Latest News

Friday, January 13, 2017

အမေရိကန်ပညာရေး (စာသင်ကြားပုံ နှင့်မေဂျာရွေးပုံ)

အမေရိကန်ပညာရေး (စာသင်ကြားပုံ နှင့်မေဂျာရွေးပုံ)

အမေရိကန်ကကျောင်းတွေမှာ စာသင်တဲ့ပုံစံ စာမေးပွဲမေးတဲ့ပုံစံဟာ မြန်မာတွေအတွက် အထူးအဆန်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့စာသင်ပုံကကျောင်းသားတွေကို ဘာကိုမှအလွတ်မကျက်ခိုင်းဘူး။ အဓိက မြန်မာပြည်နဲ့ကွာတာကတော့ Formula တွေသင်တဲ့အခါပဲ။ ကျနော်မှတ်မိသေးတယ် YIT ပထမနှစ်တုန်းက သင်္ချာ တစ်ဘာသာတည်းကို formula ၁၀၀ နီးပါးမှတ်ခဲ့ရတယ်။

ဒီနိုင်ငံကအယူအဆကတော့ အဲ့ဒီ formula တွေက ကျောင်းပီးရင်ခေါင်းထဲမှာ မကျန်ဘူးဆိုတာကိုသိတယ်။ ဒီတော့ သူတို့ စာသင်ပုံက concept ကိုပဲအဓိက သင်တာ။ စာမေးပွဲခန်းတွေမှာဆိုရင် calculator အပြင် formula စာရွက်တွေ တစ်ယောက်တစ်ရွက်စီလိုက်ပေးထားတယ်။ ဒီတော့ ကျောင်းသားတွေဟာ Formula တွေကိုမှတ်ဖို့မလိုဘူး။ တွက်ရမယ့်ပုစ္ဆာဆိုရင်ပေးထားတဲ့ ကိုယ်ထင်တဲ့ formula ထဲကိုထည့်ပီးတွက်တော့ အချိန်မြန်တယ်။

ဒီတော့ပုစ္ဆာများများကိုမေးလို့ရတယ်။ တကယ်သိရမှာက ဘယ်မေးခွန်းကိုဘယ် formula သုံးပီးတွက်ရမယ်ဆိုတာပဲ။ တကယ့်လက်တွေ့ဘဝမှာလည်း formula ဘယ်လောက်ပဲသိသိ calculator တွေ computer program တွေနဲ့ပဲတွက်နေတာပဲလေ။ သူတို့ရဲ့ အဓိက ဆောင်ပုဒ်က “Don’t reinvent the wheel” တဲ့။ ဟုတ်တယ်လေ ဘီးကို ထွင်ခဲ့ကြလို့ ဒီနေ့ခေတ်မှာ လူတွေလိုရာသွားပီး လကမ္ဘာတောင် ခရီးရောက်နေမှာတော့ ဘာဖြစ်လို့ဘီးကိုအချိန်ကုန်ခံပီး တီထွင်ဖို့လိုမှာလည်း?ဒီလို ဘီးတပ်ရင် ရွေ့ရလွယ်မယ်ဆိုတဲ့ အိုင်ဒီယာ သိရင်ရပီလေ။

နောက်တစ်ချက်က အဟောင်းတွေကို မှတ်ရတာများရင် အသစ်တီထွင်ရာမှာအားနည်းသွားတယ်။ ဥပမာတစ်ခုပေးရရင် ကွန်ပြူတာ ရဲ့ CPU ကိုလုပ်တာ လက်ရှိအမြန်ဆုံးကွန်ပြူတာ CPU ပါ။ ဒါပေမယ့် ဒီထက်မြန်တဲ့ CPU ကိုထွင်ဖို့ဆိုရင် အသစ်ထုတ်လိုက်တဲ့ ပိုမြန်တဲ့ CPU ကိုသုံးရမှာပါ။ အဟောင်း CPU ကိုသုံးလို့မရပါဘူး။ ဒီတော့ အမေရိကန်ကျောင်းသားတွေကို သင်ကြားတာက လက်ရှိ လက်ခံပီးသား သီအိုရီတွေသုံးပီး ဒီ့ထက်ကောင်းတဲ့သီအိုရီကို တီထွင်ခိုင်းတာပါ။

တခါတရံ အဟောင်းကိုသုံးရင်းနဲ့ အဟောင်းရဲ့အားနည်းချက်တွေ မှားယွင်းမှုတွေကို ပိုပီး သိမြင်လာတော့ အဟောင်းကိုပယ်ဖျက်ပီးအသစ်တီထွင်လေ့ရှိတယ်။ အများအားဖြင့် Finance (ငွေရေးကြေးရေး)ဘာသာရပ်တွေမှာဆိုရင် သီအိုရီတွေက ထပ်တလဲလဲပြောင်းနေတာ။ ကျနော်တို့မြန်မာပြည်ပညာရေးရဲ့အားနည်းချက်က အဟောင်းကိုပဲအသေမှတ်ခိုင်းထားတော့ အသစ်တီထွင်ဖို့အချိန်မရတော့တဲ့အပြင် မှားယွင်းနေတဲ့အဟောင်းအပေါ်မှာ အရိုးစွဲသွားတက်တယ်။

တခါက စာရေးဆရာကြီးအောင်သင်း ပြောခဲ့သလို “အဖေထက် သားကတစ်လ အမြဲကြီးနေရမယ်။ အဲ့ဒီလိုမကြီးရင်နောက်မျိုးဆက်ဟာ ပိုပီးပညာနည်းသွားမယ်” တဲ့။ သူပြောတာက အဖေက ဆယ်တန်းပဲအောင်ရင် သားက ဘွဲ့ရသင့်တာပေါ့။ ကျနော်တို့မြန်မာပြည်ရဲ့ပညာရေးကိုလည်း နောက်မျိုးဆက်ကိုအသိဉာဏ်တွေ ပိုပီးဖွင့်ပေးနိုင်အောင် သူတို့ကိုလွတ်လပ်စွာတွေးခွင့် လုပ်ခွင့် ပေးပြီး လေ့လာရမယ့် စာတွေကို ပိုပီးကျယ်ပြန့်အောင်လုပ်ပေးသင့်တယ်ထင်တယ်။

ဒီလိုလုပ်ရာမှာအရေးအကြီးဆုံးအချက်က ဆရာတွေပါ။ ကျနော် အနန္ဒဂိုဏ်းဝင်ဘယ်ဆရာကိုမှစော်ကားခြင်းမဟုတ်ပါ။ ဒါပေမယ့် မြန်မာပြည်ကဆရာဆရာမတော်တော်များများဟာ တချို့ကျောင်းသားတွေရဲ့ ကပ်သီးကပ်သပ်မေးခွန်းတွေကို အချိန်ပေးပီး မဖြေချင်ကြဘူး။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ (၁) အဲ့ဒီဆရာကိုယ်တိုင် အဖြေမသိလို့ (၂) သိသော်လည်းဖြေရမှာစိတ်မရှည်လို့။ ဒီနိုင်ငံမှာတော့ ဖြေလွန်းလို့တခါတလေ စာသင်ချိန်တဝက်လောက်ကုန်သွားတယ်။ သူတို့လိုချင်တာက ဆန်းသစ်တဲ့တွေးခေါ်မှုပါ။ သမရိုးကျ အတွေးအခေါ်ကိုစိတ်မဝင်စားဘူး။ ဒါကြောင့်လည်း တီထွင်မှုတော်တော်များများကို နေ့စဉ်နဲ့အမျှလုပ်နေကြတာပေါ့။

အကျဉ်းချုံးပြောရရင်တော့ မြန်မာပြည်ပညာရေးမှာ ဆရာဆရာမတွေကိုယ်တိုင် ခေတ်မှီအောင် စဉ်ဆက်မပြက်လေ့လာနေရမယ်။ ကျောင်းသားတွေကို မေးခွင့်များစွာပေးရမယ်။ သင်ခန်းစာတွေကို အာငုံဆောင်ဖို့ထက် သိနားလည်အောင် ပိုကြိုးစားပီး လေ့လာရမယ့်ဧရိယာကို အကျယ်ကြီးဖွင့်ပေးရမယ်။ ဥပမာ ကျောင်းသားတွေအတွက်ဒီစာအုပ်ထဲကပဲမေးခွန်းတွေမေးမယ်ဆိုရင် တခြားကောင်းနိုးရာရာတွေကိုရှာဖတ်ဖို့စိတ်မဝင်စားတော့ဘူးလေ။ ဒီတော့ သတ်မှတ်ထားတဲ့စာအုပ်ထဲမှာမပါတဲ့မေးခွန်းတွေကို ၁၀-၂၀% လောက် အမှတ်ပိုအဖြစ်မေးရင် ကျောင်းသားတွေ စာကြည့်တိုက်ကိုအချိန်မှန်သွားကြမှာပါ။

နောက်တစ်ခုက ဒီက မေဂျာခွဲခြင်းပါ။ ဒီခေါင်းစဉ်နဲ့မဆိုင်ပေမယ့်လဲ နောက်တစ်ပို့စ်အဖြစ်ရေးချင်စိတ်မရှိတာကြောင့်ပြောပါရစေ။ မြန်မာပြည်မှာက တကယ့်အလုပ်ခွင်နဲ့မပါတ်သတ်တဲ့ မေဂျာတွေမတရားများနေတယ်။ ဥပမာ ကလေးတစ်ယောက်ဟာ ဆယ်တန်းမှာ အမှတ်မကောင်းလို့ အသက်မွေးလမ်းကြောင်းတက္ကသိုလ်တစ်ခုကိုမဝင်ရင် သူရဲ့ဘဝက Physic Chemistry Zoology တို့လို လက်တွေ့အလုပ်ခွင်တွေနဲ့ဘာမှမအပ်စပ်တဲ့ ဘွဲ့တွေပေးလိုက်တော့ အလုပ်ခွင်အတွက်လည်းအကျိုးမပြု၊ ကျောင်းတက်ပီးငွေကုန်ရကြိုးလဲမနပ်ပဲ ဘွဲ့ရ လယ်ရာပြန်စားရေးတွေများသွားတော့ ယနေ့လိုပွင့်လင်းလာတဲ့အချိန်မှာ Skill worker တွေရှားသွားတယ်လို့ထင်ပါတယ်။

တကယ်တော့ ခုဏကမေဂျာတွေကို တကယ်စိတ်ဝင်စားသူတွေပဲ အဲ့ဒီမေဂျာတွေကိုပေးတက်သင့်ပီး တခြားထူးချွန်ထက်မြက်သော်လည်း အသက်မွေးဝမ်းကျောင်းတွေကိုအမှတ်မမှီသူတွေအတွက် သူတို့စိတ်ဝင်စားတဲ့အသက်မွေးပညာရပ်တွေကို လေ့လာခွင့်ပေးသင့်ပါတယ်။ အမေရိကန်မှာတော့ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေလေ့လာသူတွေက 80% ထက်မနည်းပဲရှိပီး ခုဏက မေဂျာတွေကို တကယ်စိတ်ဝင်စားတဲလူတွေက ၂၀% တောင်မရှိပါ။

မိမိစိတ်ကြိုက်မေဂျာကိုကြိုက်တဲ့အချိန်မှာ ကြိုက်သလိုပြောင်းနိုင်ပါတယ်။ အင်ဂျင်နီယာတက်နေပီးမှ ရှေ့နေလုပ်ချင်လဲရပါတယ်။ ရှေ့နေမေဂျာအတွက်လိုအပ်တဲ့ တူနေတဲ့တချို့သောဘာသာရပ်တွေကို အင်ဂျင်နီယာကျောင်းမှာတက်ထားဘူးတော့ ပြန်တက်စရာမလိုပါ။ တချို့ရှေ့နေအတန်းမှာမလိုတဲ့အင်ဂျင်နီယာဘာသာရပ်တွေအတွက်တော့ ဆုံးရှုံးမှာပါ။

ဆွေးနွေးနိုင်ပါတယ်။ အပြုသဘောနဲ့ပါ။

Sources; Aung Myo Win : Kanaung

No comments:

Post a Comment