Latest News

Monday, January 16, 2017

နေရပ်စွန့်ခွာသူ များပြားမှုကြောင့် ချောက်မြို့နယ်တွင် ထန်းတက်သမားများ ရှားပါးလာပြီး ကျေးရွာအချို့တွင် ထန်းတက်သူ လုံးဝမရှိတော့သည်အထိ ဖြစ်လာ

နေရပ်စွန့်ခွာသူ များပြားမှုကြောင့် ချောက်မြို့နယ်တွင် ထန်းတက်သမားများ ရှားပါးလာပြီး ကျေးရွာအချို့တွင် ထန်းတက်သူ လုံးဝမရှိတော့သည်အထိ ဖြစ်လာ


မကွေးတိုင်းဒေသကြီးအတွင်း ထန်းလုပ်ငန်း အများဆုံးတည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သော ချောက်မြို့နယ်တွင် နေရပ်စွန့်ခွာသူ များပြားမှုကြောင့် ဆယ်စုနှစ်တစ်ခုစာအတွင်း ထန်းတက်သမားများ သိသာစွာရှားပါးလာပြီး ယနေ့အချိန်တွင် ကျေးရွာအချို့၌ ထန်းတက်သူ လုံးဝမရှိတော့သည်အထိ ရှားပါးလာကြောင်း ဒေသခံများထံမှ သိရသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်မှစ၍ မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာအများစုမှ လူငယ်များနှင့် သက်လတ်ပိုင်းအရွယ်များသည် မြို့ကြီးများနှင့် နိုင်ငံရပ်ခြားအထိ သွားရောက် အလုပ်လုပ်မှုများပြားလာခဲ့ကြောင်း၊ ထိုသို့ရွှေ့ပြောင်းလုပ်သား များပြားလာခြင်း၊ နေရပ်စွန့်ခွာသူ များများပြားခြင်းတို့ကြောင့် ထန်းတက်လုပ်ငန်း လုပ်ကိုင်သူများနည်းပါးလာကြောင်း၊ ထို့ကြောင့် ယခင်က ကျေးရွာတစ်ရွာတွင် ထန်းတက်လုပ်ငန်းလုပ်ကိုင်သူ ရာခိုင်နှုန်း ၅၀ ခန့်ရှိခဲ့သော ချောက်မြို့နယ် ဂွေးချိုကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၌ ယနေ့အချိန်တွင် ထန်းတက်သမား လုံးဝမရှိတော့သည်အထိ ဖြစ်လာကြောင်း၊ ထန်းတက်သမားများ ရှားပါးလာမှုကြောင့် အိမ်အမိုးအကာအဖြစ် အသုံးပြုရန် ထန်းရွက်ခုတ်နိုင်သူပင် ရှားပါးလာကြောင်း၊ ထို့ပြင် သစ်အစား အသုံးပြုရန် ထန်းပင်များအား အပင်လိုက်ခုတ်လှဲ ရောင်းချခြင်းများလည်း များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်ခြေ ၆၀ လောက်ရှိတဲ့ ဦးလေးတို့ရွာမှာ အရင်က ထန်းလုပ်သားချည်း ၁၅ ယောက်လောက်ရှိခဲ့ပါတယ်။ အခုကတော့ ထန်းလုပ်သားတစ်ယောက်မှ မရှိကြတော့ပါဘူး။ ရွှေ့ပြောင်းလုပ်သား များလာတယ်။ ထန်းလုပ်သားတွေက မြို့ကြီးတွေကို ထွက်သွားကြပြီး ကျပန်းလုပ်ကြတယ်။ ဖားကန့်ဘက်လည်း သွားကြတယ်။ မလေးရှားလည်း သွားကြတယ်။ ထန်းလုပ်သားဆိုတာလည်း မိသားစု ၀ိုင်းလုပ်ကြရတယ်။ မိသားစုလိုက်လည်း အလုပ်ဆင်းရဲကြရတယ်။ အခုကျ မိသားစုတစ်စုမှာ တစ်ယောက်နှစ်ယောက်လောက် ထွက်သွားကြတော့ မလုပ်နိုင်ကြတော့ပါဘူး” ဟု ချောက်မြို့နယ် ကြွယ်ကန် ကျေးရွာမှ တောင်သူဦးတင်မြင့်က ပြောကြားသည်။

ချောက်မြို့နယ် ဂွေးချိုကျေးရွာအုပ်စုမှ ကိုဇော်လင်းကြည်က “အရင်က အိမ်ခြေ ၁၀၀ ကျော်၊ ၂၀၀ လောက်ရှိတဲ့ရွာတွေဆို ထန်းတက်သမားက ရာခိုင်နှုန်း ၅၀ လောက် ရှိခဲ့တယ်။ ဆယ်စုနှစ်တစ်ခုစာလောက်မှာ ထန်းတက်သမား ရှားလာတာ အခုဆို ရွာမှာ မှတ်မှတ်ရရ တစ်ယောက်လောက်ပဲ ရှိတော့တယ်။ ထန်းသမားစကားပုံက ‘လှေကားထောင် ပြောင်၊ လှေကားလဲ မွဲ’လို့လည်း ရှိတယ်။ ထန်းလုပ်ငန်းဆိုတာက သက်စွန့်ဆံဖျား လုပ်ရတယ်။ မနက်စောစော ၄ နာရီလောက်က ထသွားပြီး ည ၈ နာရီလောက်မှ ပြန်ရတယ်။ စားတာသောက်တာလည်း ချို့ချို့တဲ့တဲ့ စားရသောက်ရတယ်။ အဲဒီတော့ မျိုးဆက်သစ်တွေက ထန်းလုပ်ငန်းတွေကို စိတ်မ၀င်စားတော့ဘဲ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ရန်ကုန်တို့၊ မလေးရှားတို့မှာသွားပြီး အလုပ်လုပ်လာကြတယ်” ဟု ပြောကြားသည်။

ထန်းတက်သမားများ ရှားပါးလာသောကြောင့် ထန်းလျက်ဈေးကွက်လည်း ပျောက်လုနီးဖြစ်လာကြောင်း ယခင်က ထန်းတက်လုပ်ငန်းများလှိုင်ချိန်တွင် ချောက်မြို့နယ်မှ ထွက်ရှိသည့် ထန်းလျက်များကို ကျောက်ပန်းတောင်း၊ တောင်တွင်းကြီးမြို့များသို့ တင်ပို့လေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


အောင်သူငြိမ်း (မကွေး)

Sources; Eleven Media Group

No comments:

Post a Comment