Latest News

Friday, January 20, 2017

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တက္ကစီသမားအချို့ရဲ့ အကျင့်ဆိုး တစ်ဆယ့်လေးချက်

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တက္ကစီသမားအချို့ရဲ့ အကျင့်ဆိုး တစ်ဆယ့်လေးချက်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားစနစ်ဆိုးကို အမြစ်လှန်လိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာလာမယ့် သုံးလအတွင်းမှာ မြို့တွင်းပြေးဆွဲနေတဲ့ တက္ကစီစနစ်ကိုပါ ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေပါပြီ။

တက္ကစီစနစ်ကို ကောလ်စင်တာ တစ်ခုကနေထိန်းချုပ်ပြေးဆွဲဖို့ အရှေ့တောင်အာရှ အိုဟာ ကုမဏီနဲ့ တွေ့ဆုံထားပြီးပြီလို့ တရားဝင် ပြောကြားထားပါတယ်။

ရန်ကုန်မြို့မှာတက္ကစီစီးတဲ့ ပြည်သူအချို့ကို တက္ကစီစနစ်နဲ့ ပြုပြင်ပြောင်းလဲစေလိုတဲ့အချက် တွေ၊ သဘောမတွေ့တဲ့အချက်တွေကို မော်ဒန်ဂျာနယ်က လိုက်လံမေးမြန်းထားပါတယ်။

စကားများလွန်းတယ်

လူအများစုဟာ နေ့စဉ်လိုလို ကိုယ့်တာဝန်၊ ကိုယ့်အလုပ်တွေနဲ့ ကိုယ်စီရှိနေပြီး မလွှဲမရှောင်သာ တက္ကစီစီးကြရတယ်။ အငှားယာဉ်တွေအပေါ်မှာလည်း ကိုယ့်အာရုံနဲ့ စဉ်းစားတွေးတောနေတတ်ကြတာပါ။  အဲသည်အချိန်မျိုးမှာ တက္ကစီယာဉ်မောင်းတချို့ အတင်းကြီး စကားလာပြောတာတွေကို ကြုံတွေ့နေရတတ်ပါတယ်။

အငှားယာဉ်မောင်းသူနဲ့ စီးနင်းသူတို့ လိုရာခရီးကိုသွားရင်း ခင်ခင်မင်မင်နဲ့ စကားပြောတာဟာ လက်မခံနိုင်စရာမဟုတ်ပေမဲ့ တချို့ယာဉ်မောင်းတွေက မနားတမ်းကို ကရားရေလွတ်ပြောဆိုတာတွေဟာ လိုက်ပါစီးနင်းရသူ ခရီးသည်အတွက်တော့ စိတ်ကသိကအောက်ဖြစ်ရပါတယ်။

ခရီးသည်တစ်ဦးဖြစ်တဲ့ မသူဇာအောင်က “တချို့ဆိုရင် ပုဂ္ဂိုလ်ရေးအထိ စပ်စုတာမျိုးတွေရှိတယ်၊ အခုလိုကျတော့ အရမ်းလွန်တယ်” လို့ ပြောပါတယ်။

အဲသည်လို စကားတွေအများကြီးပြောဆိုတတ်တဲ့ အငှားယာဉ်မောင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ ခရီးသည်အမျိုးသမီးတွေအတွက်တော့ လိုရာခရီးမရောက်မချင်း စိတ်မလုံခြုံနိုင်ဖြစ်ရလေ့ ရှိတယ် လို့ ပြောပါတယ်။

ရုံးဝန်ထမ်း မမြတ်နိုးက “ရည်းစားစကားပြောမှာကြောက်လို့ ဘာမှလုပ်မရတဲ့ အခြေအနေမှာ အလိုက်သင့်ပြန်ပြောရင်လဲ သူတို့က ဖုန်းနံပါတ်တစ်ဆင့်တိုးပြီး တောင်းတယ်၊ စိတ်မချရဘူး” လို့ ပြောပါတယ်။

လမ်းကြုံတင်

တက္ကစီကားတွေကို ငှားစီးတယ်ဆိုတာမှာတစ်ယောက်တည်း အေးအေးဆေးဆေး စီးချင်တာ၊ အမှန်တကယ်အရေးကြီးနေလို့ လိုရာခရီး မြန်မြန်ရောက်နိုင်ရေး စတာတွေကြောင့် ငှားစီးကြတာပါ။

ဒါပေမဲ့ တက္ကစီမောင်းသူ တချို့ဟာ ပါလာတဲ့ ခရီးသည်ကို အလေးမထားသလိုမျိုးနဲ့ သူတို့ ကားကို လူအများ ပေါင်းစီးကြတဲ့ ဘတ်စ်ကားလို့ ထင်မှတ်မှားနေပုံရပါတယ်။

လမ်းမှာ ကားတားနေတဲ့သူ  တွေ တွေ့လိုက်ရင် ထိုးရပ်ပြီး လူတင်ကြတာဟာ ကားထဲမှာ တန်ရာတန်ကြေးပေးပြီး စီးလာတဲ့ ခရီးသည်တွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဝေးပြေးကားဂိတ်တွေက တက္ကစီ အများစုဆိုရင် အခုထွက်တော့မှာ ဆိုပြီး တက်ထိုင်လိုက်ရင် တမေ့တမော စောင့်ဆိုင်းနေရပါတယ်။ အကြာကြီးစောင့်ဆိုင်းပြီးတဲ့ နောက်မှာ နောက်ထပ်လူငါးယောက်လောက် ထပ်တိုးလာ တတ်ပြီး ကြပ်ကြပ်ညှပ်ညှပ်နဲ့ စီးရ တာ ပါ။ ဒါပေမဲ့ ကိုယ်သွားမယ့် လမ်းကြောင်းအတွက် တောင်းတဲ့အဖိုး အခကို ခရီးသည်တိုင်း ပေးဆောင်ရတာကြောင့် စုပေါင်း စနစ်ပြဿနာဟာလည်း ခရီးသည် တွေကို စိတ်ကသိကအောက်ဖြစ်စေပါတယ်။

“မပြောမဆိုနဲ့ လမ်းကြုံတင် တတ်ကြတယ်၊ နောက်ပြီး အဲဒီ လမ်းကြုံတင်လိုက်တဲ့ ခရီးသည်က လမ်းကြောင်းအရ အရင်ပို့ပေး ရတဲ့အခါဆိုရင် ကိုယ်က နောက်ကျရတယ်၊ အမြန်လိုချင်လို့ ကားငှားတာလေ၊ အဲဒီလိုလုပ်တော့ ပိုက်ဆံကုန်ရပြီးတော့ ပိုနောက်ကြရတယ်”လို့ ကိုလွင်မောင်ဌေး က သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။

ဈေးအမျိုးမျိုးပြော

နှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်တဲ့ တက္ကစီစီးတိုင်းကြုံတွေ့ရ တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကားခကိစ္စဟာ လက်ရှိအချိန်အထိ တက္ကစီ အစီးရေများပြားလာပေမဲ့ ဈေးဆစ်ရတာက အခက်အခဲအကြီး ကြီးတစ်ခုဖြစ်နေဆဲပါ။

အခုနောက်ပိုင်းမှာဆိုရင် ယာဉ်လမ်းကြောပိတ်ဆို့တာတွေ များပြားလာတာကြောင့် ယာဉ်စီးခကိုလည်း လမ်းပိတ်ဆို့မှုအတွက်ပါ ပေးချေနေရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ယာဉ်စီးခကို အဆမတန် တောင်းတဲ့ အငှားယာဉ်မောင်းနဲ့ တွေ့လို့ ခရီးသည်တွေက ပုံမှန် ဈေးကို ပြောတဲ့အခါ တက္ကစီမှ စီးဖူးရဲ့လားဆိုတဲ့ အကြည့်နဲ့ ကြည့်သွားတာမျိုး၊ ဆစ်တဲ့ဈေးကို ကြား ပြီးတာနဲ့ မရလို့ပါလို့တောင် ညှိ  နှိုင်းတာတွေ မလုပ်တော့ဘဲ ကား ကိုမောင်းထွက်သွားတဲ့ အပြုအမူ တွေဟာ ရန်ကုန်မြို့က လူတိုင်းနီးပါး ကြုံတွေ့ရဖူးမှာပါ။

ဗိုလ်တထောင်မြို့နယ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင် က ‘တက္ကစီစီးရင် ဈေးစကားပြောရတာ တော်တော်လေးစိတ်ပျက်တယ်၊ ဈေးတွေကလဲ ကြီးတယ်၊ ဈေးဆစ်ရင်လဲ တော်တော်လေး ပြောရတယ်˘ လို့ ဆိုပါတယ်။

နောက်ထပ် ကသိကအောက် ဖြစ်စရာက ကိုယ်ဆစ်တဲ့ဈေးကို သူက ကျေနပ်လို့ ကိုယ်လည်း ကားပေါ်တက်ထိုင်ပြီး ကားလည်း ထွက်တော့မှ သည်လမ်းက သည်ဈေးနဲ့ မရဘူး။  လမ်းက မဖြောင့်ဘဲ ကား ကျပ်နေတာနဲ့ ကြုံရလို့ဆိုတာ မျိုးတွေကို တက္ကစီယာဉ်မောင်းအ ချို့ က လမ်းမှာပြောဆိုနေတာတွေဟာလည်း စိတ်ကသိကအောက် ဖြစ်စေရတယ်လို့ သူက ဆိုပါ တယ်။

မောင်ရင်း ဖုန်းပြော

တစ်ကမ္ဘာလုံးမှာ တားမြစ် ထားတဲ့ စည်းကမ်းချက်တစ်ခုဖြစ် တဲ့ ကားမောင်းရင်း ဖုန်းပြောတာတွေဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စရာပါ။

ကိုယ့်ကားကို ကြိုက်သလို မောင်းနိုင်ပေမဲ့ ခရီးသည်ပါလာတဲ့ အချိန်မျိုးမှာ ဖုန်းကိုကိုင်ပြီးပြောနေတာက ခရီးသည်ရော ယာဉ်မောင်းကိုယ်တိုင်ပါ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

တချို့ဆို ခရီးသည်မရခင်က တော့ ကားတားမယ့်ခရီးသည်ကို သိန်းငှက်တစ်ကောင်အလား ရှေ့ကို တည့်တည့်ကြည့်ပြီးမောင်းကြပေမဲ့ခရီးသည်ရပြီဆိုတာနဲ့လွတ်လပ်ရေးရပြီးသူ့ကိုဖုန်းပြောခွင့်ပါမစ်ပေးလိုက်တဲ့အလား ဖုန်းပြောနေလိုက်တာ ခရီးသည် ကားပေါ်က ဆင်းတဲ့အထိတောင် သူဖုန်းပြောတာက မပြီးသေးပါ ဘူး

လမ်းမသိသူများ

အခုမှကားစမောင်းဖူးသူနဲ့ကြုံ ရတဲ့အခါ ကိုယ်ကလည်း ကိုယ်သွားမယ့်လမ်းကို ပိုင်ပိုင်နိုင်နိုင် မသိဘူးဆိုရင်တော့ ပြဿနာအ ကြီးကြီးတက်ပြီး လိုရာခရီးကို တော်တော်နဲ့ မရောက်တော့ပါ ဘူး။

တချို့ကျတော့လည်း ကိုယ်သွားနေကျလမ်းကို သူတို့သိသလိုလိုနဲ့ ရွေးချယ်တဲ့လမ်းတွေမှားပြီး ကားအရမ်းပိတ်တဲ့နေရာတွေ ဖြစ်နေပြန်တော့ တက္ကစီအကြာကြီး စီးရတာမျိုးလည်း ကြုံရဖူးပါတယ်။

တချို့ကတော့ ခရီးသည်ကို ဘယ်ကသွားရင် ပိုအဆင်ပြေလဲ မေးတတ်ပေမဲ့ တချို့ကျတော့လည်း ကိုယ်က စေတနာနဲ့ သည် အချိန် သည်လမ်းလေးကသွားရင် အဆင်ပြေတယ်ပြောပြပေမဲ့ ဆရာလုပ်တယ်ထင်ပြီး မကြိုက်ကြပါ ဘူး။

ညဘက် အရှိန်လွန်

ညဘက် ကားရှင်းချိန် တက္ကစီ ငှားတာကတော့ များသောအား ဖြင့် ထိုက်သင့်တဲ့ဈေးနဲ့ တည့် တတ်ပါတယ်။ တကယ်ညဘက် မှာကြုံရတဲ့ပြဿနာကယာဉ်မောင်းတချို့ဟာ လမ်းရှင်းတယ် ဆိုပြီး ရှိသင့်တဲ့ နှုန်းထက် ပိုမောင်း ကြတာပါပဲ။

ဒါကြောင့် အရှိန်လေးလျှော့ မောင်းပေးဖို့ ပြောတဲ့အခါ တချို့ ကားသမားက လက်ခံပြီး လျှော့ မောင်းပေးကြပေမဲ့ တချို့ကတော့ ပြောတဲ့ခရီးသည်ကိုတောင် ပြန် ပြီးစိတ်တိုတာမျိုး ကြုံရဖူးပါတယ်။

တစ်ခါတလေမှာ တက္ကစီယာဉ်မောင်းအချို့ အင်္ကျီစွပ်ကျယ်နဲ့ ဘောင်းဘီအတိုတွေဝတ်တာ၊ ရာသီဥတုပူတာကို အကြောင်းပြု ပြီး ပုဆိုးစကို ဒူးခေါင်း အထက်ကို မတာတွေဟာလည်း စိတ်အနှောင့် အယှက်ဖြစ်စရာတွေ ဖြစ်တယ်လို့ ခရီးသည်တွေကို မေးမြန်းချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ တက္ကစီတွေအတွက် သီးသန့်နေရာမရှိတကြောင့် တက္ကစီအများစုဟာ လမ်း ဘေး ဝဲ၊ ယာမှာပဲ ကြုံသလို ဂိတ် ထိုးနေကြပါတယ်။ နှစ်ပေါင်းများစွာ ဂိတ်ထိုးလာခဲ့တဲ့ အဲသည်လမ်းဘေးဝဲ၊ ယာတွေက နေရာတွေကို လည်း သူတို့ အပိုင်နေရာတွေအဖြစ် သတ်မှတ်ထားကြပါတယ်။

လမ်းဘေးဝဲယာမှာ ရပ်ထားတဲ့ တက္ကစီအများစုဟာ ခရီးသည် ငှားစီးတဲ့အခါ ပုံမှန်ဈေးထက် တင် တောင်းတတ်ကြတာဟာလည်း ခရီးသည်တွေ စိတ်ကသိကအောက်ဖြစ်စေတဲ့ အချက်ပဲ ဖြစ်ပါ တယ်။

ညဘက်ပြန်ရတဲ့အခါမျိုးမှာ တက္ကစီမောင်းနှင်သူ အချို့ကားမောင်းနှင်နေရင်း (မူးယစ်ဆေးဝါး သုံးစွဲထားသလို) တစ်ယောက်တည်းစကားပြောနေတာ၊ ရယ်မောနေတာ၊ အော်ဟစ်နေတာကို လိုက်ပါစီးနင်းသူအချို့ကြုံတွေ့ရပါတယ်။

မူမမှန်တဲ့ တက္ကစီသမားတွေနဲ့ ပတ်သက်လို့လည်း ကြပ်ကြပ်မတ် မတ် ထိန်းချုပ်စေလိုကြပါတယ်။

သီချင်းအကျယ်ကြီးဖွင့်

ရန်ကုန်မြို့က တက္ကစီအများစုပြုမူတဲ့အကျင့်ကတော့ သီချင်းအကျယ်ကြီး ဖွင့်တတ်တာပါပဲ။ တချို့ဆိုရင် ဘုရားစာအကျယ်ကြီးဖွင့်တာ၊ အက်ဖ်အမ်ရေဒီယိုကလာတဲ့ သီချင်းတွေကို အကျယ်ကြီးဖွင့်တာတွေက တက္ကစီစီးတဲ့ သူကို အကြီးအကျယ်ဒုက္ခပေးတဲ့ အချက်လို့ ဆိုပါတယ်။

ဓားထောက်လုတဲ့ တက္ကစီ

၂၀၁၆ ခုနှစ်အတွင်းမှာ တက္က စီမောင်းနှင်သူအချို့ မှုခင်းတွေ တော်တော်များများ ကျူးလွန်ကြတာကို ရဲတပ်ဖွဲ့တွေက ဖော်ပြထားပါတယ်။ တက္ကစီငှားရမ်းသူတွေကို လမ်းမှာ အမှောင်ထဲခေါ်သွား ပြီး လုယက်တာ၊ မုဒိမ်းမှုကျူးလွန်တာကြောင့် အဲသည်ကိစ္စလည်း သေသေချာချာ ကြီးကြပ်စေချင် တယ်လို့ ပြောကြပါတယ်။

ဘယ်နှယောက်လိုက်မှာလဲ

ရန်ကုန်မြို့က တက္ကစီမောင်းသူအချို့ရဲ့ အကျင့်ဆိုးကတော့ ငှားရမ်းသူနဲ့ ဈေးစကားပြောပြီး တာတောင် ဘယ်နှယောက်လိုက် မှာလဲလို့ မေးမြန်းတတ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။
အများအားဖြင့် တက္ကစီငှားရမ်းသူဟာ သုံးယောက်ဖြစ်နေ ရင် တစ်ယောက်ဆို ဘယ်လောက်ကျ တယ်လို့ တက္ကစီမောင်းသူက ပြောဆိုတတ်ပြီး ခရီးသည်က အပြတ် ငှားထားတာပဲလို့ ပြန်ပြောရင် တစ်လမ်းလုံး စကားများရန်ဖြစ်ရ တာကို ကြုံရတယ်လို့ ဆိုပါတယ်။

အဲသည်အချက်ကလည်း ပြု ပြင်သင့်တဲ့အချက်ဖြစ်ပါတယ်။

လိုင်းကားဂိတ်တွေလူရှာ

ကားကျပ်တဲ့ ရုံးဆင်းချိန်တွေမှာ တက္ကစီမောင်းသူအချို့လုပ် တတ်တဲ့ အကျင့်ကတော့ ကား ဂိတ်တွေ ရှေ့အတင်းထိုးရပ်ပြီး လူရှာတာမျိုးဖြစ်ပါတယ်။ ဘတ်စ် ကားရပ်လာလို့ ခရီးသည်တွေက တက်မယ်ဆိုရင် အသေရပ်ထား တဲ့ တက္ကစီကို ရှောင်ရတာလည်း ဒုက္ခတစ်ခုပါ။ ခရီးသည်ကိုတင်မ ကဘဲ ဘတ်စ်ကားပါ ရပ်စရာမရှိ လို့ လမ်းပေါ်မှာ ရပ်ရင်းယာဉ်ပိတ်ဆို့မှုတွေ ဖြစ်ရပါတယ်။

ရှော့ပင်းမောလ်တွေရှေ့

တက္ကစီအချို့ဟာ လူစည်ကားတဲ့ ရှော့ပင်းမောလ်တွေ၊ ဈေးဝယ်စင်တာတွေရှေ့မှာ သူ့ထက်ငါ အပြိုင် လူရဖို့ နေရာဦးကြပါတယ်။ မနက်ရုံးတက်ချိန်နဲ့ ညနေရုံးဆင်း ချိန် ဘတ်စ်ကားတွေအတွက် သွားရလာရခက်ချိန်မှာ ဈေးဝယ်စင် တာတွေရှေ့မှာ ကျောက်ချထား လေ့ ရှိပါတယ်။

အဲသည်အချက်ကလည်း အများပြည်သူတွေကို စိတ်အနှောင့် အယှက်ကြီးကြီးမားမားပေးနေ တာကြောင့် စည်းကမ်းချမှတ်သင့် တယ်လို့ ပြောကြပါတယ်။

ဘာတွေ ပြင်ရမလဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ တက္ကစီအစီးရေ ၆၀,ဝ၀ဝ ကျော် ရှိနေပြီး အမှန်တကယ်ပြေး ဆွဲနေတဲ့ တက္ကစီပမာဏကတော့ အဲသည်ပမာဏထက်ပိုပါတယ်။ သည်လိုကားအစီးရေတွေ များနေတဲ့အတွက် ခရီးသည်မပါပေမဲ့ လမ်းမပေါ် ပတ်ပြေးဆွဲနေတာ ကြောင့် ယာဉ်ကြောကျပ်တာတွေ၊ မလိုအပ်ဘဲ လေထုညစ်ညမ်းတာတွေ၊ စက်သုံးဆီတွေကို ဖြုန်းတီးသလိုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ရန်ကုန်မြို့အကျယ်အဝန်း လောက်သာရှိတဲ့  စင်ကာပူလို နိုင်ငံမှာတောင် တက္ကစီအစီးရေ ၂၀,ဝ၀ဝ ကျော်လောက်သာ ရှိ တာ ဖြစ်လို့ လက်ရှိရန်ကုန်မြို့က တက္က စီအစီးရေပမာဏဟာ လိုတာထက် ပိုသုံးနေတာဖြစ်တယ်လို့ Hello Cab က ဒါရိုက်တာဦးအောင်ဝင်း က ပြောပါတယ်။

ဦးအောင်ဝင်းက “တို့တိုင်းပြည် မှာဖြစ်နေတာက တက္ကစီခတွေက မသက်သာဘူး၊ တက္ကစီခတွေက သူများတိုင်းပြည်ထက်စာရင် များနေတယ်၊ သူများတိုင်း ပြည်မှာ ကားအသစ်တွေ မောင်းနေတယ်၊ တို့တိုင်းပြည်မှာ ကားအ ဟောင်းအစုတ်တွေမောင်းနေပြီး တော့ စီးရတဲ့သူက ပေးရတဲ့ပိုက်ဆံနဲ့ မတန်ဘူး၊ မတန်လို့လဲ ဒီဟာကို လျော့လို့ မရဘူး၊ အခုငှားနေတဲ့ ငွေကြေးတောင် မကိုက်ဘူး၊ အဲဒီတော့ အကုန်လုံးမဝဘူး”လို့ ထောက်ပြပါတယ်။

တက္ကစီတွေ အသက်အန္တ ရာယ်လုံခြုံစိတ်ချရဖို့ ယာဉ်မောင်းတွေကို သင်တန်းပေးတာတွေ၊ ခရီးသည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ခန္ခာကိုယ်အနံ့တွေ မထွက်အောင်၊ တရားခွေတွေ၊ သီချင်းတွေ၊ သတင်းတွေကို  အကျယ်ကြီးမဖွင့်ဘဲ ခရီးသည်တွေ လိုအပ်တဲ့ နေရာကို စိတ်ချလက်ချ ပို့ပေးနိုင်အောင် လေ့ကျင့်ပေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

လက်ရှိမြန်မာပြည်မှာ တက္ကစီစနစ်ကို တစ်ဦးပိုင်စနစ်နဲ့ပဲ ပြေးဆွဲနေတာဖြစ်တယ်။ ကုမဏီတွေကနေ ဝန်ဆောင်မှုအပြည့်အဝပေးပြီး ပြေးဆွဲနေတဲ့ တက္ကစီအစီးရေဟာ အနည်းငယ်ပဲရှိပါတယ်။

လောလောဆယ် ရန်ကုန်မြို့ မှာ အွန်လိုင်းကနေ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ စနစ်ကျနတဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ တက္ကစီကုမဏီတွေကHello Cab ကုမဏီနဲ့ Oway Ride ကုမဏီ နှစ်ခုသာ ရှိနေပါတယ်။ အဲသည် ကုမဏီတွေဟာ သူတို့ရဲ့ တက္ကစီတွေကို ဂျီပီအက်စ်စနစ်တပ်ဆင်ပေးထားပြီး အင်တာနက်စာမျက် နှာပေါ်ကနေလည်း ခေါ်ယူလို့ရ နိုင် အောင် စီစဉ်ပးထားပါတယ်။

ဒါ့အပြင် ကုမဏီရဲ့ ကောလ်စင်တာကို ဆက်သွယ်လာတဲ့ ခရီးသည်နဲ့ အနီးဆုံးမှာရှိတဲ့ကုမဏီက ယာဉ်မောင်းကို အိမ်တိုင်ရာ ရောက် ဝန်ဆောင်မှုပေးထားပါ တယ်။

သည်စနစ်ဟာ ဘယ်ခရီး သည်က ဘယ်ယာဉ်မောင်းနဲ့ သွားခဲ့တယ်ဆိုတာကိုပြန်လည်စစ်ဆေးနိုင်တာဖြစ်လို့ ခရီးသည်လုံခြုံရေးအတွက် အဆင်ပြေနိုင်မှာ ဖြစ် တယ်လို့ ဦးအောင်ဝင်းက ရှင်းပြပါ တယ်။

သူက ‘ပစ္စည်းကျန်ခဲ့တာက အစမသင်္ကာလို့ ပြန်ကြည့်မယ်ဆို ရင် ပြန်ကြည့်လို့ရတယ်၊ စင်တာကနေလဲ ကြည့်ပေးတယ်”လို့ ပြောတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြေးဆွဲနေတဲ့ တက္ကစီစနစ်တွေ အဆင့်မြင့် တင်ဖို့ဆိုရင် ကားသစ်တွေနဲ့ ပြေးဆွဲပေးဖို့ လိုအပ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ တက္ကစီအချို့ဟာ အနံ့အသက်မကောင်းတာ၊ တက္ကစီတချို့မှာ ထိုင်ခုံတွေ မတ် နေတာ၊ သုံးထားတဲ့ ထိုင်ခုံတွေဟာလည်း ကြိတ်သားတွေ ဖြစ်နေတာကြောင့် မိုးရာသီမှာဆိုရင် အနံ့ အသက်ထွက်နေတာတွေ စတာတွေဟာ ခရီးသည်တွေ ကြုံတွေ့ နေရတဲ့ ပြဿနာတွေ ဖြစ်ပါ တယ်။

နိုင်ငံတကာမှာဆိုရင် တက္ကစီ တစ်စီးရဲ့ သက်တမ်းဟာ နိုင်ငံရဲ့ ကြွယ်ဝမှုအပေါ် အခြေခံပြီး ငါးနှစ် ကနေ ခုနစ်နှစ်အထိသာ ပြေးဆွဲရမယ်လို့ သတ်မှတ်ထားတာပါ။ သတ်မှတ်ထားတဲ့နှစ် ကျော်လွန် သွားတဲ့အခါမှာ  အဲသည်ကားတွေဟာ လုပ်ငန်းသုံးကားတွေအဖြစ် ပြောင်းလဲအသုံးပြုရပါတယ်။

တခြားနိုင်ငံမှာ

အမေရိကန်နိုင်ငံအခြေစိုက် နည်းပညာကုမဏီတစ်ခုဖြစ်တဲ့ အူဘာ (Uber) ကို ကမıာနိုင်ငံ ပေါင်း ၆၁နိုင်ငံက ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ အူဘာ ကုမဏီဟာ အငှားယာဉ်တွေကို ဂျီပီအက်စ်နဲ့  ထိန်းချုပ်ပြီး အငှားယာဉ်တွေ ဘယ်မှာရောက်နေတယ်ဆိုတာကို ကုမဏီက စောင့်ကြည့်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဆက်သွယ်လာတဲ့ ခရီးသည်တွေကို သူတို့နဲ့ အနီးဆုံးမှာ ရှိတဲ့ ကုမဏီပိုင်အငှား ယာဉ်မောင်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှု လည်း ပါဝင်ပါတယ်။ အူဗာကုမဏီဟာ တက္ကစီတွေကို မပိုင်ဆိုင်ဘဲ တက္ကစီယာဉ်ပိုင်ရှင်တွေကို အူဗာ စနစ်ထဲ ရောက်ရှိလာအောင် အသင်းဝင်အဖြစ် ဖိတ်ခေါ်တာ တွေ၊ သင်တန်းပေးတာတွေကို ပြု လုပ်ပေးပါတယ်။ သူတို့ကုမဏီနဲ့ လာရောက်ပူးပေါင်းတဲ့ ယာဉ်ပိုင်ရှင်တွေဟာ သူတို့လိုချင်တဲ့ စည်း စနစ်မျိုးနဲ့ ကိုက်ညီပြီဆိုရင် ယာဉ် ပိုင်ရှင်တွေဆီက ကော်မရှင်ခသာ ကောက်ယူပါတယ်။ အဲသည် တက္ကစီနဲ့ ပတ်သက်ပြီး ကုမဏီက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ့် စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကုမဏီက ရယူထား တာကြောင့် စည်းကမ်းဖောက် ဖျက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

အဲသည်စနစ်ကို စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတွေမှာလည်း ကျင့်သုံးနေပြီ မြန် မာနိုင်ငံအနေနဲ့လည်း ကျင့်သုံးသင့်နေပြီလို့ ဦးအောင်ဝင်းက အကြံပြုပါတယ်။

သူက“စင်ကာပူမှာဆိုရင် တက္ကစီကို လူတွေက မပိုင်ဘူး၊ ရှိ ပြီးသားတက္ကစီတွေကို အူဗာရဲ့ စနစ်ထည့်ဝင်အောင် တာဝန်ခံ တာ၊ သူက ပိုင်ရှင်တွေကို ခေါ်တယ်၊ သင်တန်းပေးတယ်၊ သူ့လို ပုံစံမျိုးဖြစ်အောင် လုပ်ပေးတယ်၊ သူတို့ဆီကနေ ကော်မရှင်ခ ယူတယ်၊ အလုပ်ရှာပေးတဲ့ ပုံစံမျိုး၊ အခု အင်ဒိုနီးရှားဆိုရင် ကုမဏီကြီးတွေက ဒီလိုပုံစံမျိုးကို သုံးတယ်၊ သူတို့ဆီမှာ ပရိုဂရမ်မာတွေက အ များကြီး၊ တရုတ်ပြည်မှာဆိုရင် ဒီဒီ ကာဆိုတဲ့ ကုမဏီက နံပါတ်တစ်ပဲ၊ အစိုးရတာဝန်ယူပြီး မလုပ်ရဘူး၊ ကုမဏီတွေက တာဝန်ယူတယ်”လို့ ပြောပါတယ်။

သံသယ

လောလောဆယ်မှာတော့ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ တက္ကစီ ယာဉ်မောင်းနဲ့ ခရီးသည်အကြား မှာ သံသယတွေနဲ့ ယုံကြည်မှုတွေ ပျက်ပြားပါတယ်။ တက္ကစီယာဉ် မောင်းကလည်း ခရီးသည်ကို မယုံကြည်သလိုခရီးသည်ကလည်း တက္ကစီယာဉ်မောင်းကို မယုံကြည် နိုင်ပါဘူး။

ညဘက်ပိုင်းတွေမှာဆိုရင် ယာဉ်မောင်းအချို့က လူအပိုခေါ် ထားတာကြောင့် ခရီးသည်က ပိုမိုသံသယဖြစ်စေပါတယ်။

ဒါ့အပြင် တက္ကစီယာဉ်မောင်းကို ခရီးသည်က လုယက်တာ၊ ခရီး သည်ကို တက္ကစီယာဉ်မောင်းက လုယက်တာစတဲ့ ပြဿနာတွေလည်း ဖြစ်ပွားဖူးတာကြောင့် ခရီး သည်နဲ့ တက္ကစီယာဉ်မောင်းမှာ တစ်ဦးနဲ့တစ်ဦး သံသယစိတ်နဲ့ စီး နင်းနေရတဲ့ အနေအထား ဖြစ်ပါ တယ်။

မြန်မာနိုင်ငံက တက္ကစီပိုင်ရှင်ဟာလည်း နေ့စဉ်ပုံမှန်ဝင်ငွေရဖို့နဲ့ ကိုယ်ကိုယ်တိုင်သွားရေး၊ လာရေး အဆင်ပြေစေဖို့ တက္ကစီတွေ ထောက်ထားကြတာ ဖြစ်ပါတယ်။
အုံနာကများ ကားကများ

တက္ကစီစနစ်ရဲ့ မှားယွင်းနေတဲ့ အချက်အလက်က တက္ကစီ အရေအတွက်ကို မကန့်သတ်ဘဲ ချပေးတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အပိုဝင် ငွေရချင်တဲ့ အိမ်တိုင်းလိုလိုကားတွေကို တင်းကြမ်းဝယ်ပြီး တစ်နေ့ အုံနာခ ကျပ် ၁၅,ဝ၀ဝ နဲ့  တက္ကစီ အဖြစ် ပြေးဆွဲစေပါတယ်။

တက္ကစီယာဉ်မောင်းတွေဟာ ပိုင်ရှင်တွေဆီကနေ ကားကို ည အိပ်ယူရင် ကားပေါ်မှာ မူတည်ပြီး ကျပ် ၁၅,ဝ၀ဝ နဲ့ ၂၀,ဝ၀ဝ၊ ညပိုင်း ယူရင် ကျပ် ၁၀,ဝ၀ဝ နဲ့ နေ့ပိုင်းယူရင် ကျပ် ၁၀,ဝ၀ဝ ပေးချေနေရ တယ်လို့ သိရပါတယ်။
တက္ကစီယာဉ်ပိုင်ရှင် ဒေါ်ဥမ္မာခိုင်က “တစ်ရက် ကျပ် ၁၀,ဝ၀ဝ ဆို တာ သိန်း ၁၀ဝ ကျော်လောက်ရင်း ထားရတဲ့ ကားပိုင်ရှင်တွေအတွက်တော့ မျှတပါတယ်၊ တချို့အိမ်သုံးချင်တဲ့ ရက်ဆိုရင် ကြိုပြောလိုက် တော့ ကိုယ်လဲ အဆင်ပြေ၊ သူလဲ အဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

မှတ်ပုံတင်မထားတဲ့ ထောင်နဲ့ချီတဲ့ တက္ကစီတွေလည်း ရန်ကုန်မြို့မှာ ပြေးဆွဲနေပါတယ်။

မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီရဲ့ ဌာနမှူးဟောင်း ဦးမောင်မောင်လွင်က “တက္ကစီတွေကို ကုမဏီသဘောမျိုး တစ်စုတစ်စည်းတည်းပူးပေါင်း ပြေးဆွဲစေချင်တယ်၊ မြို့နယ်အလိုက်ပြီးရင် ခရိုင်အလိုက် တက္ကစီ စာရင်းပြုစုသင့်တယ်၊ ပုတ်ပြတ်အ နေနဲ့ မဟုတ်ဘဲ တစ်နေ့ဘယ် လောက်ဆိုတာမျိုး မဟုတ်ဘဲ အ သင်းအဖွဲ့အစည်းတစ်ခုအနေနဲ့ တည်ထောင်ပြီး ပြေးဆွဲစေချင်တယ်”လို့ ပြောပါတယ်။

ရပ်ဖို့နေရာ

ရန်ကုန်မြို့မှာဆိုရင် တက္ကစီတွေရပ်နားဖို့ နေရာသီးသန့်မရှိ တာလည်း ကြီးမားတဲ့ ပြဿနာ တစ်ခုပါ။ လမ်းပေါ်မှာဖြစ်သလို ရပ်တာကြောင့် လမ်းကျပ်တာတွေ၊ စည်းကမ်းမဲ့ပြဿနာတွေ ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာမှာတော့ တက္ကစီ Stand တွေဟာ ရှော့ပင်းမောတွေ၊ ဈေးတွေ၊ ကားဂိတ်၊ ရထားဘူတာရုံတွေ၊ ဆေးရုံတွေနဲ့ လူစည်ကားနေရာတွေမှာ သီးသန့်ထားရှိပေးပါတယ်။ တက္ကစီငှားလို သူတွေဟာ လမ်းပေါ်မှာ ထွက်ရပ် စရာမလိုဘဲ နီးစပ်ရာတက္ကစီ Stand တွေကို သွားပြီး စနစ်တကျ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း ငှားနိုင်ပါတယ်။

ရန်ကုန်မြို့မှာလည်း တက္ကစီတွေကို လမ်းပေါ်မှာ ပတ်သွားနေတာမျိုး ခွင့်မပြုဘဲ သီးသန့် stand တွေကို အများပြည်သူ အများဆုံး သွားလာတဲ့နေရာတွေမှာထားပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ကုမဏီတွေက ကောလ်စင်တာနဲ့ ထိန်း ချုပ်ပေး မယ်ဆိုရင် တက္ကစီငှားချင်သူတွေဟာ ဖုန်းအက်ပ်တွေကနေ တစ်ဆင့် ငှားရမ်းနိုင်ပြီး လမ်းပေါ်ထွက် စရာမလိုဘဲ နေအိမ်ကနေ ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။

ဦးအောင်ဝင်းက “တက္ကစီတွေအတွက် ရပ်နားတဲ့စနစ် လိုအပ် တယ်၊ stand တွေကို အစိုးရအဖွဲ့ ကနေပြီးတော့ ဆောင်ရ∑က်ပေးရ မယ်၊ အခုတော့ အစိုးရက စစ် တမ်းကောက်နေတယ်၊ တက္ကစီဆွဲနေတယ်ဆိုရင်လဲ လူတွေက အဲဒီမှာပဲ စောင့်ရမယ်၊ သူ့နေရာသူ တန်းစီပြီးရပ်ရမယ်၊ တက္ကစီတစ်စီးလာရင် အကုန်လုံးတံခါးဆွဲဖွင့်လို့မရဘူး၊ စောတဲ့သူက အရင်စီး ရမယ်၊ ပြောချင်တာက တက္ကစီ stand တွေက တန်းစီတဲ့ပုံစံဖြစ် အောင် လုပ်ပေးရမယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောဆိုထားတဲ့တက္ကစီတွေနဲ့ပတ်သက်ပြီး ပြု ပြင်မယ့်အချက်များ

တက္ကစီစနစ်ကို သုံးလအတွင်းပြောင်းလဲမည်။

ရန်ကုန်မှာဆွဲနေတဲ့နယ်တက္ကစီတွေကို စိစစ်အရေးယူမည်။

ရာသက်ပန်အဖြစ်သတ်မှတ်ထားတဲ့ AA, BB နံပါတ်တွေကလွဲလို့ ကျန်အနီတက္ကစီတွေကို စီးနင်းမယ့်သူနဲ့ အချိုးကျတွက်ချက်ပြီး အိမ်စီးကားနံပါတ်အမည်း ပြောင်းလဲမည်။

တက္ကစီတွေအတွက် ကောလ်စင်တာပြုလုပ်မည်။

နယ်ကဝင်လာတဲ့ကားတွေအတွက် မြို့အဝင်မှာ ကားပါကင်ထားမည်။

အငှားယာဉ်တွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ခံနေသည်။

အငှားယာဉ်တွေကို YRTA ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့လက်အောက်မှာထားရှိမည်။



တက္ကစီ အရေအတွက်

ရန်ကုန်မှာလက်ရှိတရားဝင် ၆၂,၂၄၄ စီး
မှတ်ပုံတင်ထားတဲ့တက္ကစီအရေအတွက်
ရန်ကုန်မြို့မှာရှိသင့်တဲ့ ၃၀,ဝ၀ဝ စီး
တက္ကစီအရေအတွက် တွက်ချက်မှု

တစ်နေ့ ဝင်ငွေ

ရန်ကုန်မှာအငှားယာဉ်ပိုင်ရှင်တွေရဲ့ ကားကိုညအိပ်ယူရင်ကားပေါ်မှာမူတည်ပြီး-
တစ်နေ့ဝင်ငွေ ၁၅,ဝ၀ဝ ကျပ်/ ၂၀,ဝ၀ဝ ကျပ်
ညပိုင်းအတွက်- ၁၀,ဝ၀ဝ ကျပ်
နေ့ပိုင်းအတွက်- ၁၀,ဝ၀ဝ ကျပ်
ထိုင်းနိုင်ငံမှာအငှားယာဉ်ပိုင်ရှင်တွေရဲ့ ၆၀,ဝ၀ဝ ကျပ်ဝန်းကျင်
တစ်နေ့ဝင်ငွေ

တခြားနိုင်ငံတွေရဲ့တက္ကစီတစ်စီးရဲ့ဝန်ဆောင်မှု

၁။ ဖုန်းဆက်မှာယူနိုင်ပါသည်။ (ချက်ချင်းဝန်ဆောင်မှု၊ အချိန်ကာလသတ်မှတ်ဝန်ဆောင်မှု)

၂။ လူအရေအတွက်ပေါ်မူတည်ပြီး ကားအရွယ်အစားရွေးချယ်နိုင်ပါသည်။

၃။ ခရီးသည်လုံခြုံရေးအတွက် ကားထဲမှာ ကင်မရာတပ်ဆင်ထားသည်။

၎။ တက္ကစီတွေမှာ ဂျီပီအက်စ်စနစ်တွေ တပ်ဆင်ထားသည်။

၅။ ပြဿနာတွေ ဖြစ်ရင် ခရီးသည်ကိုသာ ဦးစားပေးသည်။

၆။ တိုင်ကြားနိုင်တဲ့စနစ်တွေ ရှိပါသည်။

၇။ တက္ကစီတွေအားလုံးကို ကောလ်စင်တာကနေ ထိန်းချုပ်ထားပါသည်။

၈။ တက္ကစီယာဉ်မောင်းတွေအားလုံးကို ခရီးသည်နဲ့အဆင်ပြေစေဖို့ လူမှုဆက်ဆံရေး၊ ကားနဲ့ပတ်သက်တဲ့သင်တန်းတွေ ပေးပါသည်။



Sources: အေးအေးအောင်၊ချမ်းသာ၊ထင်လင်းထက် (ကုမုဒြာ)

No comments:

Post a Comment