Latest News

Saturday, January 21, 2017

သတင်းစာဆရာတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းထဲမှ အာဇာနည် ဗိုလ်ချုပ်အကြောင်း

သတင်းစာဆရာတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းထဲမှ အာဇာနည် ဗိုလ်ချုပ်အကြောင်း



အုတ်နံရံကို သေနတ်ကျည်ဆန်ထိမှန်ပြီး ထွက်ပေါ်လာသည့် ''ဖြောင်း ဖြောင်း'' ဆိုသည့်အသံများ၊ ''သေကုန်ပြီ သေကုန်ပြီ ဗိုလ်ချုပ်တို့သေကုန်ပြီ''ဆိုသည့် အတွင်းဝန်များရုံးဆီမှ ထွက်ပေါ်လာသည့် အော်ဟစ်ဆူညံသံများ၊ လူအများပြေး လွှားနေသည့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မြင်ကွင်း။

ထိုစဉ်က အတွင်းဝန် များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းတို့၏ အစည်းအဝေး သတင်းသွားယူရင်း တွေ့မြင်ခဲ့ရသည့်အတွေ့အကြုံများက အခုအချိန်ထိ မမေ့နိုင်စရာပုံရိပ်တွေဖြစ်နေဆဲဟု အသက် ၈ဝ ကျော်အရွယ် ရှိပြီဖြစ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် သတင်းစာဆရာကြီးဟံသာဝတီ ဦးအုန်းကြိုင်က ပြောပြသည်။

''ဗိုလ်ချုပ်တို့ ကျဆုံးမယ့်နေ့က သတင်းသွားယူရင်း ဗိုက်ဆာတာနဲ့ သူရိယ သတင်းစာတိုက်ရှေ့က မမကြီးလက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါး သွားစား နေတုန်း အသံတွေကြားတာနဲ့ အတွင်းဝန်ရုံးထဲပြေးဝင်တော့ သတင်းထောက် မောင်သန်းက ''ကျွန်တော်သတင်းထောက်ပါ။ ကျွန်တော် သတင်းထောက်ပါ။ ကျွန်တော့်ကိုမပစ်ပါနဲ့'' အဲ့ဒီလိုအော်တာ။ ''ဒါဆိုမှောက်''လို့ ရန်ကြီးအောင်တို့ ဘက်ကအော်တော့  ''ဟုတ်ကဲ့'' ဆိုပြီး ဝပ်ချလိုက်တာ အခုထိမြင်ယောင်နေ သေးတယ်''ဟု ဦးအုန်းကြိုင် က ပြောပြသည်။

''အပေါ်ထပ်လှေကားပေါ်ကနေ ဒဏ်ရာရတဲ့ သူတွေရော၊ သေတဲ့ သူ တွေရော အောက်ကိုချတော့ ဗိုလ်ချုပ် အလောင်းက နောက်ဆုံးမှ သယ်လာတာ။ မိုင်းပွန်စော်ဘွားကြီးက လှုပ်နေတုန်း၊ အော်နေတုန်း။ အဲဒီမြင်ကွင်းက ယနေ့ထိ စွဲနေတုန်းပဲ''ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်က ဆက်ပြောသည်။

ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ တိုင်းပြည်၏ အနာဂတ်ရေး ရာများ ဆွေးနွေးတိုင်ပင်နေ စဉ် မသမာသူတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးခြောက်ဦး၊ အတွင်းဝန်တစ်ဦးနှင့် သက်တော်စောင့်တစ်ဦးတို့ ကျဆုံး ခဲ့ရသည့်အတွက် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်သည် ပြည်သူများ နှမြောတသ ဖြေမဆည်နိုင်ဖြစ်ခဲ့ရသည့် မမေ့နိုင်စရာ သမိုင်းဝင်နေ့ဖြစ်ခဲ့သည်။

ထိုခေတ်အခါက ထွက်ရှိသမျှ သတင်းစာ၊ ဂျာနယ်များ၏ မျက်နှာဖုံး များတွင် ထင်ရှား သည့်စာလုံးအမည်းကြီးများဖြင့် ''ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုး သားခေါင်းဆောင်ကြီးများ မသမာသူများလက်ချက်ဖြင့် ကျဆုံး'' စသည့်ခေါင်း စဉ်များဖြင့် ဖော်ပြခဲ့ပြီး နောက်ရက်များတွင် ဖရိုဖရဲဖြစ်နေသည့် အတွင်းဝန်များရုံးခန်း၏ ဓာတ်ပုံများကို နောက်ဆက်တွဲ သတင်း အနေဖြင့် ဖော်ပြခဲ့သည်ဟု သတင်းစာဆရာတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး နောက် ရက်များတွင် ရန်ကုန်မြို့တစ်မြို့လုံး ခြောက်သွေ့နေခဲ့ပြီး အမျိုးသား
ခေါင်းဆောင်ကြီး များအလောင်းကို ရွှေ့ထားခဲ့သည့် ဂျူဗလီဟော၌သာ လာရောက်အလေးပြုကြသူများ၊ ငိုကြွေးကြသူများဖြင့် ပြည်သူများ တိုးမပေါက်အောင် များပြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

''ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကျဆုံးခဲ့တာ ၆၉ နှစ်ပြည့်ပြီပေါ့။ စိတ်ထဲတော့ ခုထိဗိုလ်ချုပ်ရှိသေးတယ်လို့ အောက်မေ့နေတုန်းပဲ၊ ဘာဖြစ် လို့လဲဆိုတော့ တို့သတင်းစာဆရာတွေနဲ့ ဗိုလ်ချုပ်က တရင်းတနှီးနေပြီး တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ကြတယ်။ ဗိုလ်ချုပ်က ခွဲခြားဆက်ဆံတာ မျိုးမရှိခဲ့ဘူး''ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။
၎င်းအနေဖြင့် ၁၉၄၅ ခုနှစ် သတင်းစာလောကထဲ ရောက်ရှိချိန်မှ စတင်ကာ ဗိုလ်ချုပ်မကျဆုံးမီအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်း ပြုလုပ်သမျှ သတင်းစာ ရှင်းလင်းပွဲများ၊ ဟောပြောပွဲများတွင် လိုက်ပါသတင်းယူခဲ့သည်ဟု သိရသည်။

''မှတ်မှတ်ရရ ထန်းတပင်မှာ လုပ်တဲ့ ဗိုလ်ချုပ်ဟောပြောပွဲ ကို သံတော် ဆင့်သတင်းထောက် ပြည်ထောင်စုကျော်နိုင်ရယ် ဒို့ရယ် နှစ်ယောက်သားသွား တာ။ ကိုယ်ကတိုးတက်ရေးနဲ့ ဟံသာဝတီသတင်းစာတိုက် နှစ်တိုက်လုပ်တာ။ ဗိုလ်ချုပ်က ကိုယ်တို့ကိုတွေ့တော့ ''ဟိတ်ဆရာတွေလာ''ဆိုပြီး သူစီးတဲ့ မော်တော်ဘုတ်နဲ့ အတင်းခေါ်သွားလို့ ဟိုဘက်ကမ်းပြန်ရောက်တာ'' ဟု အသက် ၂ဝ အရွယ်သတင်းသမားဘဝ အတွေ့အကြုံကို ဦးအုန်းကြိုင်က ပြန်ပြောင်းပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအနေဖြင့် တစ်ဖက်မှ လူထုအားကိုယူပြီး တစ်ဖက်မှလည်း သတင်းစာများ၏ အားကိုရယူကာ သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး တိုက်ပွဲဝင်ခဲ့သလို နယ်ချဲ့ဗြိတိသျှ အစိုးရဘုရင်ခံကလည်း တန်ပြန်သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ပုံနှင့် စပ်လျဉ်းပြီး ဦးအုန်းကြိုင်က ''ဗိုလ်ချုပ်သတင်းစာရှင်းလင်းပွဲလုပ်ရင် ဘုရင်ခံကလည်း သတင်းသမားတွေဖိတ်ပြီး ပြန်ရှင်းတာပဲ။ သတင်းထောက်တွေ က ဘုရင်ခံအိမ်ပြေးလိုက်၊ ဖတပလအဖွဲ့ချုပ်ပြေးလိုက်နဲ့ အလုပ်ကို ရှုပ်နေရောပဲ''ဟု ပြောသည်။

၁၉၄၅ ခုနှစ် မေ ၁၆ ရက်တွင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ် ရေး(ဖတပလ) ခေါင်းဆောင်များနှင့်အတူ ပထမဆုံးအကြိမ် ဗိုလ်ချုပ်အောင်ဆန်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှစ၍ (၁ဝ)ကြိမ်နီးပါး ပြုလုပ်သည့် ပြည်တွင်းသတင်းစာရှင်းလင်းပွဲတိုင်း တက်ရောက်ခဲ့ဖူးသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

''အဓိကသတင်းရတဲ့ သတင်းရင်းမြစ်က ဗိုလ်ချုပ်ပဲ။ ဗိုလ်ချုပ်က ပွင့်လင်းတယ်။ ဟန်ဆောင်ပန်ဆောင်မရှိဘူး။ သတင်းထောက်တွေနဲ့ဆို ညီညွတ် တယ်။သူ့အိမ်မှာသတင်းထောက်တွေ စားလို့သောက်လို့ရတယ်။ အစ်မကြီး ဒေါ်ခင်ကြည် ကလည်း သတင်းထောက်တွေဝင်စားသွားလည်း ဘာမှမပြော ဘူး''ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုထက်တိုင်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မှတ်တမ်း မှတ်ရာများ၊ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက်များကို သတင်းစာဆရာ ကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ မှတ်စုများထဲတွင် ''၁၉၄၅ စက်တင် ဘာ ၁ ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖတပလ အဖွဲ့ချုပ်ရုံး၌ ပြုလုပ် ခဲ့သည့်(ဖတပလ)အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ''-

''အောက်တိုဘာ ၂၇ ရက်တွင်ပြုလုပ်သည့် ဗမာ့တပ်မတော် ဗိုလ်ချုပ် ရာထူးမှ အပြီးအပိုင်နုတ်ထွက်ပြီး နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်တော့မည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး ဘုရင်ခံ၏အမှုဆောင်ကော်မတီမှပါဝင်ဖို့ ဘုရင်ခံ၏ဖိတ်ကြားချက်ကို လက်မခံကြောင်းပြောကြားခဲ့သည့် သတင်းစာရှင်းလင်းပွဲ''-

''အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဖတပလနှင့် အင်္ဂလိပ်အစိုးရ၏ အခြေအနေများကိုရှင်းပြပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ရာတွင် သတင်းစာများရဲ့အားကိုယူချင်ကြောင်း၊ ကူညီကြရန် တိုင်းပြည်ထူထောင်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၅ နိုဝင်ဘာ ၁၈ ရက်နေ့ ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်း အဝေးကြီးတွင် ဗြိတိသျှနယ်ချဲ့အစိုးရကို စိန်ခေါ်လိုက်သည့် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့

''သတ္တိရှိရင် ရွေးကောက်ပွဲလုပ်ကြရအောင်''ဟု ပြောခဲ့သည့် သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၅ ဒီဇင်ဘာ ၂၆ ရက်နေ့ ဖတပလကို ဖဆပလလို့ပြောင်းခဲ့ပြီး သတင်းစာ ဆရာတွေကိုလက်တွဲပြီး လွတ်လပ်ရေးအတွက် လုပ်ကြရအောင်ဟု ပြောသည့် သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၆ မတ် ၂၆ ရက်မှာ ရခိုင်ပြည်နယ်သွားပြီး ပြန်လာပြီးနောက် သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၆ စက်တင်ဘာ ၂၇ ရက်နေ့ တာဝါလိန်းအိမ်တွင် ဗိုလ်ချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အင်္ဂလိပ်အစိုးရအဖွဲ့ထဲတွင် ပထမဆုံးလက်ခံ ဝင်ရောက်ထမ်းဆောင်ကြောင်းနဲ့ ဗိုလ်ချုပ်ဦးဆောင်သည့် အမှုဆောင်ကော်မတီ အသစ်ကိုဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အိမ်တွင်လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ''-

''၁၉၄၇ ဇန်နဝါရီ ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲအခြေအနေများနှင့် ဗြိတိသျှနန်းရင်းဝန် အက်တလီ ၏ ဖိတ်ကြားချက်အရ ယခု မိမိဘိလပ်သွားရသည့်ကိစ္စ၊ သွားရသည့် ရည်ရွယ် ချက်များနဲ့ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပေါ် ဗိုလ်ချုပ်သုံးသပ်ချက် များကို အိန္ဒိယသတင်းထောက်များကို ရှင်းပြခဲ့သည့် သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၇ ဇန်နဝါရီ ၃ဝ ရက်တွင် လန်ဒန်မြို့ ဒေါ်ချက်စတာဟိုတယ် အောက်ထပ် (ပါလာ)ခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး အက်တလီနဲ့ သူနှင့် မြန်မာပြည်လုံးဝလွတ်လပ်ရေးရပြီ၊ သဘောတူပြီဆိုသည့် အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည့်အကြောင်း သတင်းစာရှင်းလင်းပွဲ''-

''၁၉၄၇ ဖေဖော်ဝါရီ ၃ ရက်တွင် လန်ဒန်ကပြန်လာပြီးနောက် ဖဆပလ အဖွဲ့ချုပ်တွင် အင်္ဂလိပ်-မြန်မာ ဆွေးနွေးပွဲခေါင်းစဉ်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ''-

''၁၉၄၇ ခုနှစ် မေလ ၃ ရက်နေ့ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်၏ စိတ်နေသဘောထား တိုင်းပြည်အခြေအနေမှန်ကို ဖော်ပြခဲ့ရှင်းလင်းပြသခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ'' စသဖြင့် စနစ်တကျသိမ်းဆည်းထားသည့် မှတ်တမ်း မှတ်ရာ များကြောင့် ဗိုလ်ချုပ်နှင့်သတင်းသမားတို့ကြား သတင်းစာ ရှင်းလင်းပွဲများ ဖြင့် ပတ်သက်ခဲ့ပုံများကို သိခွင့်ရသည်။

ထိုခေတ်အခါက သူရိယ၊ မြန်မာ့အလင်း၊ဟံသာဝတီ၊ တိုးတက်ရေး၊ ဗမာ့ခေတ်၊ သံတော်ဆင့်၊ ဂျာနယ်ကျော်၊ မဏ္ဍိုင် စသည့် လက်ဝဲသတင်းစာ၊ လက်ယာ သတင်းစာများရှိခဲ့ပြီး လက်ဝဲသတင်းစာများက ဗိုလ်ချုပ်ကို တိုက်ခိုက် နေချိန် လည်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

''ဗိုလ်ချုပ်တိုင်းပြည်ထူထောင်တဲ့အချိန်မှာ ရေတို၊ ရေရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ သတင်းစာတွေက အော်ကြတယ်။ ဆော်ကြတယ်။ အလုပ်သမားတွေကို မြှောက်ပေးလို့ အလုပ်သမားတွေ သပိတ်မှောက်တာတွေ အများကြီး ကြုံရတယ်။ ဗိုလ်ချုပ်က တစ်ဖက်က သတင်းသမားတွေကို လက်ကမ်းပြီး တိုက်ပွဲဝင်သလို တစ်ဖက်မှာလည်း ကြိမ်းမောင်း သတိပေးခဲ့တာ တွေရှိတယ်။ ဒါတွေပြန်သတိရမိတယ်''ဟု ဦးအုန်းကြိုင် က ပြောသည်။

ဗိုလ်ချုပ်၏မိန့်ခွန်းများတွင် သတင်းစာများနှင့်ပတ်သက်၍ သတိပေး စကားများ ပြောကြားခဲ့သည်ကို ဦးအုန်းကြိုင်က ''ဒီကြားထဲ အစိုးရအပေါ် မလိုလားသူက အစထောင်ပေးနေတဲ့ကိစ္စတွေက ရှိသေးတယ်၊ အဲဒီလို လုပ်နေ ရတဲ့အခါ သခွပ်ပင်က မီးတကျည်ကျည်လုပ်ကြတာတွေကတော့ မကောင်းဘူး။ အလုပ်သမားတွေကို မြှောက်ပေးတဲ့အထဲမှာ သတင်းစာတွေ လည်းပါနေ တယ်လို့ ကျွန်တော်ပြောချင်တယ်။ အဲဒီလိုသာ ခင်ဗျားတို့ လုပ်နေကြရင် ကျုပ်တို့ ကလည်း ဝတ္တရားအတိုင်း အရေးယူဖို့လုပ်ရမှာပဲ''ဟု ဗိုလ်ချုပ်ပြောသည့်အတိုင်း အသံနေအသံထား ဟန်ပါပါ၊ မာန်ပါပါဖြင့် မှတ်မိသမျှ ပြန်ပြောင်းပြောပြသည်။

ဗိုလ်ချုပ်တို့ လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက နိုင်ငံရေးသမားများနည်းတူ သတင်းသမားများကလည်း မျိုးချစ်စိတ်အပြည့်ဖြင့် လွတ်လပ်ရေးကို ထိခိုက်စေမည့် အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေမည့် အရေးအသားများကို အထူးရှောင်ကြဉ်ကြကြောင်းကို ''လွတ်လပ်ရေးကိုလိုချင်တာ သတင်းထောက် တွေ ရင်ထဲမှာလည်း အပြည့်ရှိတယ်။ ဒါကြောင့် တိုင်းပြည်အတွက် အကျိုး မရှိတဲ့သတင်းတွေဆို ဘယ်လောက်သိသိမရေးဘူး။ သတင်းသမားဆိုတာ တစ်ဖက်ကသြဇာအာဏာရှိကြသလို တစ်ဖက်ကလည်း ဖမ်းဆီးနှိပ်စက်ခံရ တာတွေလည်း ရှိတယ်''ဟု ဦးအုန်းကြိုင်က ပြောသည်။
၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် မြန်မာပြည်ကြီးလည်း လွတ်လပ်ရေး ရရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့ သည့်အမှုကိစ္စတွင်လည်း သတင်းထောက်အချို့မှာ မျက်မြင် သက်သေ ထွက်ဆိုပေးခဲ့ပြီး ဂဠုန်ဦးစောနှင့် အပေါင်းအပါများလည်း ကြိုးပေး ခံခဲ့ရသည်။

''သတ်တဲ့ဦးစောကလည်း သူရိယသတင်းစာတိုက်ပိုင်ရှင်၊ သေတဲ့ဗိုလ်ချုပ် က အယ်ဒီတာ၊ သတင်းစာဆရာ၊ စာရေးဆရာ၊ ဒီးဒုတ်ဦးဘချိုကလည်း သတင်းစာဆရာ၊ တရားလိုပြသက်သေမောင်သန်းက သတင်းထောက် ''ကဲ သတင်းစာသမားတွေနဲ့နိုင်ငံရေးနဲ့က အဲ့သလို ပတ်သက်နေတာ''ဟု ဦးအုန်းကြိုင်က ပြောပြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက်ကို (အာဇာနည်နေ့)အဖြစ် သတ်မှတ်ခဲ့ပြီး အာဇာနည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့ရာမှ အစိုးရ တစ်ဆက်ကြား ဆယ်စုနှစ်တစ်စုနီးပါး အာဇာနည်နေ့၏ အခန်းကဏ္ဍမှေးမှိန် လာခဲ့ရာမှ ပြီးခဲ့သည့်နှစ်အနည်းငယ်မှစ၍ ရောင်ခြည်သန်းခွင့်ရခဲ့သည်။
ယခုနှစ် ဒီမိုကရေစီ အရပ်သားအစိုးရတက်လာသည့်အချိန် ပထမဆုံး ကျင်းပမည့်(၆၉)နှစ်မြောက် (အာဇာနည်နေ့)အခမ်းအနားတွင် မြန်မာတစ်နိုင်ငံ လုံးရှိ ပြည်သူများပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး နှစ်ရှည်လများပျောက်ကွယ်နေ ပြီဖြစ်သည့် ဥသြဆွဲသံသည်လည်း ပြန်လည်ကြားခွင့်ရတော့မည်ဖြစ်သည်။

နိုင်ငံ၏အခြေအနေအရ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည့် အသက် ၃ဝ ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း သာ ယခုထက်ထိ သက်ရှိထင်ရှားရှိနေမည်ဆိုပါက ''လွတ်လပ်ရေး ရတဲ့အချိန်ထိတော့ ကျုပ်နိုင်ငံရေးလုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီ တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ကျုပ်ကမပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများ တွေလုပ်တာ ထိုင်ကြည့်ပြီးတော့ ကျုပ်စာရေးနေမယ်။ သတင်းစာဆရာ လုပ်နေမယ်''ဟု သူပြောခဲ့သည့်စကားအတိုင်း သတင်းလောကထဲ ဝင်ရောက် လုပ်ကိုင်နေမည်လားဟု ဗိုလ်ချုပ်အောင်ဆန်း၏သတင်းများကို လိုက်ပါယူခဲ့ ဖူးသူ၊ ယနေ့အချိန်အထိ သတင်းလောကထဲရှင်သန်နေဆဲဖြစ်သည့် သတင်းစာ ဆရာတစ်ဦးဖြစ်သူ ဟံသာဝတီဦးအုန်းကြိုင်က သတိတရဆိုသည်။

ကြေးမုံသတင်းစာ (၁၂.၇.၂၀၁၆)



Sources: Search Myanmar

No comments:

Post a Comment