Latest News

Friday, January 6, 2017

မထသကို ယခုလ ၁၅ ရက်နေ့ အပြီးဖျက်သိမ်းမည်

မထသကို ယခုလ ၁၅ ရက်နေ့ အပြီးဖျက်သိမ်းမည်

ရန်ကုန်၊ ဇန်န၀ါရီ ၆

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကားများကို ထိန်းချုပ်နေသည့် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ (မထသ) ကို ယခုလ ၁၅ ရက်နေ့တွင် အပြီး ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့အတူ ယာဉ်လိုင်း ၃၀၀ ကျော်ကို နံပါတ် အသီးသီး တပ်၍ ဘတ်စ်ကားများ ပြေးဆွဲမှု စနစ်ကိုလည်း ဇန်န၀ါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ အပြီးသတ် ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ယာဉ်လိုင်း ၅၈ လိုင်းကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် ၀က်ဘ်ဆိုက်က တရားဝင် ထုတ်ပြန်မည်ဖြစ်ပြီး ခရီးသည်များ အလွယ်တကူ ကြည့်ရှုနိုင်ရန် Facebook လူမှုကွန်ရက်တွင် တင်ပေးမည်ဖြစ်ပြီး Mobile Application လည်း ဖန်တီးပေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

“၈၀ ရာခိုင်နှုန်းကျော်က ရှိပြီးသား လမ်းကြောင်းတွေပါ။ ပြည်သူလူထုကို စိတ်မပူဖို့ ပြောချင်ပါတယ်”ဟု ကရင်တိုင်း ၀န်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ Operation Team အဖွဲ့ဝင်လည်းဖြစ်၊ ယာဉ်ပိုင်ရှင်လည်း ဖြစ်သူ ဦးတရုတ်လေးက “ကုမ္ပဏီ နာမည် မရှိတော့ဘူး။ လိုင်းနံပါတ်လည်း မရှိတော့ဘူး။ ခရီးစဉ်လမ်းကြောင်းရဲ့ အမှတ်စဉ်ပဲရှိတယ်။ လိုင်းတူတယ်။ လမ်းကြောင်း တူသွားတော့ ပြိုင်မောင်းစရာ မလိုတော့ဘူး”ဟု မှတ်ချက်ပြုသည်။

စုပေါင်းစနစ် ယာဉ်လိုင်းပြေးဆွဲမှုတွင် ယာဉ်လိုင်းစီမံအုပ်ချုပ်သည့် ယာဉ်ပိုင်ရှင်အသင်းမှ ၀င်ငွေကို ယာဉ်ပိုင်ရှင်များကို အချိုးကျ ခွဲဝေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များကိုလည်း ဆက်သွယ်ထားသည့် ကုမ္ပဏီ မရှိပါက ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် မှတ်ပုံတင်နိုင်ကြောင်း ရန်ကုန်တိုင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Sources; The Voice

No comments:

Post a Comment