Latest News

Thursday, January 5, 2017

သရုပ်ဆောင်လွင်မိုးမိသားစု အသက်အန္တရာယ် စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်မှူးစောနေဗလုဆို

သရုပ်ဆောင်လွင်မိုးမိသားစု အသက်အန္တရာယ် စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်မှူးစောနေဗလုဆို

ဇန်နဝါရီ ၅ ရန်ကုန်။

မြေယာအငြင်းပွားမှုနဲ့ပတ်သတ်ပြီး မိသားစုရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သရုပ်ဆောင်လွင်မိုးကပြောဆိုခဲ့တာနဲ့ပတ်သတ်ပြီး စိုးရိမ်ဖို့ မလိုအပ်ဘူးလို့ KNLA တပ်မဟာ ၇ မှဗိုလ်မှူးစောနေဗလုက သည်ကနေ့တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

သရုပ်ဆောင်လွင်မိုးက ၄င်းဝယ်ယူထားတဲ့ မြေယာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ပတ်သက်နေ တာကြောင့် မိသားစုအတွက်ကို စိုးရိမ်မှုရှိလာကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ကသတင်းစာရှင်းလင်း ပွဲမှာပြောကြားခဲ့ပါတယ်။

လက်ရှိမှာ သရုပ်ဆောင်လွင်မိုးနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA တပ်မဟာ၇ ဗိုလ်မှူး စောနေဗလု တို့ဟာ ကျိုက်ထိုမြို့ ရာဘာခြံအမှတ် ၁၇၆(က)မှာ မြေယာအငြင်းပွားမှုဖြစ်ပေါ်နေပါတယ်။

သရုပ်ဆောင်လွင်မိုးက ဟော်တယ်ဆောက်လုပ်ဖို့ဝယ်ယူထားတယ်ဆိုတဲ့ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထိုမြို့က ရာဘာခြံအမှတ်၁၇၆ (က)ကို ခြံပိုင်ရှင်ဆိုသူ ဦးကျော်သူရလှိုင်ဆီက ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ သရုပ်ဆောင်လွင်မိုး ကပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီရော်ဘာခြံဟာ ဦးသန်းအောင်ဆိုသူပိုင်ဆိုင်ထားတာဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် ဗိုလ်မှူး စောနေဗလုကို ပြန်လည်ရောင်းချခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင် ဦးသန်းအောင်က ပြောပါတယ်။

ဦးကျော်သူရလှိုင်မှာ ကျိုက်ထီးရိုးဘုရား ကင်ပွန်းချောင်းကျေးရွာမှာ ကျေးရွာဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်အစိုးရလက်ထက်မှာ ကျေးရွာမြေယာစီမံခန့်ခွဲရေးကော်မတီမှာ ရှစ်နစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

ဦးသန်းအောင်က“ကျွန်တော်အလုပ်ကိစ္စတွေ၊စီးပွားရေးကိစ္စတွေနဲ့ နိုင်ငံခြားရောက်နေတဲ့အချိန် ကျွန်တော့်ခြံထဲမှာ ကျော်သူရလှိုင်ဆိုသူက ရော်ဘာဝင်စိုက်နေတယ်ဆိုပြီး ကျွန်တော်အသိကဖုန်းနဲ့လှမ်းပြောတယ် အဲ့ဒါနဲ့ကျွန်တော်လည်း ကျိုက်ထိုကိုပြန်လာပြီး ကျော်သူရလှိုင်နဲ့ တွေ့တယ် နောက်ပြီးသူနဲ့တွေ့တော့ ကျွန်တော့်ကိုဂရမ်အစစ်ရှိလားမေးတယ် ကျွန်တော်ကမြို့နယ်အုပ်ချုပ်ရေး မှူးကို တိုင်ပေမယ့် ဘယ်သူမှအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ဘူး“လို့ ပြောပါတယ်။

သရုပ်ဆောင်လွင်မိုးက သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးစောနေဗလုဆိုတာ KNU/ KNLA တပ်မဟာ ၇ က မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒါပေမယ်ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးစောနေဗလုက တပ်မဟာ ၇ ရဲ့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သူ့ရဲ့ ရာထူးနဲ့ လတ်မှတ်ကို မီဒီယာတွေကို တရားဝင်ထုတ်ပြခဲ့ပါတယ်။

သရုပ်ဆောင်လွင်မိုးနဲ့ ဗိုလ်မှူး စောနေဗလုတို့ အငြင်းပွားမှုဖြစ်ပြီး ဗိုလ်မှူးဘက်က ခြံကို ခြံ ၀င်းခတ်ထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၄ရက်နေ့မှာ နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးစောနေဗလု ရှိနေတဲ့ဟိုတယ်ကို လာရောက်ပြီး BGF ရဲ့လက်နက်တွေကို ခြံထဲမှာ ( သရုပ်ဆောင်လွင်မိုးဝယ်ယူခဲ့တဲ့ခြံထဲမှာ )သိမ်းဆည်းထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူအင်အားအယောက် ၂၀ ကလက်နက်အပြည့်အစုံနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးစောနေဗလု ရဲ့ပြောပြချက်အရ အဆိုပါလက်နက်တွေဟာ သူပိုင်ပစ္စည်းတွေလည်းမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။လက်ရှိအချိန်မှာ ဗိုလ်မှူးစောနေဗလုအပါအဝင် လူလေးဦးဟာကျိုက်ထိုမြို့နယ် တရားရုံးမှာလက်နက်ရှာဖွေတွေ့ရှိမှုနဲ့ပတ်သက်ပြီးအမှုရင်ဆိုင်နေရပါတယ်။

ဗိုလ်မှူးစောနေဗလုက သတင်းစာရှင်းလင်းပွဲမှာ BGF အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သရုပ်ဆောင်လွင်မိုးရဲ့ဆက်နွယ်မှုတွေ ကို ဓာတ်ပုံနဲ့တကွထုတ်ပြခဲ့ပါတယ်။

ဗိုလ်မှူးစောနေဗလုက “အဲဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ဆုံပြီးရှင်းကြတာပေါ့ ပုဂ္ဂိုလ်ရေးအရစော်ကားလာရင်ပြင်းပြင်းထန်ထန် တရားစွဲဆိုမယ်ဆိုတဲ့ကိုလွင်မိုးရဲ့အဆိုအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်”လို့ပြောပါတယ်။

သူကဆက်ပြီး အခုလောလောဆယ်တော့ ကျွန်တော်တို့ကိုယ်တိုင်တရားရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ဘာမှပြန်မတုန့်ပြန်နိုင်သေးဘူး ဒါတွေပြီးရင်တော့ ကျွန်တော်တို့ရဲစခန်းနဲ့ BGF ကိုတရားစွဲဖို့အစီစဉ်ရှိပါတယ် “လို့ ပြောပါတယ်။

လက်ရှိအချိန်မှာအဆိုပါခြံဝင်းကို သရုပ်ဆောင်လွင်မိုးဘက်က ပြန်လည် ရယူထားပြီး ခြံဝင်းတွေ အခိုင်အမာခတ်ထားတယ်လို့သိရပါတယ်။

Sources; ဝင်းနန္ဒာ Kumudra

No comments:

Post a Comment