Latest News

Wednesday, January 18, 2017

ဦးမျိုးရန်နောင်သိမ်း၏ လေးကြိမ်မြောက် အာမခံလျှောက်ထားမှု ပယ်ချခံရ

ဦးမျိုးရန်နောင်သိမ်း၏ လေးကြိမ်မြောက် အာမခံလျှောက်ထားမှု ပယ်ချခံရ


ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံထားရသည့် ဦးမျိုးရန်နောင်သိမ်းကို ဇန်နဝါရီ ၁၇ ရက် ရုံးချိန်းတွင် တွေ့ရစဉ်။ ဇော်ဇော်ထွေး/ မြန်မာတိုင်း(မ်)ဆက်သွယ်ရေးပုဒ်မဖြင့် တရားစွဲခံထားရသည့် ဦးမျိုးရန်နောင်သိမ်းကို ဇန်နဝါရီ ၁၇ ရက် ရုံးချိန်းတွင် တွေ့ရစဉ်။ ဇော်ဇော်ထွေး/ မြန်မာတိုင်း(မ်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများကို
အသရေဖျက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲတင်ခြင်းခံထားရသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအဖွဲ့ဝင် ဦးမျိုးရန်နောင်သိမ်း၏ လေးကြိမ်မြောက်အာမခံ လျှောက်ထားမှုကို ကမာရွတ်မြိုနယ် တရားရုံးက ဇန်နဝါရီ ၁၇ ရက် ရုံးချိန်းတွင် ထပ်မံပယ်ချလိုက်သည်။

၎င်း၏ အာမခံလျှောက်ထားချက်ပါ တင်ပြချက်များသည် ၄၉၇၁ အာမခံထားရေးဥပဒေအရ ခြွင်းချက်ခွင့်ပြုထားသည့် အချက်များဖြင့် အကျုံးဝင်မှုမရှိခြင်းကြောင့် ယခင်မြို့နယ်
တရားရုံးနှင့် ခရိုင်အဆင့် တရားရုံးများက ပယ်ဖျက်ရန် အမိန့်ချမှတ်ထားခဲ့သည့် တင်ပြချက်များသာဖြစ်နေပြီး ယခင်အတိုင်းပင် အာမခံလျှောက်ထားမှုကို ပယ်ဖျက်လိုက်သည်ဟု မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အာမခံ ထပ်လျှောက်တော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ သတ်မှတ်ချက်ကိုလည်း ကျွန်တော်တို့ မလိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုမျိုးရန်နောင်သိမ်းက အမျိုးသမီးမဟုတ်ဘူး။ နာမကျန်းဖြစ်နေတဲ့သူလည်း
မဟုတ်ဘူး''ဟု ဦးမျိုးရန်နောင်သိမ်း၏ ရှေ့နေဖြစ်သူ ဦးကျော်ဟိုးက တရားရုံးချိန်းအပြီးတွင် သတင်းထောက်များကို ပြောသည်။

၎င်းတို့၏ အာမခံလျှောက်ထားမှုသည် ၄၉၇၁ အာမခံလျှောက်ထားမှုဥပဒေပါ ကင်းလွတ်ခွင့်ပြုထားသည့် အချက်လေးချက်နှင့် အကျုံးဝင်မှုမရှိဟုဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ
ဦးကျော်ဟိုးက ပြောသည်။

အဆိုပါ ၄၉၇၁ ဥပဒေအရ အာမခံဖြင့်အချုပ်လွှတ် တရားရင်ဆိုင်ခွင့် ရရှိရေး လျှောက်ထားသူများသည် အမျိုးသမီးများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ၊
အိုမင်းမစွမ်းသူများနှင့် အပြင်းအထန် နာမကျန်းဖြစ်နေသူများသာ ခြွင်းချက် အနေဖြင့် လျှောက်ထားခွင့်ပြုထားခြင်း ဖြစ်သည်။

''တရားရုံး တစ်ခုနဲ့တစ်ခုက တစ်တိုင်းတည်းမှာကိုပဲ ဘာကြောင့် ဥပဒေတစ်ခုနဲ့တစ်ခု မတူတာလဲ ဆိုတာကို နားမလည်နိုင်ဘူး။ ဒီပုဒ်မတစ်ခုတည်းနဲ့ပဲ တခြားလူတွေ
အာမခံရတယ်။ အထက်က ဖိအားတစ်ခုရှိနေတယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့်မို့ တရားရုံးက အာမခံမပေးရဲဘူးလို့ ကျွန်တော်မြင်တယ်'' ဟု ဆက်သွယ်ရေး
ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရင်ဆိုင်နေရသည့် ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

တရားရုံးချိန်းတွင် ဦးမျိုးရန်နောင်သိမ်း၏ လက်ကိုင်ဖုန်းကို ဖမ်းဆီးသိမ်းဆည်းစဉ်က အသိသက်သေအဖြစ် ဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့်
လက်ရှိအမှုကို လွှဲပြောင်းရယူထားသည့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အမှုစစ်ရဲအုပ် မောင်မောင်အေးတို့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရုံးချိန်းကို တရားလိုဖြစ်သည့်
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးလင်းထွန်းနှင့် တပ်မတော် တာဝန်ရှိသူနှစ်ဦးလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲတင်ခံရမှုတွင် ပြစ်မှုမြောက်၊ မမြောက်နှင့် စွဲချက်တင်သင့်၊ မတင်သင့်ကို ရှေ့လာမည့်ရုံးချိန်းတွင် လျှောက်လဲရမည်ဖြစ်ပြီး၊ တရားလိုများစွဲဆိုထားသည့် အသရေ ဖျက်မှုသည်
မှန်ကန်ခိုင်မာမှု မရှိသဖြင့် တရားရှင်လွှတ်ပေးရန် လာမည့်ရုံးချိန်းတွင် လျှောက်လဲတင်ပြသွားမည်ဟု ဦးမျိုးရန်နောင်သိမ်း၏ ရှေ့နေဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။

ဦးမျိုးရန်နောင်သိမ်းသည် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ၏ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့တွင် အတွင်းရေးမှူး တာဝန်
ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရဲစခန်းများကို ဘင်္ဂါလီလူမျိုးများ၏ စီးနင်းတိုက်ခိုက်ခံရမှုများတွင် ရဲတပ်ဖွဲ့၊
နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်ယူဆောင်ရွက်ခဲ့မှုများကို အောက်တိုဘာ ၁၄ ရက်တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ရေးသားဝေဖန်ခဲ့မှုပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းတပ်နယ်မှူးက တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာနှင့်အသရေကို ပျက်အောင် လုပ်သည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၃၁
ရက်တွင် အမှုဖွင့်တိုင်တန်းခဲ့ပြီး လှိုင်မြို့နယ် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးမျိုးရန်နောင်သိမ်းအမှုအတွက် နောက်တစ်ကြိမ် ရုံးချိန်းကို လာမည့် ဇန်နဝါရီ ၂၄ရက်တွင် ပြုလုပ်ရန် ကမာရွတ်မြို့နယ်တရားရုံးက ချိန်းဆိုထားသည်။

Sources: The Myanmar Times

https://m.facebook.com/story.php?story_fbid=10154168689725976&id=269917285975

No comments:

Post a Comment