Latest News

Wednesday, January 18, 2017

ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကလေး ၁၄ ရာခိုင်နှုန်းကျော်ဟာ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာ

ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကလေး ၁၄ ရာခိုင်နှုန်းကျော်ဟာ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာ

ရှေးရိုးစွဲအစားရှောင်တာမျိုးတွေ မလုပ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရပြည့်အောင်စားရမယ့် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (Yangon Central Women's Hospital)မှာ မွေးဖွားလာတဲ့ ကလေးငယ်စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်းကျော်ဟာ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတယ်လို့  သိရပါတယ်။

ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးဆိုတာဟာ မွေးဖွားရာမှာ  ၅ ပေါင် ၈ အောင်စအောက် လျော့နည်းတဲ့ ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပြီး ၅ ပေါင် ၈ အောင်စရှိမှသာ ကိုယ်အလေးချိန်ပြည့်ပြီး အဟာရပြည့်ဝတဲ့ ကလေးငယ်အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်မပြည့်မီမှုအတွက် လောလောဆယ်မှာ ရှေးရိုးစွဲအစားရှောင်တာမျိုးတွေ မလုပ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရပြည့်အောင်စားရမယ့် ပညာပေးလုပ်ငန်းတွေနဲ့ ကိုယ်ဝန် လာအပ်တဲ့နေရာမှာ မိခင်တွေကို အာထရာဆောင်းရိုက်ပြီးတော့ ကလေးကြီးထွားမှုနှုန်းကိုကြည့်တာတွေ လုပ်ဆောင်နေတယ်လို့  ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှ ပါမောက္ခ ဒေါက်တာ နမ့်စန်းစန်းအေးက ပြောထားပါတယ်။
ကိုယ်အလေးချိန် မပြည့်ဘဲ  ကလေးမွေးခြင်းဟာ မိခင်ကျန်းမာရေးမကောင်းမွန်တာ၊ မိခင်ဆေးလိပ်သောက်တာနဲ့ လမစေ့ဘဲ မွေးဖွားခြင်းတို့ကြောင့် ဖြစ်ပြီး အဆိုပါကလေးငယ်တွေမှာကိုယ်ခံအားနည်းခြင်းနဲ့ အခြားရောဂါတွေ ၀င်ရောက်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားမှု၊ သေဆုံးမှုစာရင်းမှတ်ပုံတင်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၁၄-၁၅ အတွင်း မွေးဖွားတဲ့ ကလေးဦးရေတစ်ရာမှာ ၃၆ ဦး သေဆုံးနေပြီး မွေးကင်းစကလေးငယ် သေဆုံးနှုန်းကြည့်ပါက ၂၈ ရက်အောက် ကလေးငယ်တွေမှာ ပေါင်မပြည့်တာ၊ လမစေ့ဘဲ မွေးဖွားတာ၊ ရေမွန်းတာနဲ့ ပိုးဝင်တာတွေကြောင့် အများဆုံး သေဆုံးနေရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Source: 7Day Daily: Duwun

No comments:

Post a Comment