Latest News

Wednesday, January 18, 2017

ရခိုင်မဟာမုနိဘုရားအား ရှေးမူမပျက် ဆက်လက် ကိုးကွယ်ပူဇော်နိုင်ရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မည်

ရခိုင်မဟာမုနိဘုရားအား ရှေးမူမပျက် ဆက်လက် ကိုးကွယ်ပူဇော်နိုင်ရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မည်


စစ်တွေ ဇန်နဝါရီ ၁၈

ကျောက်တော်မြို့ရှိ ရခိုင်မဟာမုနိဘုရားအား ရှေးမူမပျက် ဆက်လက် ကိုးကွယ်ပူဇော်နိုင်ရေးနှင့် မလိုအပ်သော စလွယ် တော်အား စွန့်ပစ်နိုင်ရေးအတွက် ရခိုင်ပြည်နယ် သြဝါဒါစရိယ ဆရာတော် ကြီးများနှင့် ပြည်နယ်သံဃနာယကဆရာတော်ကြီး များ၊ ကျောက်တော်မြို့နယ် သြဝါဒါစရိယဆရာတော်ကြီးများ နှင့် မြို့နယ်သံဃနာယက ဆရာတော် ကြီးများ၊ မဟာမုနိဘုရား အား ရှေးမူမပျက်ပူဇော်နိုင်ရေး အကျိုးဆောင်အဖွဲ့မှ တာဝန်ရှိ သူများ ပူးပေါင်းညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ ရခိုင်မဟာမုနိဘုရားသည် ရွှေကပ် ပူဇော်ခြင်း၊ စလွယ်တော်တပ်ပြီး ပူဇော်ထားခြင်းများကြောင့် ရှေးမူ လက်ရာများ ပျောက် လာခြင်း၊ တစ်နေ့ထက်တစ်နေ့ ရွှေကပ်မှုများပြားလာခြင်းတို့ကြောင့် နဂိုမူလ ဘုရား၏ အနေ အထားများ ပပျောက်လာရာ ရှေးမူမပျက်ပူဇော်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အနှံ့ရှိ ရဟန်းရှင်လူ ပြည်သူတို့၏ ဆန္ဒကို ရယူကာ ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြ ခဲ့ကြောင်း၊ မဟာမုနိဘုရားမှ ရွှေများကို ဇန်နဝါရီ ၁၂ ရက်က စတင်ခွာပြီး ဇန်နဝါရီ ၁၇ ရက်တွင် အားလုံးခွာ၍ ပြီးစီးကြောင်း၊ ကျန်ရှိသော စလွယ်တော် အား စွန့်ပယ်ရေးကိစ္စတွင် မြို့နယ်သြဝါဒါစရိယဆရာတော်များက အစပိုင်း တွင် ဟန့်တားမှုမပြုဘဲ နောက်ပိုင်းတွင် ဟန့်တားမှုပြု လာသဖြင့် မပြီးမပြတ်ဖြစ်နေရ ကြောင်း စသည်ဖြင့် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်း က ကျောက်တော်မြို့ သာသနာ့ဗိမာန်၌ ကျင်းပသော အကျိုးဆောင် အဖွဲ့၏ ဆောင်ရွက်ချက်များကို အများပြည်သူသို့ ရှင်းလင်းသည့် အစည်း အဝေးတွင် အကျိုးဆောင်အဖွဲ့ဝင် ဦးမောင်ထွန်းခင်က ပြောကြားသည်။

မဟာမုနိဘုရားအား ရှေးမူမပျက်ပူဇော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးကြောင်း ပြည်နယ်ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း က ဇန်နဝါရီ ၁ ရက်တွင် လာရောက် အကြောင်းကြားခဲ့ကာ နောက်ထပ်လည်း နှစ်ကြိမ်ထပ်မံရောက်ခဲ့ပြီး ရွှေ ခွာရေးအတွက် အဖွဲ့များ ဖွဲ့ ၍ စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
မဟာမုနိဘုရား၌ ကပ်လှူထားသောရွှေများကို ရှေးမူမပျက် စေရန် ကျွမ်းကျင် ပညာရှင်များဖြင့် ခွာယူရာ ကိုယ်တော်ပေါ်မှ ရွှေ ၈၇၈ ကျပ်သား၊ မကိုဋ်တော် မှ ရွှေနှင့်ကျောက်မျက်ရတနာ မျိုးစုံ ၂၂၉ ကျပ်သားရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား များက ရှေးမူ အတိုင်း ပူဇော်နိုင်ရေးကို လိုလားလျက်ရှိကြောင်း သိရသည်။

Sources: သတင်း-လေးဝတီထွန်းစောခိုင်၊ ဓာတ်ပုံ-ဖရုံကာသား(MOI)

No comments:

Post a Comment