Latest News

Thursday, January 5, 2017

"ဖြစ်ရပ်တိုင်းမှာ စိတ်ထားကောင်းရန် အစီအစဉ်ရှိမရှိ တရားတော်"

"ဖြစ်ရပ်တိုင်းမှာ စိတ်ထားကောင်းရန် အစီအစဉ်ရှိမရှိ တရားတော်"

မနေ့က ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားသွားတဲ့တရားတော် အရမ်းကောင်းတယ်
ဖြစ်ရပ်တိုင်း၌ စိတ်ထားကောင်းရန် အစီအစဉ်ရှိမရှိ တရားတော်တဲ့ ၊

ဆရာတော်က အခုလွှတ်တော်ခေတ် ဆိုတော့ ဒီလို တရားခေါင်းစဉ်လေး တပ်လိုက်ရတာပါ ၊
သည်မေးခွန်းကိုတော့ လွှတ်တော်မှာတက်မေးဖို့ရန်မဟုတ်ပဲ ကိုယ့်နှလုံးသားလွှတ်တော်က ကိုယ့်မနောအစိုးရ (စိတ်)ကို နေ့စဉ် ဖြစ်ရပ်တိုင်းမပြုလုပ်ခင် မှာ ပြန်မေးခွန်းထုတ်ဖို့ပါဘဲတဲ့ ၊
နှစ်နာရီအတွင်းမှာဟောကြားသွားတဲ့တရားတွေက မှတ်သားစရာတွေ များလွန်းလို့ မှတ်မိသလောက် အခုရေးနိုင်သလောက် မျှဝေမယ်နော် ၊

စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားတာက အတူတူပဲပေါ့
စိတ်ထားကောင်းတာက ခံယူတာ ကောင်းတာ ၊ စိတ်ကောင်းထားတာက အလုပ်အဖြစ်ဖော်ဆောင်တာပေါ့တဲ့ ၊

လူတွေတိုင်းမှာ ကုသိုလ်တရားဆိုတာ တကူးတက အချိန်ပေးပြီးမှ လုပ်လို့ရတဲ့အရာမဟုတ်ပါဘူး
မိမိနေ့စဉ်အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အလုပ်တိုင်းမှာ စေတနာစိတ် ကောင်းစေချင်တဲ့စိတ် ဦးစီးပြီးလုပ်ဆောင်နေရင် ဒါဟာနေ့စဉ်ကုသိုလ်တရား ပွားများနေတာပါပဲတဲ့

ဆရာဝန်အလုပ်ကသာ သူများအသက်ကယ်လို့ မွန်မြတ်တယ် ကျောင်းဆရာမအလုပ်သာ သူတပါးကို ပညာမျှဝေလို့  ကုသိုလ်ရတယ် အဲသလိုမဟုတ်ပါဘူး ၊
ကာယကံ ဝစီကံ မနောကံနဲ့ ပြုသမျှကိစ္စတိုင်းမှာ စေတနာ မေတ္တာအခြေခံပြီး လုပ်ဆောင်သွားရင် ကုသိုလ်တရားနေ့စဉ်ပွားများနေခြင်းပါတဲ့ ၊

ဈေးရောင်းတဲ့သူလည်း စိတ်စေတနာထည့်ပြီး ရောင်းပေးရင် သန့်သန့်ရှင်းရှင်းပြင်ဆင်ပေးရင်
စိတ်စေတနာကောင်းကောင်းနဲ့ ပြောပြရှင်းပြပေးရင်
အပြုံးလေးနဲ့ ဝန်ဆောင်မှုပေးရင် ကုသိုလ်တရားတွေနေ့စဉ်ရပြီး ကောင်းကျိုးချမ်းသာတွေ မလွဲမသွေ ခံစားရပါတယ်တဲ့
စားပွဲထိုးလေးတစ်ယောက်အကြောင်း ဥပမာပေးဟောကြားသွားပါတယ် ၊

နောက်ပြီး အိုးအိမ်တိုက်တာ ဆောက်လုပ်ပေးတဲ့သူတွေ ၊ ကောင်းသောစိတ်စေတနာနဲ့ အိုးအိမ်တိုက်တာပြင်ဆင်ဆောက်လုပ်ပေးမယ် ၊ တိုင်းပြည်အုပ်ချုပ်မယ့်သူတွေလည်း
မိမိတို့နေ့စဉ် တိုင်းသူပြည်သားတွေအတွက် ဆောင်ရွက်မည့်ကိစ္စတွေမှာ ဆွေးနွေးကြမည့်ကိစ္စတွေမှာ စစ်မှန်သောစေတနာနဲ့ ကြံစည် ပြောဆို အားထုတ်လုပ်ကိုင်နေကြတာဟာ ကုသိုလ်တရားတွေဆည်းပူးနေတာပါပဲ

အလှူ့တကာ့အလှူမှာ တရားအလှူဟာ အမြတ်ဆုံးအလှူဆိုတယ်
မိမိသိတာကိုလည်းပြန်ဟောကြားတာမျှဝေတာလည်းကုသိုလ်ရတယ်တဲ့ ၊ဒါတွေကို အချိန်တိုင်းအားမထုတ်နိုင်တော့ မိမိတို့ စားဝတ်နေရေးအတွက် အားထားနေရတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကိုယ်စီမှာ စေတနာနှင့်သာ ဦးဆောင်ပြီး ကုသိုလ်တရားပွားများအောင် ကြ်းစားကြပါလို့ ဟောကြားပါတယ် ၊၊

နောက်ပြီး
ကံသုံးပါးကိုလည်း ထိန်းသိမ်းသင့်ကြောင်း အခုက အွန်လိုင်းခေတ်ဆိုတော့ မမန့်ခင် မတင်ခင် မရေးခင်မှာ အရင်စဉ်းစားပါ မိမိလည်းအကျိုးမရှိ သူတပါးအကျိုးမရှိတဲ့အရာဆို No ပါ ဆိုပြီး မိမိကိုယ်ကို ထိန်းသိမ်းပါတဲ့ ၊ ပါးစပ်ကနေပြောထွက်တာမဟုတ်သော်လည်း စိတ်ကပြောချင်တာ လက်ကရေးချလိုက်တာ အမူအရာနဲ့ ပြဖော်ဆောင်လိုက်တာ ဝစီကံထဲမှာပါတယ်တဲ့ ၊
သူ့ခေတ် သူ့အခါတုန်းက သည် အဝတ်အစားတွေဟာ ခေတ်မှီတဲ့ အရာတွေ အဆင်တွေဖြစ်နေမှာပေါ့ ကိုယ့်ခေတ် ကိုယ့်အခါ ကိုယ့်အမြင်နဲ့ မကိုက်တိုင်း မပြောဆိုနဲ့ အကုသိုလ်မဖြစ်စေနဲ့  ၊ ဘာပဲရေးရေး ဘာပဲတင်တင် ဘာပဲမန့်မန့် ကုသိုလ်တရားပွားများစေတာပဲ အကျိုးရှိတာပဲ ရေးပါ မန့်ပါတဲ့ ဘုန်းကြီးကတော့ အင်တာနက်တွေ ဝက်ဘဆိုက်တွေ မကြည့်တော့ဘူး ၊ စာအနည်းအကျဉ်းပဲဖတ်တော့တယ် တဲ့ ၊

နောက်တစ်ခုက ...
မုသားစကားပြောတာ ၊
အချို့ကျတော့ မုသားပြောလွယ်တာ ၊ မုသားပြောလွယ်တဲ့သူဟာ ကံငါးပါးထဲက တပါးကိုချိုးဖောက်တယ် မုသားပြောတဲ့သူများဟာ သွားတွေမလှဘူး ဂုဏ်သတင်းမကျော်စောဘူး ၊
အဲသည်နေရာမှာ မြတ်စွာဘုရားရဲ့ဂုဏ်တော်ထဲက အကျိုးမရှိသော စကားကိုဆိုတော်မမူသောမြတ်စွာဘုရား ဟုဆိုပြီး ဘုရားရဲ့ဂုဏ်တော်ကို အာရုံပြုပြီး ဆင်ခြင်ပါ ကိုယ့်ကိုယ်ကိုယ်လည်း အဲသည်လို အကျင့်မျိုးရအောင် မွေးမြူပါ မြတ်စွာဘုရားရှင်ဟာ ကောင်းသောစကားကို မှန်သောစကားကို အကျိုးရှိသောစကားကိုသာ ပါရမီဖြည့်ဆည်းဆိုတော်မူခဲ့တဲ့အတွက် မြတ်စွာဘုရားရဲ့ သွားတော် အရိုးတော်များဟာ အမြဲ ရောင်ခြည်တော်များထွက်ပေါ်လာပါတယ် ၊မြတ်စွာဘုရားပြုံးရုံပြုံးတော်မူတာနဲ့ နောက်တော်ပါးမှာ အမြဲရှိနေတဲ့ အရှင်အာနန္ဒာ ဟာ အမြဲဖူးမြင်ရပါသတဲ့ ၊

နောက်တစ်ခုက ဆရာတော် အပါအဝင် ဆရာတော်များခြောက်ပါးဟာ ဒကာကြီး ဦးမင်းကိုနိုင်နဲ့ ဒေါက်တာသီရိလွင် (??) တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးမှာ တရားဟောခဲ့ရပါတယ်တဲ့ ၊
ဆရာတော်များတစ်ပါးချင်းစီမှ တရားစကား တစ်ခွန်းနှစ်ခွန်း ဟောပြောချီးမြှင့်ပေးပါဘုရား လို့လျှောက်ထားလို့ နှစ်ခွန်းချီးမြှင့်ခဲ့ပါသတဲ့

ပထမ တစ်ခွန်းက

"မအေပေးမဖြစ်စေနဲ့တရားတော်"

တခါက ရွာတစ်ရွာမှာ ဆရာတော် တစ်ပါးရှိပါတယ်တဲ့
ဘုန်းကြီးတို့ ရဟန်းတွေမှာလည်း မိဘကျေးဇူးကိုဆွမ်းခံပြီး ပြုစုလုပ်ကျွေးလို့ရတယ် မြတ်စွာဘုရားကခွင့်ပြုတော်မူတယ်တဲ့၊

သည်ဖြစ်စဉ်ထဲကဆရာတော်ကတော့ မိခင်ကိုကျေးဇူးဆပ်တဲ့ ဆရာတော်မှန်ပါတယ် ၊ဒါပေမယ့် သူဟာ ဒကာတွေလှူသမျှအသုံးအဆောင်တွေ အလှူခံရသမျှ ဝတ္ထုငွေတွေ အားလုံး ကျောင်းမှာရှိတဲ့ ကိုယ်တော်တွေ စာပေပရိယတ္တိမှာလည်းမသုံး ၊ ကျောင်း ပျက်စီးနေတာကိုလည်းမပြုပြင် ရသမျှ အလှုခံပစ္စည်းဝတ္ထုငွေတွေကို သူ့မိခင်ကိုပဲပြန်စွန့်လှူတဲ့ ဆရာတော်ဖြစ်နေပါသတဲ့ ၊

ဒီလိုနဲ့ တနေ့ကျတော့ အလှူတစ်ခုမှာ အခြားနယ်က ကိုယ်တော်တွေနဲ့ဆုံပါတယ် မိဘကိုအပေးလွန်နေတဲ့သည်ဘုန်းကြီးအကြောင်းကို အခြားကိုယ်တော်များလည်း ကြားသိတော့ ဝါကြီးတဲ့ ကိုယ်တော်တစ်ပါးက
အလို မအေပေးကိုယ်တော်ပါလားလို့ နှုတ်ဆက်ခြင်းကိုခံလိုက်ရတယ်
 နှုတ်ဆက်တဲ့ကိုယ်တော်ကလည်း မအေကိုချည်းပေးကမ်းနေသော ကိုယ်တော်ပါလား ဆိုပြီးတော့ ရည်ရွယ်ပေမယ့် အသံထွက်ချင်းတူတဲ့ သာသာနှက်တဲ့ အဓိပ္ပါယ်နဲ့ပါ နှုတ်ဆက်သုံးနှုန်းလိုက်ပါသတဲ့

အဲသည်အချိန်ကစပြီး အဲသည်ကိုယ်တော်ဟာ မအေပေးကိုယ်တော် သူ့ကျောင်းဟာလည်း မအေပေးကျောင်းစသဖြင့် တွင်သွားပါတော့တယ်တဲ့
ပြောချင်တာက ဒကာကြီးကိုမင်းကိုနိုင်လည်း မိမိရဲ့မအေကိုချည်းမပေးကမ်းနဲ့
မျှမျှတတ တိုင်တိုင်ပင်ပင် ပေးကမ်းရမယ်
ကိုယ့်မိဘသာကျေးဇူးရှင်မဟုတ်ဘူး သူ့မိဘလည်း ကိုယ့်ကျေးဇူးရှင်ဖြစ်တယ်
သူ့မိဘများမွေးမြူပေးလို့ ကိုယ့်ရဲ့လောကဓံပါးချိုင့်လေးရတာ အဲတာကြောင့်မအေပေးမင်းကိုနိုင်မဖြစ်စေနဲ့  ထို့နည်းတူစွာ ဒကာမလေးလည်း မအေပေးတွေမဖြစ်စေနဲ့ မျှမျှတတ တိုင်တိုင်ပင်ပင်ပေးကြတဲ့ သူတွေဖြစ်နိုင်ကြပါစေတဲ့ ၊

နောက်ဒုတိယတစ်ခွန်းက မသာအပ်ပွဲပါတဲ့ ၊
တခါတုန်းက မိုးညင်းဆရာတော်ဘုရားလက်ထက်တုန်းကပေါ့ မိုးညင်းကျောင်းတိုက်မှာ သီတင်းသုံးနေခိုက် ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက စစ်ဘေးရှောင်တွေ ကျောင်းဝင်းအတွင်း လာရောက်ခိုလှူံကြပါသတဲ့ ၊အဲသည်မှာ ဒုက္ခသည်အချင်းချင်း ဒုက္ခတွေကြားထဲက မြင်ပါများပြီး အကြင်နာတွေထားကုန်ကြတော့ ဆရာတော်ဘုရားဟာ လက်ထပ်ပွဲတွေကို ချီးမြှင့်ပြောဆိုနေရပါရောတဲ့ ၊
အဲသည်မှာ အတွဲတစ်တွဲကို မိုးညင်းဆရာတော်ဘုရား ချီးမြှင့်တဲ့ စကားလေး ပြန်ချီးမြှင့်မယ်ဆိုပြီး ကိုမင်းကိုနိုင်တို့အတွဲကို ဒုတိယအခွန်းအနေနဲ့ ပြန်လည်ချီးမြှင့်ပါတယ် ၊
မင်္ဂလာဆောင်တယ်ဆိုတာ လောကသဘာဝအရ လက်ဆက်တာ ပူးပေါင်းကြတာပေါ့ အမှန်တော့ မင်္ဂလာဆောင်တဲ့ပွဲဟာ မသာအပ်တဲ့ပွဲလို့မှတ်ယူစေချင်ပါတယ်တဲ့ ၊
သည်လင် သည်မယားဟာ  အေးအတူ ပူအမျှ သစ္စာရှိစွာ မဖောက်မပြန် ကြင်ကြင်နာနာ စာနာနားလည်စွာ လက်တွဲကြပြီး သေသည့်အခါ တစ်ဦးက အလျှင်သေရင် နောက်တစ်ဦးက မသာချပေးရမယ် နောက်တစ်ဦးက ဦးစွာသေလျှင်လည်းနောက်တစ်ဦးက မသာချပေးဖို့ တာဝန်ရှိတယ် အဲတာကြောင့်ဒါသည်လည်းမသာအပ်ပွဲ တစ်ဦးမသာကို တစ်ဦး ပြန်ချပေးရမည် အထိ သံယောဇဉ် အကြင်နာတွေနဲ့ သံဝေဂတရားလေးပါပွားပြီး နေထိုင်သွားကြရမယ်လို့ ဆုံးမတော်မူပါသတဲ့ ၊

နောက်ပြီးလဆရာတော်က ထပ်ရှင်းပါတယ် သံယောဇဉ်ဆိုတာ လူသားနယ်ပယ်မှာကတော့ စွဲလမ်းခြင်းသာ အားသာတဲ့အတွက်ကြောင့် များသောအားဖြင့် အကုသိုလ်ကိုသာ ပွားများစေတတ်ပါတယ်တဲ့ ၊သံယောဇဉ်ကြောင့်လိုချင်တယ် တက်မက်တယ် ပူလောင်တယ် ဆင်းရဲတယ်တဲ့ ၊ ဘုန်းကြီးတို့သာသနာ့နယ်မှာ သံယောဇဉ်ကို နှစ်မျိုးနဲ့ထပ်ပိုင်းပါတယ်တဲ့ မေတ္တာအားသာသော သံယောဇဉ် ရာဂအားသာသော သံယောဇဉ် ၊
မေတ္တာ ဦးစီးသော သံယောဇဉ်သည် ကိုယ့်ကျိုးမဖက် သူ့အကျိုးကိုရှေးရှုတော့ ချမ်းသာခြင်းကိုဆောင်တယ် ရာဂဦးစီးတဲ့ သံယောဇဉ်ကတော့ ဆင်းရဲစေတတ်ပါတယ်တဲ့
အဲတာကြောင့်အရာရာ သတိလေးနဲ့ကွပ်ကဲပြီး ဥာဏ်ပညာအမျှော်အမြင်နဲ့ ဖြစ်ရပ်တိုင်းမှာ စိတ်ထားကောင်းထားပြီး ပြုမူလုပ်ဆောင်သွားကြပါလို့ ဆုံးမတော်မူပေးပါတယ်

😊😊😊😊😊  အားလုံးကိုကျေဇူးတင်ပါတယ် ဒီမှာပဲရပ်လိုက်တော့မယ်နော် ၊
အမှန်တော့ အများကြီးကျန်သေးတယ် ၊၊

Sources; မူရင်း ရေးသားသူ - ဒေါက်တာဒေါ်ယုယုသင်း / Ko Kyaw Thu

No comments:

Post a Comment