Latest News

Tuesday, January 10, 2017

လူသတ်မှုများမှ ကင်းလွတ်ခွင့်ရနေတဲ့ ဖိလစ်ပိုင်ကြေးစားလူသတ်သမား

လူသတ်မှုများမှ ကင်းလွတ်ခွင့်ရနေတဲ့ ဖိလစ်ပိုင်ကြေးစားလူသတ်သမား


ဖိလစ်ပိုင်မှာ သမ္မတဒူတာတေး ဆင်နွှဲနေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအတွင်း မူးယစ်ဆေးဝါးလုပ်ငန်းတစ်ခုရဲ့ ကြေးစားလူသတ်သမားအဖြစ် လူသတ်ခဲ့သူက ၎င်းရဲ့ အတွေ့အကြုံတွေကို အင်တာဗျူးမှာ ဖွင့်ဟပြောကြားထားပါတယ်။ ဖိလစ်ပိုင်မှာ မူးယစ်စစ်ပွဲ ဆင်နွှဲနေပေမဲ့ အမည်ရင်းမဖော်ပြဘဲ မိုက်ကယ်လို့သာ ဖော်ပြထားတဲ့ ကြေးစားလူသတ်သမားနဲ့ ၎င်းရဲ့ လုပ်ငန်းရှင်တွေဟာ လူသတ်မှုတွေကနေ ကင်းလွတ်ခွင့်ရနေခဲ့ပါတယ်။

၎င်းတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိတ်တဆိတ်ပူးပေါင်းထားတာကြောင့် ယခုလို လူသတ်မှုတွေနဲ့ ကင်းလွတ်နေခဲ့တာလို့ မိုက်ကယ်က ဆိုပါတယ်။ ကြေးစားလူသတ်သမား မိုက်ကယ်က ၅ လအတွင်း လူ ၄ ဦးကို သတ်ခဲ့ပြီး နောက်ထပ် လူ ၇ ဦးကို သတ်ဖြတ်ရန် ညွှန်ကြားချက်ရထားကြောင်း Get Rea! စုံစမ်းစစ်ဆေးမှု အင်တာဗျူးအစီအစဉ်မှာ ၎င်းက ပြောကြားခဲ့ပါတယ်။

မိုက်ကယ်ကို ငှါးရမ်းခဲ့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကြီးတွေက ပမာဏအနည်းငယ်သာ အရောင်းအဝယ် ပြုလုပ်ကြတဲ့ မူးယစ်မှောင်ခိုတွေကို ရှင်းလင်းပစ်လိုတယ်လို့ ဆိုပါတယ်။ ထိုသို့ မရှင်းလင်းပါက ၎င်းတို့ထံမှတစ်ဆင့် သတင်းအချက်အလက်များ ပေါက်ကြားသွားမှာကို မူးယစ်ဆေးဝါး လုပ်ငန်းကြီးတွေက စိုးရိမ်ကြကြောင်း မိုက်ကယ်က ပြောပါတယ်။

မူးယစ်ဆေးဝါးလုပ်ငန်းကြီးတွေရဲ့ ပြိုင်ဘက်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အလွယ်တကူ ပစ်မှတ်ထားခံရနိုင်ကြောင်းလည်း မိုက်ကယ်က ဖွင့်ဟခဲ့ပါတယ်။ လူတစ်ယောက်ကို သတ်ပြီးပါက အသတ်ခံရသူထံမှာ မူးယစ်ဆေးဝါး သို့မဟုတ် သေနတ်တစ်လက် ထားခဲ့ရုံဖြင့် အဆိုပါ လူသတ်မှုကို ရဲတပ်ဖွဲ့က အမှုဖွင့်စုံစမ်းစစ်ဆေးခြင်း မပြုလုပ်တော့ဘဲ သေဆုံးသူဟာ မူးယစ်ဆေးဝါး ရောင်းချသူအဖြစ် သတ်မှတ်လိုက်တယ်လို့ မိုက်ကယ်က သူ့အတွေ့အကြုံကို ပြောပါတယ်။

မူးယစ်ဆေးဝါးလုပ်ငန်းကြီးတွေက သေနတ်ကိုင်တွယ် ပစ်ခတ်မှုကအစ သင်ကြားပေးကြောင်းနဲ့ ၎င်းတို့ထံမှာ သေနတ်ပစ်ကွင်းလည်းရှိကြောင်း သိရပါတယ်။ မိုက်ကယ်ဟာ ထောင်ကျနေစဉ်အတွင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ကြေးစားလူသတ်သမားအဖြစ် လုပ်ကိုင်ရန် ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အရာရှိက အကာအကွယ်ပေးထားတဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကြီးရဲ့ ကြေးစားလူသတ်သမားအဖြစ် လုပ်ကိုင်ပါက အကျဉ်းထောင်မှစောစီးစွာ လွတ်မြောက်မယ်လို့ ကမ်းလှမ်းခံခဲ့ရကြောင်း မိုက်ကယ်က ပြောပါတယ်။

မိုက်ကယ်က "တစ်ကယ်တမ်းတော့ မူးယစ်ဆေးဝါးကုန်သည်တွေနဲ့ ရဲအရာရှိတွေဆိုတာ ရန်သူတွေ မဟုတ်ဘူးဗျ၊ သူတို့က လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဆွေတွေပဲ" လို့ မိုက်ကယ်က ဆိုပါတယ်။ ဒါ့အပြင် ၎င်းကို ဖမ်းမိမှာ မစိုးရိမ်ကြောင်းနဲ့ ဘယ်သူကမှ ၎င်းတို့နောက်ကို မလိုက်ကြကြောင်း၊ ၎င်းကို ဘယ်တော့မှ မတွေ့နိုင်ကြောင်းလည်း မိုက်ကယ်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲ့ ၎င်းအတွက် မူးယစ်မှောင်ခိုမဟုတ်သူတွေကို သတ်နိုင်လာခဲ့တယ်လို့ မိုက်ကယ်က ဖွင့်ဟခဲ့ပါတယ်။


မိုက်ကယ်ရဲ့ ပြောကြားမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒိုင်အို့စ်နာဒို ကားလို့စ်က "မူးယစ်ကုန်သည်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး အကာအကွယ်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်သိရှိပါက တရားဝင် ပြောကြားသွားမှာပါ၊ ဒီလို တပ်ဖွဲ့ဝင်တွေက ရဲဝတ်စုံဝတ်ဖို့ မထိုက်တန်ပါဘူး" လို့ ပြောပါတယ်။

ဖိလစ်ပိုင်မှာ ဒူတာတေး သမ္မတဖြစ်လာတဲ့ ၂၀၁၆ ခုနှစ် ဇွန်လမှစပြီး မူးယစ်ဆေးဝါး ရောင်းသူတွေကို ရက်စက်ကြမ်းတမ်းစွာ နှိမ်နင်းသတ်ဖြတ်မှုတွေ ရှိလာခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၄,၀၄၉ ဦး သေဆုံးခဲ့ပြီး သေဆုံးမှု ၃,၇၁၇ မှုဟာ မည်သည့်အတွက်ကြောင့်လို့ မသိရသေးဘဲ ရှိနေပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွင်း အမှု ၅၀၀ ခန့်မှာသာ သံသယရှိသူတွေကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

Souce & Photo: CNA/Duwun

No comments:

Post a Comment