Latest News

Wednesday, January 18, 2017

ပါရမီရှင် မွန်ကလေးငယ်ကို ကြေးစားဘောလုံးသမားဖြစ်သည်အထိ လက်စတာက ကူညီမည်

ပါရမီရှင် မွန်ကလေးငယ်ကို ကြေးစားဘောလုံးသမားဖြစ်သည်အထိ လက်စတာက ကူညီမည်

အံ့မခန်း ဘောလုံးစွမ်းရည်ပြသနိုင်ခဲ့တဲ့ အသက် ၇ နှစ်အရွယ် မွန်ကလေးငယ်ကို လက်စတာစီးတီး ဘောလုံးအသင်းကနေ ပံ့ပိုးကူညီမှုတွေ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ အသင်းပိုင်ရှင် ထိုင်းဘီလျံနာ ဗီချိုင် ဆီရိဗက်ဒ်နာပရာဘာက ပြောပါတယ်။

ဆူဝင် ဒါမှမဟုတ် နွန်ပီးလို့ လူသိများတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ထိုင်းရုပ်သံအစီအစဉ်တခုမှာ ဘောလုံးဂိုးဘားတန်းကို ၃ ကြိမ်တိတိ ထိအောင်ကန်ပြပြီး စွမ်းရည်ပြသနိုင်ခဲ့ပြီးနောက် နာမည်ကျော်ကြားနေခဲ့တာပါ။

အဲဒီနောက်မှာတော့ ဘောလုံးကလပ်အသင်းတွေ အများစုက သူ့ကို လေ့ကျင့်ပျိုးထောင်ပေးဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိလာခဲ့တာပါ။

Workpoint Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှ ဆူဝင်ရဲ့ ဘောလုံးစွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုကြသူ အနည်းဆုံး ၉ ဒသမ ၁ သန်းလောက်ထိ ရှိလာခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လက်စတာဘောလုံးအသင်းမှ ပြောရေးဆိုခွင့်ရသူတဦးဖြစ်တဲ့ ဒု-ဥက္ကဋ္ဌ အယ်ရဝပ် ဆီရိ ဗက်ဒနာပရာဘာက နွန်ပီးကို တကယ့်ကြေးစားဘောလုံးသမားတဦး ဖြစ်တဲ့အထိ အသင်းအနေနဲ့ ပညာရေးရော လေ့ကျင့်ရေးပိုင်းမှာပါ ပံ့ပိုးကူညီပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အယ်ရဝပ်က လက်စတာစီးတီး အင်တာနေရှင်နယ်အကယ်ဒမီရဲ့ သံတမန်တဦးဖြစ်သလို ထိုင်းအမျိုးသားဘောလုံးအသင်း နည်းပြလည်းဖြစ်တဲ့ ကိုင်တီဆတ်နဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ၊ ဒါမှမဟုတ် သင့်တော်တဲ့ နိုင်ငံခြားတိုင်းပြည်တခုခုမှာ ပညာဆက်လက်သင်ကြားပေးဖို့အတွက် ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။

“ကလေးက ခုမှ ၇ နှစ်ဆိုတော့ အ၀တ်ဖြူတခုလိုပဲ။ ကျနော်တို့အနေနဲ့ ခုချိန်မှာ ဘာပဲထည့်ထည့် အားလုံးလက်ခံနိုင်မယ့် အခြေအနေပါပဲ။ ကျနော်တို့က သူ့ကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ မှန်ကန်တဲ့ ဦးတည်ချက်တခုနဲ့ ကြီးပြင်းစေလိုပါတယ်” လို့ သူက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ်ရောက်ချိန်မှာ ကြေးစား ပရိုဘောလုံးသမားတယောက် ဖြစ်လာစေဖို့အတွက် ကုန်ကျငွေဟာ ဘတ်ငွေသန်း ၃၀ ကနေ ၄၀ ကြားထိ ကုန်ကျနိုင်မယ်လို့ အသင်းက ခန့်မှန်းတွက်ချက်ထားတာပါ။

မြန်မာနိုင်ငံ၊ မွန်လူမျိုးမိဘတွေက မွေးဖွားလာတဲ့ နွန်ပီးဟာ ထိုင်းနိုင်ငံသားတဦး မဟုတ်သေးပါဘူး။ သူ့ရဲ့မိဘတွေဟာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ရောက်ရှိလာခဲ့ကြတာပါ။

အယ်ရဝပ်က နွန်ပီးကို ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ရှင်သန်စေလိုပြီး တကယ်တမ်းကတော့ သူ့အသက် ၁၈ နှစ်ပြည့်ချိန်မှသာ ဆက်လက်ဆုံးဖြတ်စေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နွန်ပီးကတော့ သတင်းစာရှင်းလင်းပွဲမှာ “လေ့ကျင့်သင်ကြားပေးတဲ့ ကာလမှာ ကျနော့်ကို အာရုံစိုက်လာအောင် ကြိုးစားမယ်လို့ ကတိပေးပါတယ်။ ကျနော် ထိုင်းအမျိုးသားဘောလုံးအသင်းမှာ ကစားချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Sources: DVB

No comments:

Post a Comment