Latest News

Wednesday, January 18, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် လူကုန်ကူးမှု ခုနစ်မှုဖြစ်ပွားခဲ့

မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် လူကုန်ကူးမှု ခုနစ်မှုဖြစ်ပွားခဲ့



၂ဝ၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၁၃ မှုအနက်ခုနစ်မှုမှာ တရုတ်ပြည်သို့ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မန္တလေး)မှ ရဲမှူးဖေသိန်းကျော်က ပြောသည်။

''မန္တလေးတိုင်းဒေသကြီးက တရုတ်ပြည်နဲ့နီးတော့ များသောအားဖြင့် အမျိုးသမီးငယ်လေးတွေကိုရောင်းစားတဲ့ဖြစ်စဉ်များတယ်။ အရင်တုန်းက တရုတ်ပြည်မှာ အလုပ်ကောင်းတယ်ဆိုပြီးခေါ်သွားတာ။ အခုကျတော့ အဲဒီလိုမျိုးမဟုတ်တော့ဘဲ မူဆယ်မှာ အလုပ်ကောင်းတယ်ဆိုပြီး ခေါ်လာတယ်။ မူဆယ်ရောက်တော့ အလုပ်က တရုတ်ပြည်ဘက်ပြောင်းသွားပြီ။ လိုက်သွားရမယ်ဆိုပြီး ဟိုရောက်တော့မှ ရောင်းစားတယ်''ဟု ၄င်းက ပြောသည်။ တရုတ်ပြည်သို့ အမျိုးသမီးငယ်များ ရောင်းစားသည့်ဖြစ်စဉ်တွင် တရုတ်အမျိုးသားထံ ရောင်းစားခံရသည့်အမျိုးသမီးများ ကိုယ်တိုင်ပြန်လည်လူကုန်ကူးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ၄င်းက ပြောသည်။

''တရုတ်အမျိုးသားနဲ့ညားပြီး ကလေးရပြီးသားမိန်းမက တရုတ်နှစ်သစ်ကူးမှာ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ပြန်လာတယ်။ သူပြန်တော့ ဒီကအမျိုးသမီးတွေကိုလည်း စည်းရုံးခေါ်သွားတယ်။ ဒုတိယအခေါက်ခေါ်သွားတဲ့ကောင်မလေးက လည်လည်ဝယ်ဝယ်ရှိပြီး သက်ဆိုင်ရာကို ဆက်သွယ်လာတဲ့အတွက်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်''ဟု ၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ ပြည်တွင်းလူကုန်ကူးမှုခြောက်မှု၊ တရုတ်ပြည်သို့လူကုန်ကူးမှုခုနစ်မှုဖြစ်ပွားခဲ့ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မန္တလေး)က ပြည်တွင်းလူကုန်ကူးမှုလေးမှုနှင့် တရုတ်ပြည်သို့ လူကုန်ကူးမှုသုံးမှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ကျန်သည့်ခြောက်မှုမှာ နစ်နာသူတိုင်ကြားခြင်းကြောင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

လူကုန်ကူးမှုများနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူကုန်ကူးသူများသည် စီးပွားရေးမပြေလည်သည့် အမျိုးသမီးငယ်များကို ပစ်မှတ်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။

Sources: သန်းနိုင်စိုး ( The Myanmar Times )

https://m.facebook.com/story.php?story_fbid=10154168714400976&id=269917285975

No comments:

Post a Comment