Latest News

Friday, January 6, 2017

ညောင်တုန်းမြို့အနီးတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် စီးနင်းလာသည့်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး ၀န်ကြီးချုပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရ

ညောင်တုန်းမြို့အနီးတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် စီးနင်းလာသည့်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိပြီး ၀န်ကြီးချုပ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရ


ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအုပ်စု ချောင်းကြီးကျေးရွာအနီးတွင် ဇန်န၀ါရီ ၆ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စီးနင်းလိုက်ပါသည့် ယာဉ်နှင့် ခရီးသည်တင် ယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ၀န်ကြီးချုပ်ဦးမန်းဂျော်နီအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

“ရှေ့ပြေး လုံခြုံရေးကားကို ကျော်အတက်မှာ တိုက်မိတာပါ ။ ခန္ဓာကိုယ် ကျိုးပဲ့တာတော့ မရှိဘူး။ လက်လှုပ်လို့ မရဘူး။ ရန်ကုန်ဆေးရုံကြီးကို ရောက်နေပြီ။ စစ်ဆေးနေဆဲဖြစ်တယ်” ဟု လျှပ်စစ် စက်မှုလက်မှု၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့  လုံခြုံရေးယာဉ်တန်းဖြင့် ထွက်ခွာလာသော ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စီးနင်းလိုက်ပါလာသည့် ယာဉ်မှာ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအုပ်စု ချောင်းကြီးကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမ မိုင်တိုင်အမှတ် ၂၃/၄ နှင့် ၂၃/၅ အကြားတွင် ရန်ကုန်မြို့ဘက်မှ ယာဉ်မောင်း ဖိုးဇော် (ခ) မဲဒီ(ခ)ဇော်မိုးလှိုင် မောင်းနှင်လာသော ယာဉ်အမှတ် 4E/----ရန်ကုန်-ဇလွန် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ရွှေတော်ဝင် ခရီးသည်တင်မှန်လုံယာဉ်က ယင်းရှေ့မှ မောင်းနှင်နေသော Passo အမျိုးအစား ယာဉ်တစ်စီးအား အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောတွင် မောင်းနှင်လာသည့် ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စီးနင်းလိုက်ပါလာသည့် ယာဉ်အား ထပ်မံတိုက်မိကာ ရပ်နားထားသည့် Hino အမျိုးအစားကုန်တင်ယာဉ်တစ်စီးနှင့် လမ်း၏ ယာဘက်ခြမ်းရှိ  ဓာတ်တိုင်ကိုပါ ထပ်မံဝင်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ၀န်ကြီးချုပ် ဦးမန်းဂျော်နီမှာ သတိလစ်မေ့မြောသွားခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

“လူကတော့ ဘာမှမဖြစ်ပါဘူး။ ပွိုင့်ကားကိုမြင်တော့ ရှေ့ကကားက ရပ်လိုက်တာကို နောက်ကကားက အရှိန်မထိန်းနိုင်ဘဲ ရှေ့ကကားကို ၀င်တိုက်တော့ ၀န်ကြီးချုပ်ကားကိုလာထိတာပေါ့။ လူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပါဘူး။ ပုသိမ်ကနေ နေပြည်တော်ကို သွားတာမှာဖြစ်တာ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေတော့ မရှိပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအေးကိုကိုက “ ခု သတိရပါတယ်။ ခြေထောက် လှုပ်နိုင်ပါတယ်။ စိုးရိမ်ရမယ့် အခြေအနေ မရှိပါဘူး။ အခြေအနေကောင်းတယ်။ လောလောဆယ် လက်မလှုပ် နိုင်ဘူး။ ခြေထောက်လှုပ်နိုင်တယ်။ ဒီည ICU မှာ ထားမယ်။ တစ်ပတ်လောက်တော့ နားရမှာပေါ့။ ခွဲစိတ်ကုသဖို့ မလိုဘူး”ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မဲဇလီ နယ်မြေရဲစခန်းက ယာဉ်(ပ)  ၂/၂၀၁၇ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/ ၃၃၈/ ၂၇၉ တို့ ဖြင့် အမှုဖွင့်အရေးယူကာ ယာဉ်မဆင်ခြင်မောင်းနှင်ပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်း ဖိုးဇော်(ခ) မဲဒီ(ခ) ဇော်မိုးလှိုင်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Sources; မင်းသူဝင်းထွဋ်၊ အောင်ကျော်မျိုး၊ နီလာစိုး / Eleven

No comments:

Post a Comment