Latest News

Friday, January 13, 2017

မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို တတ်စွမ်းသရွေ့ ဖြန့်ဝေပေးလိုသူ ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာကြည်စိုးထွန်း၏ ငယ်ဘ၀ဖြတ်သန်းရာ

မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို တတ်စွမ်းသရွေ့ ဖြန့်ဝေပေးလိုသူ ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာကြည်စိုးထွန်း၏ ငယ်ဘ၀ဖြတ်သန်းရာ


အခုတစ်ပတ်ရဲ့ အနုပညာရှင်တို့ငယ် ဘ၀ဖြတ်သန်းမှုကဏ္ဍမှာတော့ မြန်မာ့ရုပ်ရှင် ဖြတ်သန်းမှု သမိုင်းကြောင်းမှာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့တဲ့ အကယ်ဒမီငါးထပ်ကွမ်းဆုရှင် ဒါရိုက်တာကြည်စိုးထွန်းရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ငါးထပ်ကွမ်းအကယ်ဒမီဆုရှင် ဒါရိုက်တာကြည်စိုးထွန်းက ကိုယ်တိုင်အနုပညာဖန်တီးမှုမှာသာ ထူးချွန်ထက်မြက်သူ တစ်ယောက်မဟုတ်ဘဲ လူငယ်မျိုးဆက်သစ် အနုပညာဝါသနာရှင်များအတွက် လက်ဆင့်ကမ်း အနုပညာအမွေကို သင်ကြားပို့ချပေးနေသူ တစ်ဦးလည်းဖြစ်သလို မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းအမှန်ကို ပြုစုဖော်ပြနိုင်ဖို့အတွက် တတ်စွမ်းသရွေ့ အားထုတ်ကြိုးပမ်းနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အကယ်ဒမီ ဒါရိုက်တာကြည်စိုးထွန်းက ရွှေဘိုမြို့ဇာတိဖြစ်ပြီး မောင်နှမ ငါးယောက်ထဲကသားလတ် ဖြစ်ပါတယ်။ ငယ်စဉ်ဘ၀ အမှတ်တရ အနေနဲ့ကတော့ ဘုန်းကြီးကျောင်းမှာ နေခဲ့ရတဲ့အတွက် ဘုန်းကြီးကျောင်းစာပေတွေကို လေ့လာသင်ယူခွင့် ရရှိခဲ့တာပါလို့ ဆိုပါတယ်။

“ဆရာ ငယ်ငယ်က အမှတ်တရဆိုရင်တော့ ရွှေဘိုရဲ့ဓလေ့ ထုံးစံတစ်ခုဖြစ်တဲ့ ၀ါစဉ်ဘုရားပွဲပေါ့။ အပတ်တိုင်းလုပ်ကြတာ။ အဲဒီမှာကအငြိမ့်ပွဲတွေ၊ ဇာတ်ပွဲတွေအမြဲတမ်းပါတော့ အမြဲတမ်းသွားကြည့်ဖြစ်တယ်။ တကယ်တမ်း အနုပညာအလုပ်တွေ လုပ်တဲ့အခါမှာ အဲဒီဖြတ်သန်းမှုတွေက အနုပညာဝမ်းစာဖြစ်လာတယ်လို့ ပြောလို့ရပါတယ်” လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ဆိုပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းရဲ့အနုပညာ ၀ါသနာက ငယ်စဉ်ကလေးဘ၀ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဘွဲ့ရရှိပြီးချိန်မှသာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်မှာ ရုပ်ရှင်သီချင်းရေးသားသူအနေနဲ့ ၀င်ရောက်လာခဲ့ပြီး မိမိလုပ်နိုင်စွမ်းနဲ့ တကယ်လျော်ညီတဲ့ ဒါရိုက်တာ တစ်ဦးဖြစ်လာအောင် ဆက်လက်ကြိုးစားခဲ့ ရတယ်လို့ဆိုပါတယ်။                          

ပထမဆုံး အကယ်ဒမီရရှိခဲ့တဲ့ ‘ဒိုး’ ရုပ်ရှင်ဇာတ်ကားမှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်နှစ်ဦး အားကစားလုပ်ရင်း မူးယစ်ဆေးဝါး ဖြတ်တောက်နိုင်ခဲ့တဲ့ အသိပညာပေးနဲ့ ဖျော်ဖြေရေး ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားအဖြစ် ရိုက်ကူးခဲ့ပါတယ်။ သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားမှာလည်း အခက်အခဲပေါင်းများစွာ ဖြတ်သန်းရိုက်ကူးခဲ့ရပြီး ဒီဇာတ်ကားရိုက်ကူးပြီးချိန်မှာ ရုပ်ရှင်ရိုက်ဖို့ စိတ်ကုန်သွားတဲ့အထိ ပင်ပန်းခဲ့ပါတယ်လို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ်။ ဆန်ရေ ရုပ်ရှင်ဇာတ်ကားမှာလည်း ထားဝယ်ကို သွားရောက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အခက်အခဲပေါင်းများစွာနဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်ဒမီ ထူးချွန်ဆုနှစ်ဆုကို ရရှိစေခဲ့တဲ့ ‘ဆဌဂံ’ ဇာတ်ကားမှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးခြောက်ဦးရဲ့ မတူကွဲပြားတဲ့ဘ၀နဲ့ စိတ်ခံစားမှုတွေကို ပုံဖော်ခဲ့ရတာဖြစ်လို့ မတူတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေကို ရရှိစေပါတယ်လို့ ဖြည့်စွက်ပြောပြခဲ့ပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းရဲ့ ကိုယ်ပိုင် မိသားစုဘ၀နဲ့ ပတ်သက်လို့တော့ ဇနီးဖြစ်သူက ငယ်စဉ်က အနုပညာအလုပ်တွေ လုပ်ကိုင်တာကို သိပ်မကြိုက်ပေမယ့် နောက်ပိုင်းမှာတော့ နားလည်မှုပေးခဲ့တယ်လို့ ဆိုပါတယ်။ သားသမီးလေးဦး ရှိတဲ့အနက်မှာ သားဖြစ်သူ ချမ်းသာကြည်စိုးကိုတော့ အနုပညာ အမွေလက်ဆင့်ကမ်းပေးနိုင်ခဲ့ပြီး ‘ဆဋ္ဌဂံ’ ရုပ်ရှင်ဇာတ်ကားမှာ အမျိုးသားဇာတ်ပို့ ဆုကိုရရှိနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ဒါရိုက်တာကြည်စိုးထွန်းရဲ့ မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းပြုစု ရေးသားတဲ့လုပ်ငန်းတွေမှာ သားဖြစ်သူချမ်းသာကြည်စိုးက ပါဝင်ကူညီဆောင်ရွက်လျက် ရှိနေပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းက ကိုယ်တိုင် အနုပညာဖန်တီးမှုတွေတင်မကဘဲ အနုပညာ လက်ဆင့်ကမ်း အမွေပေးနိုင်ဖို့အတွက် Laurel Arts Academy  မှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အနုပညာသင်တန်းကျောင်း ငါးနှစ်တာကာလအတွင်းမှာ မျိုးဆက်သစ် အနုပညာရှင်တွေကို မွေးထုတ်ပေးနိုင်ခဲ့သလို လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေပါဝင်စေပြီး တစ်ခေတ်တစ်ခါက ထင်ရှားခဲ့တဲ့ ကက်ဆက်ဇာတ်လမ်းခွေတွေကို ပြန်လည်ဖော်ထုတ်ရိုက်ကူးမှုတွေ၊ မြန်မာ့ပထမဆုံး ရုပ်ရှင်မေတ္တာနဲ့သူရာ ဇာတ်ကားကို ပြန်လည်ပုံဖော်ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်ကာလအတွင်းမှာလည်း ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းတွေ စုစည်းဖျော်ဖြေမယ့် ပွဲတစ်ပွဲကိုလည်း တင်ဆက်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။

အကယ်ဒမီ ဒါရိုက်တာကြည်စိုးထွန်းရဲ့  နောက်ထပ်အနုပညာ မှတ်တိုင်တစ်ခုကတော့ မောင်ကျောက်ခဲ ကလောင်နာမည်နဲ့ စာပေရေးသားခြင်းပါပဲ။ ရုပ်ရှင်လောက အတွင်းက ရယ်မောပျော်ရွှင်ဖွယ် အပါအ၀င် အဖြစ်အပျက်ဇာတ်လမ်းစုံကို ပြန်လည်တင်ဆက် ရေးသားတာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

စာပေရေးသားဖြစ်ပုံနဲ့ ပတ်သက်လို့ကတော့ “ရုပ်ရှင်လောကထဲကနေ စာပေရေးသားတယ်ဆိုတာ နည်းတယ်ပေါ့နော်။ အဲဒီတော့ စာရေးချင်တဲ့စိတ်ကလည်းရှိတယ်။ ဆရာသိပ္ပံမောင်ဝတို့ မန်းတင်တို့ရေးသားဟန်ကိုလည်း အရမ်းသဘောကျတယ်။ ဒါကြောင့်ပဲ မောင်ကျောက်ခဲ ကလောင်နာမည်နဲ့ ရုပ်ရှင်လောကရဲ့ အဖြစ်အပျက်စုံကို ရေးသားဖြစ်တာပါ။ အဲဒါကတော့ ကျေနပ်စရာ အမှတ်တရပါပဲ” လို့ဒါရိုက်တာ ကြည်စိုးထွန်းက ဆိုပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းက လက်ရှိ ရုပ်ရှင်လောကအပေါ် ပရိသတ်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ အနုပညာရှင်တွေကို ဝေဖန်ခံကြဖို့၊ ပရိသတ်အကြိုက်ကိုချည်း မလိုက်ဘဲ ပရိသတ်ကိုဆွဲခေါ်နိုင်ဖို့ ကြိုးစားဖို့နဲ့ ပရိသတ်ကလည်း တကယ်ကောင်းတဲ့ ဇာတ်ကားကိုပဲအားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းက မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို ပရိသတ်အများ သိရှိမှတ်သားနိုင်ဖို့အတွက် ရုပ်သံလိုင်းတွေက တစ်ဆင့် ရုပ်ရှင်သမိုင်းကြောင်းဆိုင်ရာ မျှဝေမှုအစီအစဉ်တွေကို ဆက်တိုက်ပြုလုပ်နေပြီး မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်မတိုင်မီမှာလည်း မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို ဆယ်စုနှစ်တစ်ခုစီအပိုင်းလိုက် ရေးသားဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒီအတွက် မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းဆိုင်ရာ ရေးသားပြုစုမှုတွေကိုလည်း လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းက အနုပညာ လုပ်ဆောင်မှု အသစ်အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးသွားဖို့ စီစဉ်ထားပြီး အောင်မြင်ခဲ့ပြီးသား ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ရုပ်သံဇာတ်လမ်းတွဲ တစ်ခုအသွင် ပြန်လည်ဖန်တီးဖို့ စီစဉ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကြည်စိုးထွန်းက မျိုးဆက်သစ် အနုပညာရှင်တွေအတွက် လက်ဆင့်ကမ်းစကားအနေနဲ့ ရိုးရိုးကျင့်မြင့်မြင့်ကြံပါလို့ပဲ ဆိုခဲ့ပါတယ်။ အထက်မှာ ဖတ်ရှုခဲ့ကြရတာတွေကတော့ ငါးထပ်ကွမ်းအကယ်ဒမီ ဆုရှင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ချစ်မြတ်နိုးစွာလုပ်ဆောင်ဆဲ၊ မျိုးဆက်သစ် အနုပညာရှင်တွေအတွက် လက်ဆင့်ကမ်း အနုပညာအမွေကို ပေးအပ်ဖို့ကြိုးစားဆဲဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာကြည်စိုးထွန်းရဲ့ ငယ်ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အောင်မြင်သူတိုင်းရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းတိုင်းမှာ အခက်အခဲတွေ၊ ဆူးငြောင့်ခလုတ်တွေမှာ ရှိတတ်ကြစမြဲပါ။

ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်ရင်း မိမိတို့ရဲ့အောင်မြင်မှုပန်းတိုင်ကို ရယူကျော်ဖြတ်နိုင်ကြတာကိုလည်း သူတို့ရဲ့ဘ၀ ဖြတ်သန်းမှုတွေကတစ်ဆင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။                                                      
လင်းလင်းခိုင်
Sources; Eleven Media Group

No comments:

Post a Comment