Latest News

Friday, January 13, 2017

ကျောင်းနေ ပျော်စေချင်

ကျောင်းနေ ပျော်စေချင်

အခြေခံပညာကျောင်းတွေရဲ့ကျောင်းဝင်း ထဲ ခြေချမိလိုက်တာနဲ့တွေ့ရမယ့် ဆိုင်းဘုတ်တွေကတော့

”အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” တို့၊

”ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသသက်မွေး၊ ဘက်စုံပညာရေး”တို့၊

”စိတ် ဓာတ်၊ စည်းကမ်း၊ ပညာ”တို့၊

”ကျောင်းနေပျော်၍ စာ တော်ရမည်”တို့ စတာတွေပါပဲ။

အဲဒီအမျိုးမျိုးအဖုံဖုံ သောဆိုင်းဘုတ်တွေမှာ ”ကျောင်းနေပျော်၍ စာတော်ရ မည်” ဆိုတာလေးကိုကြည့်ပြီး ကျောင်းသားတွေကျောင်း မပျော်ဖြစ်ကြရတာ သတိပြုစပ်စုကြည့်မိပါတယ်။

ကျောင်းသားတစ်ယောက်ကျောင်းပျော်ဖို့ဆိုတာ သင်ကြားတဲ့ဆရာ၊ ဆရာမက တပည့်မမွေးဘဲ တန်းတူ ညီမျှသင်ကြားပေးမှရယ်၊ ကစားချိန်ကစား, နားချိန်နား ရမှရယ်၊ နေ့ရှိသရွေ့တစာတည်းစာမနေမှရယ်၊ ကျောင်း ဟာမိသားစု အသိုက်အမြုံတစ်ခုပုံစံဖြစ်နေမှရယ် ကျောင်း ပျော်ကျောင်းသားတွေဖြစ်ကြမှာပါ။

အဲသလိုမှမဟုတ် ဘဲ ကျောင်းရောက်ပြီဆိုလိုက်တာနဲ့ တစ်ခုမဟုတ် တစ်ခုပြစ်တင်ကြိမ်းမောင်း၊ ဆူပူမာန်မဲ၊ စောင်းမြောင်းပြော ဆိုခံနေရမယ်ဆိုရင် ဘယ်မှာလာပြီး ကျောင်းပျော်နိုင်ကြ ပါ့မလဲ။

ဒီနေ့ခေတ် မြန်မာနိုင်ငံကကျောင်းတွေ (အခြေခံ မှာရော အဆင့်မြင့်မှာပါ) မှာ ကျောင်းပြင်ပသင်ကြားမှု (ကျူရှင်) ကင်းတဲ့ ဆရာ၊ ကျောင်းသား မရှိသလောက်ရှား ပါတယ်။ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မယူရင် အတန်းထဲမှာ ကျောင်းသားမျက်နှာမရဖြစ်ရတာ နားနဲ့ မဆံ့အောင်ကြားခဲ့ရ၊ ကြားနေရဆဲပါ။ မြို့ပေါ်အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာကြီး၊ ဆရာမကြီး တော်တော်များများ တစ်ပြိုင်နက်လိုလို ပင်စင်ယူသွားကြ တဲ့အခါဆရာမလတ်၊ ဆရာမငယ်တွေတစ်ဆင့်တက်နေရာ ရလာကြပါတယ်။

အဲဒီလိုရလာကြတဲ့အခါ တန်းခွဲ အေ၊ ဘီ၊ စီ အတန်းပိုင် လုပွဲကြီးဖြစ်လာကြပါတယ်။ အဲဒီတန်း ခွဲလုပွဲကြီးကို ကျောင်းအုပ်ဆရာကြီးက တန်းခွဲအလှည့်ကျ ယူစနစ်နဲ့ ဖြေရှင်းပေးလိုက်ပါတယ်။ အဲဒီမှာအေတန်း အတန်းပိုင်ဖြစ်ခဲ့တဲ့ဆရာမက စီတန်းအတန်းပိုင်ဖြစ်သွား ပါတယ်။

အဲဒီမှာတက်လာတဲ့ပြဿနာက သူ့ဆီကျူရှင် လာတက်တဲ့ ကျောင်းသား ခုနစ်ယောက်ပဲ ရလိုက်ခြင်းပါ ပဲ။ ကိုယ့်ဆီလာတက်တဲ့ ကျောင်းသားအရေအတွက်နည်း ခြင်းက ကျောင်းတွင်း လယ်ဗယ်တူ ဆရာမတွေကြားမှာ ဂုဏ်ငယ်စရာ၊ မျက်နှာငယ်စရာကောင်းတဲ့အရာလို့များ မှတ်ယူထားကြလေသလားမသိ။ အဆိုပါဆရာမ သူ့ဆီ ကျူရှင်လာမတက်တဲ့ကျောင်းသားတွေကို ဗြောင်ဖွင့်မေး ပြီးဆူပါ၊ ပူပါတော့တယ်။ တစ်သက်နဲ့တစ်ကိုယ် ခုလို အဖြစ်မျိုးကြုံကိုမကြုံဖူးကြောင်း၊ ခုမှခံရလေခြင်း၊ သိက္ခာ ကျရလေခြင်းဆိုပြီး ကျောင်းသားတွေကိုစောင်းမြောင်း ပြစ်တင်သမှုပြုပါတော့တယ်။ ဒီတော့ကျောင်းသားတွေ အဲဒီဆရာမ အချိန်ရောက်မှာ၊ အဲဒီဆရာမနဲ့မျက်နှာချင်း ဆိုင်ရမှာ စိုးရွံ့နေကြရပြီးစေတသိကဒုက္ခ ခံစားကြရပါတော့ တယ်။

ဘယ်မှာလာပြီးကျောင်းပျော်စာတော် နိုင်ကြပါ တော့မလဲ။

ကျောင်းသားတွေကို ကျောင်းမပျော်စာမပျော်ဖြစ် စေတဲ့ကျင့်နည်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ စာ မေးပွဲမေးခွန်းထုတ်ရာမှာ ပညာပြမေးခွန်းထုတ်ပြီးကျောင်း သားကိုပညာပေးခြင်းနည်းပါပဲ။

မေးခွန်းကိုကျောင်းသား တွေ (သူ့ဆီကျူရှင်လာမတက်တဲ့ကျောင်းသားတွေ) မဖြေ နိုင်လောက်အောင်ခက်တဲ့မေးခွန်းမေး၊ မဖြေနိုင်တော့ ဒါလေးလောက်တောင်မဖြေနိုင်ရကောင်းလားလို့ အပြစ် ဖို့၊ အဲဒါတခြားကျူရှင်ဆရာအားကိုးချင်ဦး၊ အဲဒါကြောင့် နင်တို့ဒီမေးခွန်းကို မဖြေနိုင်တာဆိုပြီးနှိပ်ကွပ်။ ဘယ် လောက်များ ဆရာစိတ်မရှိလိုက်သလဲဆိုတာ။ မကောင်း မြင်စိတ်နဲ့ အပြစ်ရှာပြီးအပြစ်ပြောချင်လို့ပါ။ အဲဒီလို ဆရာမမျိုးတစ်ယောက်တလေရှိတာနဲ့ ဆရာ၊ ဆရာမ အားလုံးကို သိမ်းကြုံးပြောနေတာပါလို့ ဆိုကောင်းဆို ကြပါလိမ့်မယ်။

အဲသလိုမျိုးဆရာမမျိုးတစ်ကျောင်း တစ်ယောက်ရှိနေမယ်ဆိုရင် အဲဒီဆရာမသင်ကြားပေး ရတဲ့ကျောင်းသား ၄ဝ, ၅ဝရဲ့ တတ်မြောက်မှုနဲ့ထားရှိရ မယ့်စိတ်ထား ဘယ်လောက်အဟောသိကံဖြစ်သွားမလဲ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အရေအတွက် ဘယ် လောက်ထိရှိသွားမလဲဆိုတာ တွေးသာကြည့်ပါတော့။ အဲဒီလိုမျိုး ဉာဏလေလွင့်မှု (Intellectual waste)ကြောင့် တိုင်းပြည်နိုင်ငံအတွက် ဘယ်လောက်ထိနစ်နာသွားနိုင် သလဲဆိုတာထိ ကြည့်မယ်ဆိုရင် နိုင်ငံနဲ့လူမျိုးအတွက် အတိုင်းအဆမဲ့ နစ်နာဆုံးရှုံးမှုလို့တောင်ဆိုရမှာပါ။

ခု တင်ပြခဲ့တာတွေက တစ်စိတ်တစ်ပိုင်းမျှသာပဲရှိပါသေး တယ်။ သင်ထားတဲ့အတိုင်း သင်္ချာကိုမတွက်ခဲ့လို့ လေ့ ကျင့်ခန်းစာအုပ် လွှင့်ပစ်ခံရတဲ့ကျောင်းသားတွေ၊ စာစီ စာကုံးကိုရေးပေးထားတဲ့အတိုင်း ကျက်မဖြေလို့အမှတ် တစ်မှတ်မှမပေးတာတွေလည်း မကြားချင်အဆုံးပါ။

ဒီတော့ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ အစိုးရ ကျောင်းတွေ အပေါ်အလေးထားအားကိုးမှုနည်းလာကြ တာတွေ့နေရပါပြီ။ ဒါတွေကို အခြေခံကျောင်းတွေမျက် ခြည်မပြတ်သင့်ပါဘူး။

ခေတ်တွေ၊ စနစ်တွေပြောင်းလဲနေမှုက အခြေခံ ပညာအဆင့်မှာ ကိုယ်ပိုင်ကျောင်းတွေဖွင့်ခွင့်ပြုလာတဲ့ အခါ ကျောင်းသားမိဘတွေ ကိုယ်ပိုင်ကျောင်းတွေဘက် ကိုအာရုံပြောင်းလာကြတာ တွေ့ရပါတယ်။

ကိုယ်ပိုင် ကျောင်းအားလုံးက သင်ကြားရေးဆရာ၊ ဆရာမတွေဟာ ကျောင်းပြင်ပမှာ ကိုယ့်ကျောင်းက ကျောင်းသားကိုပြန်ပြီး ကျူရှင်လုံးဝပေးခွင့်မရှိပါဘူး။ အဲဒီလိုပေးခဲ့ရင် သက်ဆိုင် ရာကျောင်းက ထုတ်ပယ်ခြင်းခံကြရမှာဖြစ်ပါတယ်။ နောက် တစ်ခုက ကိုယ်တာဝန်ယူသင်ကြားပေးရတဲ့ဘာသာရပ် အပေါ်မှာ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ပြီး၊ ကျောင်းသားကို အမှန်တကယ်တတ်မြောက်အောင်သင် ကြားပေးနိုင်ပါမှ နောက်နှစ်၊ နောက်နှစ်တွေမှာ ဆက်ပြီး ခန့်ထားခြင်းခံကြရမှာဖြစ်တော့ ကာယဉာဏ စွမ်းအားတွေ ကို ဆတက်ထမ်းပိုးတိုးထုတ်ပြီး သင်ကြားပေးကြပါတယ်။

ဒါ့ပြင် ဖြည့်စွက်ဘာသာရပ်တွေဖြစ်တဲ့ ဘဝတစ်သက်တာ ကျွမ်းကျင်ရာဘာသာရပ်၊ အင်္ဂလိပ်စကားပြော၊ ကွန်ပျူတာ၊ ပန်းချီ၊ ဂီတ၊ အိမ်တွင်းမှု၊ အားကစားတွေကို အမှန် တကယ် သင်ကြားပေးနေတာတွေ့ရပါတယ်။ နောက်ပြီး ကျောင်းသားတွေကိုလည်း အိမ်တိုင်ရာရောက်ကြိုပို့လုပ် ဆောင်ပေးတဲ့အတွက်လည်း ကိုယ့်သားသမီးကျောင်း မတက်ဘဲ တစ်နေရာရာမှာ လေလွင့်ပျက်စီးသွားမှာမစိုးရိမ် ကြရတော့ပါ။

အဲဒီလိုမျိုးအားသာချက်တွေကြောင့် ကျောင်းသားမိဘတော်တော်များများရဲ့ အာရုံဟာ ကိုယ် ပိုင်ကျောင်းတွေဆီ ရောက်ရှိအပ်နှံတာများလာတာကို တွေ့ရပါတယ်။ ဒါတွေကို အစိုးရကျောင်းတွေက ဆက် လက်ပြီး လျစ်လျူရှုနေဦးမယ်ဆိုရင်တော့ဖြင့် ကျောင်းသား မိဘတွေနဲ့ ကျောင်းသားတွေရဲ့ ယုံကြည်အားထားခံရ မှုဟာ နည်းသည်ထက်နည်းသွားပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်၊ အကောင်အထည်ပေါ်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဒီမိုကရေစီပညာ ရေးဆိုတာ ကျောင်းသားတွေကို ထားရှိရမယ့်စိတ်ထား (Attitude)၊ ကျွမ်းကျင်တတ်မြောက်မှု (Skills)၊ ပညာ (Knowledge)၊ ဒီမိုကရေစီ၏တန်ဖိုးနှင့်စံနှုန်းများ (Democratic values and norms) ရရှိစေပြီး အဲဒီအရည်အ သွေး (Capacity) တွေကို လူ့ဘောင်အသိုင်းအဝိုင်းတွေ မှာစွမ်းရည်ပြည့်ပြည့်၊ တာဝန်သိသိအသုံးချနိုင်စေဖို့ဖြစ် ပါတယ်။

ဒါမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော် သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ရွှေရောင်အနာဂတ် (Golden Future) တွေဖြစ်ပါတယ်။

ရွှေရောင်အနာဂတ်ကိုဖန်တီးတည် ဆောက်အကောင်အထည်ဖော်ကြမယ့် လူငယ်တွေစွမ်း ရည်ပြည့်ဝတဲ့ပညာရှင်၊ ပညာတတ်တွေဖြစ်ဖို့ကျောင်း နေပျော်ဖို့ဟာ အလွန်တရာမှကို အရေးကြီးလှပါတယ်။

ဒါကြောင့် လူငယ်ဖန်တီးရှင်တွေကို တောင်ပြောင်တဲ့ လူငယ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ဆရာ၊ ဆရာမတွေအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်အောင်၊ ကျောင်း ပျော်ကျောင်းသားတွေဖြစ်အောင် အစဉ်ကြိုးပမ်းအားထုတ် နိုင်တဲ့ဆရာ၊ ဆရာမတွေဖြစ်အောင် အသိနဲ့သတိယှဉ် ပြီး ပေးဆပ်နိုင်ကြပါစေလို့သာ…။ ။

Sources;  မြင့်အောင်လေး Kanaung

No comments:

Post a Comment