Latest News

Thursday, January 19, 2017

မိဘတွေကြောင့် မွေးနေ့ အမှတ်တရဖြစ်ခဲ့ရတယ်ဆိုတဲ့ ယွန်းယွန်း

မိဘတွေကြောင့် မွေးနေ့ အမှတ်တရဖြစ်ခဲ့ရတယ်ဆိုတဲ့ ယွန်းယွန်း

ဇန်နဝါရီ(၁၉)ရက်နေ့က သူ့ရဲ့အသက်(၁၇)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

သရုပ်ဆောင် ယွန်းယွန်းကတော့ ဇန်နဝါရီ(၁၉)ရက်နေ့က အသက်(၁၇)နှစ်ပြည့်ခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့လေးကတော့ မိဘတွေရဲ့ စေတနာကြောင့် အမှတ်တရဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ယွန်းယွန်းကတော့ မွေးနေ့အတွက် ဘာမှမစီစဉ်ထားပေမယ့် သူ့ရဲ့ မိဘတွေက မရောက်ဖူးတဲ့နေရာတစ်ခုကို ကြိုမပြောပဲနဲ့ ခေါ်သွားပြီး မလုပ်ဖူးတဲ့ အလှူလေးကို ပြုလုပ်ဖို့ တိတ်တိတ်လေးစီစဉ်ပေးခဲ့ကြတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"မွေးနေ့အတွက် ဘာမှလည်း မစဉ်းစားထားမိသလို ဘာမှလည်းမပြင်ဆင်မိပါဘူး။ ဒါပေမယ့် ဖေဖေနဲ့မေမေရဲ့စေတနာတွေကြောင့် အမှတ်တရမွေးနေ့လေးဖြစ်ခဲ့ပါတယ်။ မရောက်ဖူးတဲ့နေရာတစ်ခုကို ကြိုမပြောဘဲခေါ်သွားတယ်.. မလုပ်ဖူးတဲ့အလှူလေးလုပ်ဖြစ်ဖို့ တိတ်တိတ်လေးစီစဉ်ပေးထားကြတယ်။ မိဘမဲ့ကလေးတွေ သီလရှင်ကျောင်းတွေ ဘိုးဘွားရိပ်သာတွေမှာလှူခဲ့ဖူးပေမယ့် ခုလိုနေမကောင်းဖြစ်နေတဲ့ ကလေးလေးတွေရှိတဲ့ဆေးရုံမှာတော့ မလှူဘူးခဲ့ပါဘူး။

သားသမီးလေးတွေနေမကောင်းလို့ စိတ်ပူပန်နေတဲ့မိဘတွေ၊ အနားကမခွာနိုင်ဘဲအရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေတဲ့မိဘတွေ၊ အလုပ်အကိုင်တွေပစ်ပြီး ကိုယ့်ကလေးနေပြန်ကောင်းဖို့အတွက်ပဲဦးစားပေးကြတဲ့ မိဘတွေ. ဒီလိုမြင်ကွင်းတွေက မွေးနေ့မှာကိုယ့်မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ကျေးဇူးတရားတွေကို သတိတရရှိဖို့အကောင်းဆုံးဥပမာတွေပါပဲ။ အသက်နဲ့ရင်းပြီးမွေးဖွားထားတဲ့အပြင် ဒီအချိန်ထိအနားမှာ လိုလေသေးမရှိ အချစ်တွေအပြည့်နဲ့ ပြုစုပြိုးထောင်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေ့ကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ သူက ရေးသားထားပါတယ်။ သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။

ယွန်းယွန်းဟာ ကလေးဘဝကတည်းက သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေချစ်တဲ့ ကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။ ယွန်းယွန်းက လွန်ခဲ့တဲ့ (၂)နှစ်လောက်က တက္ကသိုလ်ဝင်းတန်းစာမေးပွဲကြောင့် သူမရဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို နားထားခဲ့ပါတယ်။ ယွန်းယွန်းဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာနဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

ယွန်းယွန်းအကယ်ဒမီ ရရှိခဲ့တဲ့ "တိမ်မင်းသမီးရဲ့ဒဏ္ဍရီ"

Sources: Photo : ယွန်းယွန်း ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment