Latest News

Monday, January 9, 2017

ယခုနှစ်​ အ​လောင်း​တော် ​ကဿပ ဘုရားဖူးခရီးသွားရာသီ စတင်​ဖွင့်​လှစ်

ယခုနှစ်​ အ​လောင်း​တော် ​ကဿပ ဘုရားဖူးခရီးသွားရာသီ စတင်​ဖွင့်​လှစ်

ယခုနှစ် အ​လောင်း​တော်​ကဿပဘုရားဖူး ခရီးသွားရာသီ စတင်​ဖွင့်​လှစ်​လိုက်​ပြီဖြစ်ရာ မြန်​မာပြည်​ အနယ်​နယ်​အရပ်​ရပ်​မှ ခရီးသွား ပြည်​သူများ​ ​နေ့စဉ်​ လာ​ရောက်​လျက်​ရှိ​ကြောင်း သိရသည်​။

ခရီးသွားရာသီ စတင်​ဖွင့်​လှစ်​သည့်​အ​နေဖြင့်​ ဇန်​န၀ါရီ ၇ ရက်​က မုံရွာ-က​လေးဝ လမ်းပိုင်းရှိ ဘုရားဖူးခရီးသွားကားများ တစ်​​ထောက်​နားရာ ကပိုင်​ရွာ၌ အ​လောင်း​တော် ​ကဿပ ဘုရားဖူးခရီးသွား လမ်းပိုင်းကို အခမ်းအနားပြုလုပ်​ကာ ဖွင့်​လှစ်​​ပေးခဲ့သည်။

“အ​လောင်း​တော် ​ကဿပ ခရီးသွား လမ်းပိုင်းဖွင့်​တဲ့အချိန်​က​တော့ ပုံမှန်​သတ်မှတ်​လို့ မရဘူး။ အများအားဖြင့်​​တော့ မိုးရာသီအကုန်​ ပွင့်​လင်းရာသီဖြစ်​တဲ့ နတ်​​တော်​နဲ့ ပြာသိုလမှာ ဖွင့်​ဖြစ်​တယ်​။ ဘုရားဖူးရာသီပိတ်​ရက်​ကို​တော့ နှစ်​တိုင်း ဧပြီ ၁၈ ရက်​ သတ်​မှတ်​ပြီး ပိတ်​ပါတယ်​။ အခုလို လမ်းပိုင်းစဖွင့်တဲ့ ရက်​​တွေကတည်းက အနယ်​နယ်အရပ်​ရပ်​က ဘုရားဖူးခရီးသွား​တွေ စ၀င်​​နေကြပြီ။ ဒီရက်​ပိုင်းဆိုရင်​ စ​နေ၊ တနင်္ဂ​နွေနဲ့ လပြည့်​ရက်​ ခါကြီးရက်​ကြီး​တွေမှာ လူပိုစည်​တယ်​။ အစည်​ကားဆုံးက​တော့ အ​လောင်း​တော်​ကဿပဘုရားပွဲ ကျင်းပတဲ့ တ​ပေါင်းလပြည့်က​တော့ ရင်​ပြင်​​တော်​တစ်​ခုလုံး တည်းခိုစရာ မရှိ​အောင်​ ဘုရားဖူး​တွေ ပြည့်​ကျပ်​သွားတယ်။ တပို့တွဲလပြည့်​ပွဲလည်း လူအရမ်းစည်​တယ်” ​ဟု အ​လောင်း​တော်​ကဿပဘုရား​ဂေါပကအဖွဲ့ဝင်​ ဆရာ​တော်​ဦးနန္ဒမာလာက မိန့်​ကြားသည်​။

မြန်​မာပြည်​​ နေရာ​ဒေသအသီးသီးမှ ဘုရားဖူးလာ​ရောက်​ကြသည့်​ ခရီးသွားဧည့်သည်​များ အဆင်​​ပြေ​စေရန်​အတွက်​ အလောင်း တော် ​ကဿပဘုရား​ဂေါပကနာယက ဆရာ​တော်​ကြီးများက အ​လောင်း​တော်​ကဿပ ဘုရားရင်​ပြင်​​တော်​၀န်းကျင်​တွင်​ လူအနည်းဆုံး ၂၀ မှ အများဆုံး ၁၀၀ ၀န်းကျင်​ ညအိပ်​တည်းခိုနိုင်​သည့်​ တည်းခို​ဆောင်​ ၄၂ ​ဆောင်​အပါအ၀င်​ ​ရေ၊ မီးနှင့်​ ကျန်းမာ​ရေးအတွက်​ အခမဲ့ ​ဆေး​ပေးခန်းများကိုလည်း ဖွင့်​လှစ်​​ပေးထား​ကြောင်း၊ ယခုနှစ်​တွင်​ အ​လောင်း​တော်​ ကဿပဘုရားရင်​ပြင်​တော်​ဧရိယာ၌ စား​သောက်​ဆိုင်​၊ ဓာတ်​ပုံဆိုင်နှင့်​​ ရွှေဆိုင်းလုပ်​ငန်း အပါအ၀င်​ ဆိုင်​ခန်းစုစု​ပေါင်း ၈၃ ဆိုင်​ ဖွင့်​လှစ်​ခွင့်​ပြုထား​ကြောင်း သိရသည်​။

အ​လောင်း​တော်​ ကဿပဘုရားဖူးခရီးစဉ်​တွင်​ ဘုရားဖူးခရီးသွားများအား ဆင်​များဖြင့်​ လိုက်​ပါပို့​ဆောင်​ရာတွင်​ နံနက်​ ၇ နာရီမှ ၁၂ နာရီတစ်​ပိုင်း၊ မွန်းလွဲ ၃ နာရီမှ ည​နေ ၆ နာရီအထိ ဆင်​အစီး​ရေ ၇၀ ခန့်​ဖြင့်​ နှစ်​ပိုင်းခွဲ၍ ပို့​ဆောင်​​ပေးလျက်​ရှိ​ကြောင်း၊ ဆင်​စီးခ နှုန်းထားများမှာ ဆင်​တစ်​စီးလျှင်​ ​ကျပ်​ ၈၀၀၀ ပေးရ​​ကြောင်း သိရသည်​။

အနယ်​နယ်​အရပ်​မှ အ​လောင်း​တော်​ကဿပသို့ ကားများဖြင့်​ ဘုရားဖူးလာ​ရောက်​သည့်​ ခရီးသွားများ အန္တရာယ်​ကင်းရှင်း​စေရန်​ ​ထော်​လာဂျီနှင့်​​ ဟိုက်ဂျက်ယာဉ်များကို တက်​​ရောက်​ခွင့်​မပြုဘဲ ၂၉ ​ပေ မှန်​လုံယာဉ်တစ်​စီးလျှင်​ လူ ၄၅​ ဦး၊ ကင်​တာ၊ ဒိုင်​နာ ၁၀ ​ပေx ၁၂​ ပေယာဉ်များကို ဦးရေ​ ၂၀၊ ၁၄​ ပေx ၁၆ ​ပေ ယာဉ်များကို ဦးရေ ၃၀၊ လိုက်​ထရပ်​များကို လူ ၁၂ ​ဦး၊ ဟိုင်းလတ် ၁၂ ​ဦး​၊ ဆန်​နီခြောက်​ဦး အသီးသီး သတ်​မှတ်​ကာ တင်​​ဆောင်​ခွင့်​ ပြုထား​ကြောင်း သိရသည်​။

Sources; အောင်​သူ/Eleven

No comments:

Post a Comment