၂၄ နှစ် ယာဉ်မောင်း ကျော်စွာထံမှ လုယူသွားသည့် ဆလင်းဘက်အိတ်ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆလင်းဘက်အိတ် ဆွဲလုယူခံရတဲ့ ကလေးမ စက်ဘီးမှောက်ပြီး ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်၊ လုယက်မှု ကျူးလွန်သူက FMI အိမ်ရာဝင်းထဲက ကိုရီးယား နိုင်ငံသား တစ်ယောက်ရဲ့နေအိမ်က ယာဉ်မောင်းပါ၊ ဒီလိုလုယက်မှု သုံးလေးကြိမ်လောက် သူ ကျူးလွန်ဖူးတယ်လို့ သိရတယ်” ဟု အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ဆိုသည်။

အဆိုပါ FMI အိမ်ရာဝင်းတွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက နေအိမ်တစ်လုံးထဲ အမျိုးသားတစ်ဦးက ဝင်ရောက်ကာ လက်ဝတ်ရွှေထည်ပစ္စည်းများကို လုယူပြီး အိမ်အကူအမျိုးသမီးကို အဓမ္မ ပြုကျင့်ခဲ့သောကြောင့် အိမ်ရာဝင်း လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ကာ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။ The Voice

No comments:

Post a Comment