Latest News

Tuesday, January 10, 2017

အာဖဂန်လွှတ်တော်အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပြီး ၃၈ ဦးထက်မနည်း သေဆုံး

အာဖဂန်လွှတ်တော်အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပြီး ၃၈ ဦးထက်မနည်း သေဆုံး

အသေခံဗုံးခွဲသူတစ်ဦးက လွှတ်တော်အနီး လမ်းလျှောက်ချဉ်းကပ်လာခဲ့ပြီး ဗုံးဖောက်ခွဲခဲ့ပါတယ်။
     
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ လွှတ်တော်အဆောက်အအုံအနီး ယနေ့ (ဇန်နဝါရီ ၁၀ ရက်) ညနေပိုင်းက ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၃၈ ထက်မနည်းသေဆုံးပြီး အခြား လူ ၈၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုဟာ လွှတ်တော်ဝန်ထမ်းများ ရုံးဆင်းချိန်အတွင်း အသွားအလာများပြားစဉ်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

လွှတ်တော်အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပြီး မိနစ်ပိုင်းအကြာမှာပင် တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့အုပ်စုက လုပ်ဆောင်ခဲ့ကြောင်းနဲ့ အာဖဂန်ထောက်လှမ်းရေးအေဂျင်စီကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။

သို့သော်လည်း ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ လွှတ်တော်ဝန်ထမ်းများ အပါအဝင် အရပ်သားများဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းတွေက ပြောကြားမှုအရ လွှတ်တော်အဆောက်အအုံအနီး ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီးနောက် အသေခံဗုံးခွဲသူတစ်ဦးက လွှတ်တော်အနီး လမ်းလျှောက်ချဉ်းကပ်လာခဲ့ပြီး ဗုံးဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။



သေဆုံးသူများအနက် အာဖဂန် ထောက်လှမ်းရေးအေဂျင်စီရဲ့ ဒေသဆိုင်ရာ အကြီးအကဲတစ်ဦးလည်း ပါဝင်ကြောင်း အာဖဂန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဖဂန်အနောက်ပိုင်း ဟီရတ်ပြည်နယ်မှ လွှတ်တော်အမတ်ဖြစ်သူ ရာဟီမာဂျမီလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

လွှတ်တော်အဆောက်အအုံရဲ့ အခြားဘက်ခြမ်းမှာ ရပ်ထားတဲ့ ကားတစ်စီး ပေါက်ကွဲမှုစဖြစ်ခဲ့ပြီးနောက် လမ်းလျှောက်လာတဲ့ အသေခံဗုံးခွဲသမားက လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ဗုံးခွဲခဲ့ကြောင်း ဒဏ်ရာရခဲ့တဲ့ လွှတ်တော်လုံခြုံရေးတစ်ဦးက အေအက်ဖ်ပီသတင်းဌာကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီရန် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ်မှာ နောက်ထပ်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ အကြီးအကဲ အာမက်ဝါလီက ဆိုပါတယ်။ အာဖဂန်မှာ ယနေ့ အစောပိုင်းကလည်း နိုင်ငံတောင်ပိုင်းပြည်နယ် ဟဲလ်မန်းမှာ အသေခံဗုံးခွဲသူတစ်ဦးက ဗုံးဖောက်ခွဲမှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကိုလည်း တာလီဘန်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်း ပြောထားပါတယ်။ ဟဲလ်မန်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ ထောက်လှမ်းရေးအရာရှိတစ်ဦး တည်းခိုနေထိုင်တဲ့ လက်ရှ်ကာဂါမြို့ရှိ တည်းခိုခန်းကို ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

ဟဲလ်မန်းမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသတွေအနက် အရပ်သားများနဲ့ စစ်ဘက်ဝန်ထမ်းများ ပါဝင်ခဲ့ပြီး အခြား လူ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်ထားတဲ့ ကားတစ်စီးကိုလည်း တွေ့ခဲ့ကြောင်း သိရပါတယ်။

Source & Photo: BBC, Reuters, Duwun

No comments:

Post a Comment