Latest News

Friday, January 6, 2017

ဘရာဇီးအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးဂိုဏ်းက အကျဉ်းသား ၃၃ ဦးကို သတ်ဖြတ်

ဘရာဇီးအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးဂိုဏ်းက အကျဉ်းသား ၃၃ ဦးကို သတ်ဖြတ်

သတ်ဖြတ်ခံရသူတွေအနက် အချို့ဟာ ခေါင်းဖြတ်ခံထားရပါတယ်။
     
ဘရာဇီးမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၃၃ ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဘရာဇီးမှာ ဇန်နဝါရီ ၁ ရက်က အမေဇုန်နက်စ်ပြည်နယ် မန်နောင့်စ်မြို့ရှိ အကျဉ်းထောင် ဆူပူအုံကြွမှုဖြစ်ကာ လူ ၅၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ရက်ပိုင်းအတွင်း ထောင်တွင်းသတ်ဖြတ်မှု ထပ်မံ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

လူ ၅၆ ဦး သေဆုံးခဲ့သည့် ဘရာဇီးထောင်ဆူပူမှု

ရိုရိုင်မာပြည်နယ်ရှိ အကျဉ်းထောင်မှာ ယနေ့ (ဇန်နဝါရီ ၆ ရက်) ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေကို မူးယစ်ဆေးဝါးဂိုဏ်းက လုပ်ဆောင်ခဲ့ကြောင်း တရားစီရင်ရေးဌာနမှ တာဝန်ရှိသူ အူဇီးလ်ကက်စထရိုက ပြောပါတယ်။ ရိုရိုင်မာပြည်နယ်ရှိ Penitenciária Agrícola de Monte Cristo အကျဉ်းထောင်မှာ သတ်ဖြတ်ခံရသူတွေအနက် အချို့ဟာ ခေါင်းဖြတ်ခံထားရကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

လက်ရှိမှာ အကျဉ်းထောင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ယနေ့မနက်အစောပိုင်းက ဘိုအာဗစ်စတာမြို့ရှိ အကျဉ်းထောင်မှာ အကျဉ်းသားအုပ်စုတစ်စုက အကျဉ်းခန်းသော့တွေကို ဖျက်ဆီးပြီး ထောင်ဖောက်ပြေးရန် လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းထောင်တွင်း ထောင်ကျနေတဲ့ First Capital Command (PCC) မူးယစ်ဆေးဝါးဂိုဏ်းက အကျဉ်းသားတွေကို သတ်ဖြတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသား ၁,၄၀၀ ရှိနေပြီး ပုံမှန်ထက် နှစ်ဆပိုများနေကြောင်းလည်း သိရပါတယ်။

၂၀၁၂ ခုနှစ်က အစိုးရရဲ့ အစီရင်ခံစာတစ်ခုအရ PCC ဂိုဏ်းဟာ ဘရာဇီးမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးဂိုဏ်းဖြစ်ပြီး နှစ်စဉ် မူးယစ်ဆေးဝါး ရောင်းချမှုများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ သန်း ရရှိနေကြောင်း သိရပါတယ်။ PCC ဂိုဏ်းရဲ့ အဖွဲ့ဝင် ၁၃,၀၀၀ အနက် တစ်ဝက်နီးပါးဟာ အဆိုပါဂိုဏ်း မူလအခြေစိုက်ရာ ဆော်ပေါလိုရှိ အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရပါတယ်။

ယနေ့ ဖြစ်ပွားခဲ့တဲ့ PCC ဂိုဏ်းဝင်တွေက အကျဉ်းသားတွေကို သတ်ဖြတ်ခဲ့မှုဟာ ဇန်နဝါရီ ၁ ရက်က မန်နောင့်စ်မြို့ အကျဉ်းထောင် ဆူပူအုံကြွမှုနဲ့ ဆက်စပ်မှုရှိ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

မန်နောင့်စ်မြို့ အကျဉ်းထောင်မှာ ဇန်နဝါရီ ၁ ရက်က PCC ဂိုဏ်းနဲ့ ပြိုင်ဘက် Family of the North (FDN) ဂိုဏ်းမှ အဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ထောင်တွင်းဆူပူအုံကြွမှု ၁၇ နာရီကြာ ဖြစ်ပွားခဲ့ပြီး လူ ၅၆ ဦး သေဆုံးကာ အကျဉ်းသားရာနဲ့ချီ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

Source & Photo: BBC, Daily Mail, DW, AFP,Duwun

No comments:

Post a Comment