Latest News

Friday, January 6, 2017

အမေရိကန် ထောက်လှမ်းရေးအကြီးအကဲများက ရုရှားနှင့်ပတ်သက်သော တွေ့ရှိချက်များနှင့် ပတ်သက်၍ ထရန့်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်

အမေရိကန် ထောက်လှမ်းရေးအကြီးအကဲများက ရုရှားနှင့်ပတ်သက်သော တွေ့ရှိချက်များနှင့် ပတ်သက်၍ ထရန့်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်

ဇန်န၀ါရီ ၆ ရက်တွင် အမေရိကန် ထောက်လှမ်းရေးအကြီးအကဲများက အမှုမထားကြောင်း ပြောင်ပြောင်တင်းတင်းပင် ပြသထားသည့် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိထားသူ ဒေါ်နယ်ထရန့်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ ရုရှားသည် ထရန့်၏ ဒီမိုကရက်တစ် ပြိုင်ဘက်များကို ဟက်ကင်းလုပ်ခြင်းဖြင့် အမေရိကန် ရွေးကောက်ပွဲကို ရုရှားက မျှော်လင့်မထားသည့်ပုံစံဖြင့် နှောင့်ယှက်ခဲ့ကြောင်း ၎င်းတို့ ရရှိထားသည့် အထောက်အထားများနှင့် ပတ်သက်၍ ယခုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ရုရှားသည် ရွေးကောက်ပွဲ၌ ထရန့်အသာစီးရရှိရန် ကူညီပေးသည်ဟူသော ပြောဆိုမှုမှန်သမျှကို ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့သည့် ထရန့်နှင့် အမေရိကန်ထောက်လှမ်းရေး အကြီးအကဲများအကြား တင်းမာမှုများ မြင့်တက်လာစဉ် ယခုကဲ့သို့ တွေ့ဆုံ ရန်ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိထားသူအနေနဲ့ ထောက်လှမ်းရေးအကြီးအကဲတွေနဲ့ တွေ့တဲ့အခါ၊ ထောက်လှမ်းမှုတွေကို စစ်ဆေးနိုင်စွမ်း ရှိတဲ့အခါ၊ သူအဖွဲ့ကို စုစည်းပြီး ဒီထောက်လှမ်းရေးအေဂျင်စီတွေ ဘယ်လောက် ပရော်ဖက်ရှင်နယ်ကျပြီး ထိရောက်တယ်ဆိုတာ သူတို့မြင်တဲ့အခါ ဒီလက်ရှိ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ပါးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဇန်န၀ါရီ ၅ ရက်တွင် အိုဘားမားက ချီကာဂို၏ NBC ဆက်နွှယ်နေသော သတင်းဌာန တစ်ခုသို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လအစောပိုင်းတွင် ထရန့်က ယခုကိစ္စနှင့်ပတ်သက်၍ အယုံအကြည်မရှိကြောင်း ပထမဆုံးပြောကြားခဲ့ပြီးနောက် အိုဘားမားက ထောက်လှမ်းရေးအဖွဲ့များအား ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရုရှား၏ ရွေးကောက်ပွဲကို နှောင့်ယှက်မှုများနှင့်ပတ်သက်၍ ပြီးပြည့်စုံသော အစီရင်ခံစာတစ်စောင် ရေးသားရန် ညွှန်ကြားခဲ့သည်။

ဇန်န၀ါရီ ၅ ရက်တွင် အိုဘားမားက အစီရင်ခံစာနှင့် ပတ်သက်၍ အကြမ်းဖျင်းသိရှိရပြီးနောက် ထောက်လှမ်းရေးအကြီးအကဲများကို ဇန်န၀ါရီ ၆ ရက်တွင် ထရန့်ထံ အသေးစိတ် တင်ပြရန် စီစဉ်ပေးခဲ့သည်။

အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျိမ်းကလက်ပါ၊ အမျိုးသားလုံခြုံရေး အေဂျင်စီအကြီးအကဲ မိုက်ရော်ဂျာ၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး ဂျိမ်းကိုမေးနှင့် ဗဟိုထောက်လှမ်းရေး အေဂျင်စီ ညွှန်ကြားရေးမှူး ဂျွန်ဘရင်နန်တို့သည် ထရန့်နှင့် တွေ့ဆုံမှု၌ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ကလက်ပါက အထက်လွှတ်တော် လက်နက်ကိုင်ဌာနများ ကော်မတီသို့ ဇန်န၀ါရီ ၅ ရက်က ပြောကြားရာတွင် သူ့အနေဖြင့် သူတို့၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ အလွန်ယုံကြည်မှု မြင့်မားသည်ဟု ဆိုသည်။

“ရုရှားဟာ သူတို့ကိုယ်တိုင်ရဲ့ ရွေးကောက်ပွဲတွေ သာမက တခြားနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကိုပါ စွက်ဖက်နှောင့်ယှက်တတ်တဲ့ ရှည်လျားတဲ့ သမိုင်းရှိပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာ တွေ့ရသလိုမျိုး ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စွက်ဖက်နှောင့်ယှက်ဖို့ တိုက်ခိုက်လုပ်ဆောင်တာမျိုး ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Sources; Eleven Media Group

No comments:

Post a Comment