Latest News

Friday, January 13, 2017

သတိဆိုတဲ့နေအိမ်

သတိဆိုတဲ့နေအိမ်

ဘဝကို စမ်းတဝါးဝါးနေကြတာ များပါတယ်။ ရမ်းပြီးတော့လုပ်နေကြတာလည်း များတယ်။ မှန်းပြီးတော့လုပ်နေကြတာလည်း ရှိတယ်။ တစ်ခါတစ်လေ ကိစ္စတစ်ခုကိုလုပ်ချင်လွန်းလို့ လုပ်တယ်။ လုပ်ပြီးလို့ တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု လိုချင်တယ်ဆိုပြီးတော့ ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲဒီလိုဖြစ်တာတွေ အင်မတန်များပါတယ်။ ကိုယ့်ဘဝကိုကိုယ်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဘုန်းကြီးကိုယ်တိုင်လည်း လိုချင်လွန်းလို့ ဖြစ်ချင်လွန်းလို့ အချိန်တွေ နှစ်တွေ အင်အားတွေ အများကြီးအကုန်ခံပြီး အပင်ပန်းခံလုပ်ခဲ့တာတွေ ရှိတယ်။ တကယ်ရလာ ဖြစ်လာတဲ့အခါကျတော့ ငါလိုချင်တာ ဒါမဟုတ်ဘူးလို့ သိရတယ်။ အဲဒီအခါမှာ အချိန်တွေ အများကြီးကုန်ခဲ့ပြီ။ အင်အားတွေ အများကြီးကုန်ခဲ့ပြီ။ ခုလို ကိုယ်တကယ်ဘာလိုချင်မှန်း ဘာဖြစ်ချင်မှန်း တိတိကျကျ ပြတ်ပြတ်သားသားမသိပဲနဲ့ ဘဝကို စမ်းတဝါးဝါးနေကြတဲ့သူတွေ အင်မတန်များလှပါတယ်။

တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့လုပ်ချင်တာလဲ။ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား။ ဂုဏ်လိုချင်လို့လား။ သူများအထင်ကြီးတာ လိုချင်လို့လား။ ကြွားချင်လို့လား။ ရေရှည်လုပ်နိုင်မှာလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင် လုပ်တယ်။ မလုပ်သင့်တာဆိုရင် မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။ ကိုယ့်စိတ်ကိုကိုယ်မသိရင် မဖြစ်နိုင်တာကြီးကို ဖြစ်ချင်ဇောအားကြီးပြီးတော့ သိပ်ကြိုးစားပြီးလုပ်တယ်။ဖြစ်မလာတဲ့အခါကျတော့ စိတ်ညစ်တယ်။ စိတ်ပျက်တယ်။ အချိန်တွေကုန်တယ်။ ငွေတွေကုန်တယ်။အင်အားတွေ ကုန်တယ်။

တရားအားထုတ်တဲ့သူ၊ ကိုယ့်စိတ်ကိုသတိနဲ့ကြည့်တတ်တဲ့သူဟာ အခြေအနေ အချိန်အခါ အချက်အလက်အားလုံးကို ခြုံငုံသုံးသပ်နိုင်တယ်။ မဖြစ်နိုင်တာကို မဖြစ်နိုင်မှန်းသိတယ်။ ဖြစ်နိုင်တာကို ဖြစ်နိုင်မှန်းသိတယ်။ ဖြစ်နိုင်တာကိုဖြစ်နိုင်မှန်းသိပြီး တကယ်ကြိုးစားတော့ ဖြစ်တာလည်းများတယ်။ ဖြစ်တာများတော့ အချိန် အလကားဖြစ်မသွားဘူး။ အင်အားတွေ အလကားဖြစ်မသွားဘူး။ ကျေနပ်မှုလည်း ပိုရတယ်။ ရှေ့ဆက်ပြီး ဒီထက်ကောင်းတာတွေ ထပ်ပြီးကြိုးစားပြီး လုပ်လို့ရတယ်။

ဒီတော့ တရားကိုသိတဲ့သူ၊ စိတ်ကိုသိတဲ့သူဟာ လောကီရေးဖြစ်ဖြစ် တစ်ခြားကိစ္စမှာပဲဖြစ်ဖြစ် လုပ်သင့်တာကိုလုပ်တယ်။ မလုပ်သင့်တာကို မလုပ်ဘူး။ ဖြစ်နိုင်တာကိုလုပ်တယ်။ မဖြစ်နိုင်တာကို မလုပ်ဘူး။ တစ်ချို့ကိစ္စတွေဟာ အခုမဖြစ်နိုင်သေးဘူး။ နောင်မှ ဖြစ်မယ်ဆိုရင် အချိန်လေးခဏဆိုင်းပြီးနေနိုင်တယ်။ အေးအေးဆေးဆေး စောင့်နိုင်တယ်။ တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်။ ဇွဲကောင်းတယ်။ လွယ်လွယ်နဲ့စိတ်မပျက်ဘူး။ ဒါကြောင့် တကယ်တန်ဖိုးရှိတဲ့အလုပ်ကို ရေရှည်စီမံကိန်းနဲ့လုပ်တယ်။ ဖြစ်တာ များတယ်။ ဒါကြောင့် အောင်မြင်မှုလည်းရတယ်။

လူတွေမှာ အင်မတန်ကြီးမားတဲ့အစွမ်းသတ္တိတွေ အများကြီးရှိပါတယ်။ အဲဒီစွမ်းရည်သတ္တိတွေဟာ ကစဥ့်ကရဲဖြစ်နေတယ်။ ဟိုဟာလိုလို ဒီဟာလိုလို လုပ်ချင်တာတွေများနေတယ်။ ဒီတစ်ခုလုပ်လိုက် ပျက်သွားလိုက်၊ နောက်တစ်ခုလုပ်လိုက် ပျက်သွားလိုက်နဲ့ ရှေ့ကိုတက်ဖို့ရာ သိပ်အလားအလာမရှိဘူး။ ဘယ်ဟာမှ မရေရာဘူးဖြစ်နေတယ်။ အပြောင်းအလဲတွေ အင်မတန်များတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက်ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီးဖြစ်မြောက်အောင်မြင်တာ တွေ့ရလိမ့်မယ်။

The experience of spiritual power is basically a joyful one.

အသိဥာဏ်ကြောင့် သတ္တိတစ်မျိုး၊ စွမ်းအားတစ်မျိုး ရလာတဲ့အတွေ့အကြုံဟာ အင်မတန်ပျော်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ကိုယ့်ဘဝကိုအမြင်ရှင်းပြီးတော့ လုပ်သင့်တာလေးတွေကို သေသေချာချာလုပ်သွားတဲ့အခါ ဖြစ်သင့်တာလေးတွေဟာ တစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဒီလိုဖြစ်လာတာ အင်မတန်အားရှိတယ်။ ဒီအသိဥာဏ်က စွမ်းအားတစ်မျိုးပဲ။ အကြောင်းအကျိုးကိုသိပြီးတော့ ပိုင်ပိုင်နိုင်နိုင်ကြီး လုပ်သွားလို့ရတယ်။ စမ်းတဝါးဝါး မဟုတ်တော့ဘူး။ အဲဒီလိုပိုင်ပိုင်နိုင်နိုင်ကြီးလုပ်နေတာကိုက သတ္တိတစ်မျိုး စွမ်းအားတစ်မျိုး အရည်အချင်းတစ်မျိုးကို ဖြစ်စေပါတယ်။

သတ္တိစွမ်းအား(power) အမျိုးမျိုးရှိတယ်။ political power, military power ဆိုတာရှိသလို အသိဥာဏ်ကြောင့်ဖြစ်တဲ့စွမ်းအားတစ်မျိုး (spiritual power) လည်း ရှိပါတယ်။ တခြား power တွေက ပြင်ပ power တွေပါ။ မြဲမှာ မဟုတ်ဘူး။ အသိဥာဏ်ကြောင့်ဖြစ်တဲ့ ရင်ထဲက power က အလွန်မြဲမြံတယ်။ ခိုင်မာတည်ကြည်တဲ့သူ ဖြစ်သွားစေတယ်။ ဒီစွမ်းရည်ကိုတကယ်ရထားတဲ့လူဟာ အစွမ်းအစမဲ့တဲ့ခံစားမှုမျိုး မဖြစ်ဘူး။ အမြဲတမ်း အားရှိတယ်။ အားငယ်စိတ် သိမ်ငယ်စိတ် မဖြစ်ဘူး။ စိတ်ကို အင်မတန်အေးချမ်းစေတယ်။ အသိဥာဏ်ကြောင့်ဖြစ်တဲ့စွမ်းရည် power ဟာ မြင့်မြတ်မှု၊ အကျိုးကိုလိုလားမှုသဘောတွေပါတဲ့အတွက် သူ့ကို အလွဲသုံးစားလုပ်လို့မရဘူး။ သူဟာ ကောင်းကျိုးကိုသာလုပ်နိုင်တဲ့စွမ်းရည်သတ္တိ power ဖြစ်တယ်။

power ကို အတန်းအစားအမျိုးမျိုးခွဲမယ်ဆိုရင် ပျက်စီးအောင်လုပ်နိုင်တဲ့ power, ကောင်းအောင်လုပ်နိုင်တဲ့ power ဆိုပြီး ခွဲခြားနိုင်တယ်။ ကောင်းအောင်လုပ်နိုင်တဲ့ power ကို Nurturing power လို့ခေါ်နိုင်တယ်။ အကျိုးပြုတဲ့၊ ပြုစုပျိုးထောင်ပေးနိုင်တဲ့ power တစ်မျိုးပဲ။ အသိဥာဏ်ကြောင့်ဖြစ်တဲ့ power (spiritual power)ဟာ အကျိုးပြုနိုင်တဲ့ power (Nurturing power)လည်း ဖြစ်တယ်။ သူများအကျိုးကို အများကြီးဆောင်ရွက်ချင်တယ်။ ဒီလိုမျိုး power ရှိတဲ့လူမှာ ဆောင်ရွက်နိုင်တဲ့အင်အားနဲ့အသိဥာဏ်လည်း သူ့မှာရှိတယ်။ တကယ်လည်း ဆောင်ရွက်တယ်။ အကျိုးရှိတာကို မဆောင်ရွက်ပဲကိုမနေနိုင်တော့တာ။ ဒီ spirutual power က “လုပ်ရမယ်၊ တတ်နိုင်သလောက်လုပ်ရမယ်”လို့ သူ့ဟာသူ တောင်းဆိုတယ်။ ဒါ့ကြောင့် စိတ်ထားကောင်းတဲ့လူ၊ အသိဥာဏ်ရှိတဲ့လူ အထူးသဖြင့် တရားနဲ့ပတ်သက်ပြီးတော့အသိအမြင်ရှိတဲ့လူဟာ အများအကျိုးကို ပိုပြီးဆောင်ရွက်ချင်တယ်။ တကယ်လည်း ဆောင်ရွက်ပါတယ်။

လူဟာ အများအကျိုးကိုဆောင်ရွက်မှလည်းပဲ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုရနိုင်မယ်။

လူဆိုတာ တစ်ယောက်တည်းနေလို့ ရတာမဟုတ်ဘူး။ အားလုံးနဲ့ အမြဲတမ်းဆက်စပ်နေတယ်။ တစ်ယောက်တည်းနေရင် အခုလောက်မသိနိုင်ဘူး။ တစ်ယောက်တည်းနေရင် မေတ္တာ ကရုဏာတွေလည်း ဖြစ်နိုင်မှာမဟုတ်တော့ဘူး။ သည်းခံတာ၊ ခွင့်လွတ်တာ၊ နားလည်မှုပေးနိုင်တာ၊ အကျိုးကိုလိုလားတာ စတဲ့ မြင့်မြတ်တဲ့စိတ်ထားတွေလည်း ဖြစ်ပေါ်ခွင့်ရမှာမဟုတ်တော့ဘူး။ စိတ်ဓာတ်နဲ့ပတ်သက်တဲ့အရည်အချင်းတွေ အသိဥာဏ်မြင့်မားမှုတွေ ဖြစ်ပေါ်လာမှာမဟုတ်တော့ဘူး။ ဒါတွေဟာ လူ့အသိုင်းအဝိုင်းကြီးမှာနေရင်း လူတွေအချင်းချင်းဆက်ဆံရင်းကနေ ဖြစ်ပေါ်လာတာတွေဖြစ်တယ်။ တစ်ယောက်တည်းနေရင် ကိုယ့်မှာ ရှိတဲ့ ထွက်ပေါ်နိုင်သမျှအရည်အချင်းအားလုံး ထွက်ပေါ်ခွင့်ရမှာမဟုတ်ဘူး။

ဒါတွေကိုစဉ်းစားမိတဲ့အခါ ငါ အခုလိုလုပ်သင့်တာတွေလုပ်ပြီး သိသင့်တာတွေသိလာရတာဟာ လူအများကြီးရဲ့ကျေးဇူး ပါနေတယ်။ တစ်လောကလုံးရဲ့ကျေးဇူးတွေ ပါနေတယ်။ တိရစ္ဆာန်တွေ သစ်ပင်တွေ တောတောင်ရေမြေ သဘာဝအားလုံးပါမကျန် ကျေးဇူးရှိကြပါတယ်။ အခုခေတ်မှာရှိကြတဲ့ လူတွေတက်မကဘူး။ ရှေးတုန်းကရှိခဲ့ဖူးတဲ့ သမိုင်းမှာရှိခဲ့ဖူးတဲ့လူတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ငါ့ကို လာပြီးအကျိုးပြုနေတယ်။ သူတို့ကြောင့် ငါ့မှာ အကျိုးရှိနေတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ စိတ်မျိုးဖြစ်တယ်။ အခုလို အားလုံးရဲ့ကျေးဇူးကို ပိုပြီးသိလာရတဲ့အတွက်ကြောင့် ကိုယ်တတ်နိုင်သမျှ နဲနဲလေးပဲဖြစ်ဖြစ် ပြန်လုပ်ပေးချင်တဲ့စိတ်ဖြစ်တယ်။ အများအကျိုးကို ဆောင်ရွက်ချင်တယ်။

There is joy that comes with mastery.

ကျွမ်းကျင်မှုနဲ့အတူ ပျော်ရွှင်မှုဆိုတာ ဖြစ်လာတယ်။

အလုပ်တစ်ခုကို ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာ သိပြီးတော့ ပိုင်ပိုင်နိုင်နိုင်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ကိုယ်တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘယ်လိုအကြောင်းကိုလုပ်ရင် ဘယ်လိုအကျိုးဖြစ်လာမယ်ဆိုတာကို သေသေချာချာသိပြီးတော့ လုပ်ရတာဟာ ကိုယ့်မှာ ကျွမ်းကျင်မှုသဘောမျိုးရှိတယ်။ ကိုယ့်ဘဝကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုနေရမယ် ဘာလုပ်ရမယ်ဆိုတာသိပြီး ကျွမ်းကျင်စွာနေနိုင်တာကိုက ပျော်ရွှင်မှု(joy) တစ်မျိုးပဲ။ စိတ်မှာ တစ်မျိုးကြည်လင်မှု ချမ်းသာမှုရှိတယ်။

Indeed there is no greater satisfaction than that of being an expert of really knowing what we are doing.

ကိုယ်ဘာလုပ်နေတယ်၊ ဘာ့ကြောင့်လုပ်နေတယ်ဆိုတာကို တကယ်ပိုင်ပိုင်နိုင်နိုင် သေသေချာချာသိရတာလောက် စိတ်ကျေနပ်စရာကောင်းတာ မရှိတော့ဘူး။ ကိုယ့်ပင်ကိုယ်ဓာတ်ခံနဲ့ကိုက်ညီတာကို သေသေချာချာသိပြီး စိတ်ဒုံးဒုံးချပြီး စိတ်နှစ်ခွဖြစ်မနေပဲ လုပ်ရကောင်းမလား မလုပ်ရကောင်းမလားဆိုတဲ့ အတွေးမရှိပဲ ပြတ်သားတဲ့စိတ်နဲ့လုပ်ရတာ သိပ်အားရှိတယ်။ အားရှိတာဟာ အင်မတန်အရသာရှိတယ်။ ပိုင်ပိုင်နိုင်နိုင်သိပြီး ပိုင်ပိုင်နိုင်နိုင်လုပ်ရတာလောက် အရသာရှိတာ မရှိတော့ဘူးလို့ထင်ပါတယ်။

ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို ပြတ်ပြတ်သားသားသိပြီး စိတ်ရောကိုယ်ပါလုပ်နေမှ အသက်ရှင်နေတယ်ဆိုတဲ့ ခံစားမှုကိုရတယ်။ “ဘာလုပ်ရင်ကောင်းမလဲ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။” ဆိုတဲ့ မေးခွန်းကိုမေးပြီး ဘာမှအဖြေမရတာ စိတ်အပင်ပန်းဆုံးပဲနော်။ စမ်းတဝါးဝါးလုပ်ရတာ တော်တော်ပင်ပန်းပါတယ်။

Those who grown the most spiritually are those who are expert in living.

မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်း အသိဥာဏ်ပိုင်းမှာ အမြင့်မြတ်ဆုံးရင့်ကျက်မှု ကြီးပွားမှုကို ရနေတဲ့လူဟာ ဘဝကိုဘယ်လိုနေရမလဲဆိုတာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့သူ ကျွမ်းကျင်တဲ့သူဖြစ်တယ်။ ငါတို့ဟာ ဘဝကို ကျွမ်းကျင်စွာနေထိုင်တတ်တဲ့သူ (expert in living) ဖြစ်ပြီလား။ ဘဝကို ဘယ်လိုနေသွားရမယ်ဆိုတာ တကယ်သိလား။

ကွန်ပျူတာကျွမ်းကျင်သူ (computer expert) တွေ၊ သိပ္ပံပညာကျွမ်းကျင်သူ၊ နက္ခတ်ကျွမ်းကျင်သူ၊ စီးပွားရေးကျွမ်းကျင်သူတွေ အများကြီးရှိပါတယ်။ ဘဝကိုနောက်ဆုံးစက္ကန့်အထိ ဘယ်လိုနေသွားမလဲဆိုတာကို တကယ်ပိုင်ပိုင်နိုင်နိုင်သိတဲ့ တကယ်ကျွမ်းကျင်သူဖြစ်ပြီလား။ စဉ်းစားကြည့်စမ်းပါ။အဲဒါက ပိုအရေးကြီးပါတယ်။ ဒီလိုနေတတ်တဲ့လူဖြစ်လာဖို့ကလည်း တစ်ရက် နှစ်ရက်နဲ့ မရဘူးနော်။ တစ်လ နှစ်လနဲ့လည်း မရဘူး။ ရေရှည် ဇွဲကောင်းကောင်းနဲ့ စေတနာမှန်မှန် သဒ္ဓါတရားမှန်မှန်နဲ့ အားထုတ်သွားရမှာပါ။ တကယ် ရေရှည် စိတ်ပါလက်ပါ ရိုးရိုးသားသား ကြိုးစားသွားမယ်ဆိုရင် အသိဥာဏ်တွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်လာပြီး စိတ်ပိုင်း နာမ်ပိုင်း အသိဥာဏ်ပိုင်းမှာ အထွက်အထိပ်ရောက်နိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။ ဘဝနေနည်းကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ်။ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။

Sources; ဆရာတော်ဦးဇောတိက: Kanaung

No comments:

Post a Comment