Latest News

Saturday, January 21, 2017

YBS နှင့် ဘ၀ရောင်စုံ

YBS နှင့် ဘ၀ရောင်စုံ

“တောက်။ ဒါတော့ တော်တော် လွန် သွားပြီကွာ”

ကားမှတ်တိုင်တွင် ရပ်စောင့်နေသည့် လူအုပ်ကြီးကို ကြည့်ရင်း မောင်စူပါ တောက် တစ်ချက် ပြင်းပြင်း ခေါက်လိုက်သည်။ ထို့ နောက် ယင်း လူအုပ်ကြီးကို သူ၏ iPhone 7 Plus ဖြင့် အမိအရ ဓာတ်ပုံ ရိုက်ကူးလိုက် သည်။ ထိုပုံကို facebook ပေါ်သို့ “အခုထိ ကားမလာ သေးဘူး။ ၀န်ကြီးချုပ် ဘယ်လို တာဝန်ယူမှာလဲ” ဟူ သည့် စာသားနှင့် တွဲ တင်ပေးလိုက်သည်။

မကြာခင် ပို့စ်အောက်တွင် Like လာ ပေးသူ အမြောက်အမြား ရောက်လာသလို ထောက်ခံသည့် comments များလည်း အ စီအရီ တက်လာသည်။

ယင်း comments များထဲမှ တစ်ခုကို တော့ မောင်စူပါ သိပ်မကြိုက်။ “အစမို့လို့ သည်းခံပေးကြပါ။ အစိုးရက အဆင်ပြေ အောင် လုပ်ပေးနေ ပါတယ်”ဟု ရေးသား ထားခြင်း ဖြစ် သည်။ ထို့ကြောင့် ချက်ချင်း reply ပြန်လုပ် လိုက်သည်။

“အောက်ခြေ လူတန်းစား ဘ၀ကို မင်း တို့ မသိဘဲ လာမဖာပေးနဲ့။ ပြည်သူတွေ နေရာကို ၀င်ခံစား ကြည့်ပြီးမှ ပြောကွ”ဟု ရေးသား လိုက်သည်။ သူ၏ Comment အပေါ် ထောက်ခံသည့် Like အများအပြား တက် လာသည်။ မောင်စူပါ ကျေနပ်သွားသည်။

“ကားတော့ လာနေပြီ။ လူတွေ ကြိတ် ကြိတ်တိုး နေတာပဲ။ အရင်က နှစ်ရာနဲ့ ရတဲ့ ခရီးကို လေးရာပေးပြီး စီးရဦးမယ်”ဟု ပို့စ် တစ်ခု  မောင်စူပါ ထပ်တင် လိုက်သည်။ ယင်း ပို့စ်သည် လည်း Like အများအပြား ရဦးမည် ဆိုသည် ကို ကြိုသိနေသည်။

မောင်စူပါ တစ်ယောက် လေလေးချွန် ကာ အဲယား ကွန်း စိမ့်နေ အောင်ဖွင့် ထားသော သူ၏ ဆိုက်ကနက် ကားကြီး ကို   ထိုနေရာမှ မောင်း ထွက် သွားလေတော့သည်။ ရုံးရောက်မှ အဲယားကွန်းခန်းထဲ အေးအေးဆေးဆေး ထိုင်စဉ်းစားပြီး “ဆင်းရဲသား နင်းပြားတို့ ဒုက္ခကို ဘယ်သူ ကယ်မလဲ” ဆိုသည့် ပို့စ်တစ် ခုကို ထပ်တင်ရန် စဉ်းစားထားသည်။

==========================

“ပြည်သူတွေ တော်တော်လေး အ ဆင် ပြေ ကုန်ကြပြီ။ ကားထဲမှာ ချောင်ချောင်ချိချိ နဲ့ ထိုင်စရာလည်း ရတယ်လေ။ စပယ်ယာ လေးတွေ ကလည်း စကား အပြောအဆို တော်တော် ချိုသာနေပြီ။ ဒရိုင်ဘာကလည်း ပြိုင်မောင်း၊ လုမောင်းတာ မလုပ်တော့ဘူး။ အဲယားကွန်းကလည်း စိမ့်နေတာပဲ”

အိပ်ယာပေါ်တွင် ပက်လက်လှန်ရင်း ယင်းပို့စ်ကို ရေးသား နေသူက မောင်ဇင်ဖြစ် သည်။ ယနေ့ Facebook ပေါ်တွင် လူပြော အများဆုံး အကြောင်းအရာ ဖြစ်သည့် YBS ဘတ်စ်ကား လိုင်းသစ်များ အကြောင်းကို မနက် အိပ်ယာနိုး ကတည်းက မထတမ်း ဖတ်ရှုနေခြင်း ဖြစ်သည်။ ဟိုလူ၊ ဒီလူ ပြောထား သည့် စကားများကို စုပေါင်း စပ်ပေါင်း ပြုလုပ် ကာ သူကိုယ်တိုင် စီးခဲ့ သယောင်ယောင် ပို့စ် တစ်ခု တင်လိုက်သည်။

မကြာမီ ပို့စ်အောက်တွင် Like နှင့် Comment များ တရစပ် တက်လာသည်။ စင်ကာပူမှ Friend တစ်ယောက်က ဘတ်စ် ကားများ စီးရသည်မှာ အလွန် အဆင်ပြေ သည်ဟု ၀င်ရေး သွားသည်။ သြစတြေးလျ မှ Friend တစ်ယောက်က လည်း အပြောင်း အလဲအတွက် အစိုးရကို ကျေးဇူးတင်သည် ဟု ၀င်ရေးသည်။

သို့သော် ဗန္ဓုလပုံ Profile တင်ထားသည့် “သာကီမျိုးနွယ် စစ်စစ်” ဟူသည့် အကောင့် တစ်ခုက အောက် ပါ အတိုင်း ၀င်ရေးသည်။ “မင်းက ဘယ်နား မှာ ကားချောင်နေတာလဲ။ ဒီမှာ တစ်စီးမှ တောင် မလာလို့ ညစ်နေတာ။ ဖာတာလည်း ကြည့်ဖာ”ဟု ရေးသွားသည်။

မောင်ဇင်က ချက်ချင်းပင် လက်သွက် ခြေသွက်ဖြင့်  Reply ပြန်လုပ်သည်။

“ဟေ့ကောင်။ နေရာတိုင်းတော့ တူ မလားကွ။ မင်းအဘတွေ တုန်းကရော နေ ရာတိုင်း ချောင်နေလို့လား။ ခု ရေတွင်းတူး ခုရေကြည်တော့ ဘယ်ရမလဲကွ”ဟု ရေး လိုက်သည်။

“ယောက်ျားရေ။ ထမင်းစားမယ်”

မောင်ဇင်၏ ဇနီးက အောက်ထပ်မှ လှမ်းခေါ်သဖြင့် ဖုန်းကို အားသွင်း ထားပြီး အပေါ်ထပ် အိပ်ခန်းထဲမှ ထွက်လာသည်။ ထမင်းစားပြီးလျှင် ”YBS နှင့် တစ်နေ့စာ အတွေ့အကြုံများ”ဟူသည့် ပို့စ်တစ်ခုတော့ စိတ်ကူးယဉ်ပြီး တင်ရဦးမည်ဟု အားခဲ ထားသည်။

=============================

ရဲရဲ တစ်ယောက် သူမ၏ လက်က နာရီလေးကို ကြည့်လိုက်သည်။ ကိုးနာရီ ထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။ မြို့ထဲမှ ရုံးကို ကိုးနာရီခွဲ ရောက်ဖို့ ဘယ် လိုမှ မဖြစ်နိုင်တော့။ နောက်ကျလျှင် လစာ အဖြတ်ခံ ရဦးမည်ကို တွေးရင်း ရဲရဲ ငိုချင်သွားသည်။ ဘတ်စ်ကား စနစ်တွေ အပြောင်းအလဲ ဖြစ်သည့် ကာလမို့ အ နည်းငယ် လျှော့ပေါ့ပေး လိမ့်မည်ဟုသာ မျှော်လင့်မိသည်။

လက်ထဲမှ ဘတ်စ်ကားလမ်းညွှန် စာရွက်လေးကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ရင်း သူစီးရမည့် ကားနံပါတ်ကို အ လွတ်ရအောင် တစ်ခေါက် ပြန်ကြည့် လိုက်သည်။ လိုင်းနံပါတ် ပြောင်းသွား သော်လည်း သွားသည့် လမ်းကြောင်းက တော့ သိပ်မခြားနား သွားသဖြင့် တော် သေးသည်ဟု ဆိုရမည်။

သို့သော် ယင်းနံပါတ်ဖြင့် ဘတ်စ် ကားများ အလွန် နည်းပါးနေပြီး လာသမျှ ကားတိုင်း ကလည်း ငပိသိပ်၊ ငချဉ်သိပ် ဖြစ်နေသဖြင့် ရဲရဲအခက်တွေ့နေသည်။ ဗော်လံတီယာ လူငယ်လေးများက လမ်း ကြောင်းများကို ညွှန်ပေး နေသော်လည်း ကားကြပ်ခြင်းနှင့် ကားရှားခြင်း ကိုတော့ မည်သို့မျှ အကူအညီ မပေးနိုင်ရှာ။

ကားစောင့်ရင်း ဖုန်းလေးကိုဖွင့်ပြီး Facebook တစ်ချက် ကြည့်လိုက်သည်။ ဘတ်စ်ကား အကြောင်း ဝေဖန်သည့်သူ၊ ချီး မွမ်းသည့်သူ နှစ်ဘက်စလုံး ငြင်းခုန် သတ်ဖြတ် နေကြ သဖြင့် စိတ်ပိုမော သွားရသည်။ ဖုန်းလေးကို အသာအယာ ပြန်ပိတ်ပြီး ကားဆက်စောင့် နေလိုက်သည်။

ထိုစဉ်  ရှေ့မှန်၌ “အခမဲ့”ဟု ရေးသား ထားသော Express ကားကြီးတစ်င်္စီး မှတ်တိုင်တွင် လာရပ်သည်။ ခရီးသည်များကို အခမဲ့ ကူညီ ပို့ဆောင်နေသော ဗော်လံတီယာ ယာဉ်ကြီး ဖြစ်သည်။  ရဲရဲ သွားရမည့် နေရာက  အဆိုပါ ကားကြီး၏ ခရီးစဉ်အတွင်း ပါနေသဖြင့် မြန် မြန်ဆန်ဆန် ကားပေါ် ပြေးတက် လိုက်သည်။ မွှေးကြိုင်ပြီး အေးမြနေသော ကားအဲယား ကွန်းလေနှင့် အိစက်နေသော ဆိုဖာကြီး များကြောင့် ရဲရဲတစ်ယောက် စိတ်ကျေနပ် သွားသည်။

ဒီနေ့ တစ်နေ့စာ ဒုက္ခတော့ ချုပ်ငြိမ်း သွားလေပြီ။ မနက်ဖြန် မည်သို့ စခန်းသွား ရမည် မသိသေး။ ပြောင်းသင့် ပြောင်းထိုက် သည်ကို ပြောင်းရသဖြင့် အပြစ်မတင်လို သော်လည်း မိမိတို့  နေ့စဉ်တွေ့ကြုံ နေ ရသည့် အခက်အခဲများကို မြန်မြန်ဆန် ဆန်ဖြေ ရှင်းပေးရန် တောင်းဆို ချင်မိသည်။  ဒီအကြောင်း Facebook ပေါ်တော့ တစ်ခုခု ရေးဦးမှဟု တေးထားလိုက်သည်။

=================================

“ကမ္ဘာအေး၊ စက်မှုတစ်၊ တာမွေ၊ မင်္ဂလာဈေးကို”

ကားစပယ်ယာ မောင်ကောင်း၏ အကျင့် ပါနေသည့် ပါးစပ်က မှတ်တိုင် နာမည်များကို ကျယ်လောင်စွာ အော် လိုက်မိသည်။ နောက်မှ သတိရသွားပြီး လေသံ နည်းနည်း ပြန်လျှော့ လိုက်သည်။

တကယ်တော့ သူအော်စရာကို မလို။ မှတ်တိုင်တွင် စောင့်နေသည့် ဗော်လံ တီယာ လေးများက ခရီးသည်များကို သွားမည့် ခရီးစဉ် ကြိုပြော ထားပြီးလောက် ပေပြီ။

လည်ကတုံး ရှပ်အင်္ကျီ အဖြူရောင် လေးကို လက်ခေါက်တင်ပြီး သေသေ သပ်သပ်ဖြစ်အောင် ပြန်လုပ်လိုက်သည်။ အရင် ၀တ်နေကျ မထသအင်္ကျီ အပြာ လောက် အစွန်းအထင်း အညစ်အပေ မခံသဖြင့် သတိထားပြီး ၀တ်နေရသည်။ အဖြူရောင်က ညစ်ပေလျှင် သိသာလွန်း သည်ကိုး။ ကားပေါ်တွင် ခရီးသည်များ နှင့် ဆက်ဆံရာ တွင်လည်း အတတ်နိုင် ဆုံး ချိုချိုသာသာ ပြောဆိုနေ ရသည်။ တစ်ခါတလေ မျက်စိထဲ အချိုးမပြေ လျှင်ပင် အရင်လို လွှတ်ကနဲ မပြောဆို မိအောင် ထိန်းထား ရသည်။

သူ၏ ဘ၀တူ သူငယ်ချင်းများ လည်း အလားတူ နေပေလိမ့်မည်။ တ ချို့ကလည်း နှုတ်ဝသီကို လွယ်လွယ်ဖြင့် မဖျောက်နိုင်ဘဲ ဆဲဆို ပြောဆိုမိသည် များလည်း ရှိနိုင်သည်။ မည်သို့ပင် ဖြစ် စေ ရေရှည်တွင် ပြင်ရမည့် ကိစ္စဟုသာ သဘော ပိုက်ထားသည်။

လိုင်းများ အပြောင်းအလဲ ပြုလုပ် ပြီးသည့် နောက်တွင် မိမိတို့မှာ ယခင် ဆွဲနေကျ လိုင်းနှင့် သိပ်မကွာ သဖြင့် ထူးထူးခြားခြား အခက်အခဲ မရှိလှ။ သူ ငယ်ချင်း တစ်ချို့မှာမူ ယခင် မလိုက်ဖူး သည့် လိုင်းသစ်များ လိုက်မိသဖြင့် မှတ် တိုင်ပင် အလွတ် မရသည် များလည်း ရှိ သည်ဟု ပြောသံ ကြားရသည်။ ခရီးသည် ထံမှ မှတ်တိုင် အမည် ပြန်မေးရကြောင်း သူငယ်ချင်း စပယ်ယာ တစ်ဦး၏ စကား ကို ပြန်သတိရပြီး ပြုံးမိသွားသည်။

“ဟေ့ ဒီမှာ။ ကားခပေးနေတယ်လေ”

အတွေးလွန်နေ သည့် မောင်ကောင်းကို ခရီးသည် တစ်ဦးက ပုခုံး ပုတ်ပြီး ကားခ ပေးတော့မှ သတိ ပြန် ၀င်လာသည်။ တစ်ထောင်တန်ကို အကြွေ အမ်းပေးလိုက်ပြီး အပေါက်ဝသို့ ပြန်လာစဉ် ကားက မှတ်တိုင်တစ်ခု ၀င်ရပ်လိုက်သည်။ ထုံးစံအတိုင်း  မောင်ကောင်း တစ်ယောက် မှတ်တိုင်များ အော်ကာ ခရီး သည်များ ခေါ်လိုက်လေသည်။

“ကမ္ဘာအေး၊ စက်မှုတစ်၊ တာမွေ၊ မင်္ဂလာဈေးကို”

SOURCES WRITER : Zin Thaw Naing


No comments:

Post a Comment