Latest News

Thursday, January 5, 2017

သီချင်းဆိုနေသည့် အမျိုးသားတစ်ဦး မိုက်ခွက်မှတစ်ဆင့် ဓာတ်လိုက် သေဆုံးမှု တွံတေးမြို့နယ်၌ ဖြစ်ပွား

သီချင်းဆိုနေသည့် အမျိုးသားတစ်ဦး မိုက်ခွက်မှတစ်ဆင့် ဓာတ်လိုက် သေဆုံးမှု တွံတေးမြို့နယ်၌ ဖြစ်ပွား

တွံတေးမြို့နယ်တွင် သီချင်းဆိုနေသည့် အမျိုးသားတစ်ဦး မိုက်ခွက်မှတစ်ဆင့် ဓာတ်လိုက်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇန်န၀ါရီ ၃ ရက် နံနက် ၈ နာရီခန့်က အင်းစိန်ဆေးရုံသို့ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ ဓာတ်လိုက် သေဆုံးသည့် အမျိုးသားမှာ တွံတေးမြို့နယ်နေ ကို....(၂၂ နှစ်) ဆိုသူဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးရာ အဆိုပါ အမျိုးသားသည် ဇန်န၀ါရီ ၂ ရက် ည ၁၀ နာရီခန့်က တွံတေးမြို့နယ် တမံကြီးကျေးရွာရှိ ယောက္ခမ တော်စပ်သူနေအိမ်၌ ပြုလုပ်သည့် ၎င်း၏သားဖြစ်သူ ရက် ၁၀၀ ပြည့်မွေးနေ့ပွဲတွင် ကာရာအိုကေသီချင်းဆိုစဉ် မိုက်ခွက်မှတစ်ဆင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ခဲ့သည့်အတွက် ကို.....(၂၂ နှစ်) မှာ ၀ဲလက်ဖ၀ါး၌ ညိုမည်း ဒဏ်ရာရရှိခဲ့ကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ခလောက်ချိုက် နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Sources; သီဟအောင်၊ သန့်ဇင်ကျော် /Eleven Media Group

No comments:

Post a Comment