Latest News

Monday, January 16, 2017

အေးစက်စက် ကားဈေးကွက်နဲ့ လူအများစုရဲ့ေ၀၀ါးနေဆဲ ကားပိုင်ဆိုင်ခွင့် မျှော်လင့်ချက်

အေးစက်စက် ကားဈေးကွက်နဲ့ လူအများစုရဲ့ေ၀၀ါးနေဆဲ ကားပိုင်ဆိုင်ခွင့် မျှော်လင့်ချက်



၂၀၁၆ နှစ်ကုန်ပိုင်းမှာ အရင်နှစ်တွေကလိုပဲ နှစ်သစ်ဖြစ်တဲ့ ၂၀၁၇ အတွက် မော်တော်ယာဉ် တင်သွင်းခွင့် Model နဲ့ ခုနှစ် သတ်မှတ်ချက် ထွက်ပေါ်ခဲ့ပြီး အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကွာဟချက် များပြားခဲ့တာကြောင့် ကားဈေးကွက်အပေါ် သိသိသာသာ ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ဖရီးပါမစ် လျှောက်ထားမှုတွေကို သတ်မှတ်ကြေညာရက်ထက်စောပြီး ပိတ်သိမ်းလိုက်တာကြောင့် ၂၀၁၆ မိုဒယ်၊ ခုနှစ်သတ်မှတ်ချက်နဲ့ အမှန်တကယ် ကားတစ်စီး ပိုင်ဆိုင်လိုသူတွေရဲ့ အိပ်မက်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

မူဝါဒက ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းအောင်၊ သွင်းကုန်တင်သွင်းမှု ကျဆင်းအောင်၊ ဒေါ်လာဈေး မြင့်တက်မှု ကျဆင်းအောင် အထောက်အကူပြုနိုင်ခဲ့ပေမယ့် ကားဈေးကွက်ကတော့ ၂၀၁၇ နှစ်စမှာ ဦးကျိုးသွားပြီး ဈေးကွက်မှာ ကားဈေးတွေက အမြင့်တန်းမှာ ရှိနေပေမယ့် အရောင်းအ၀ယ်က အေးစက်သွားပါတယ်။ ကားဈေးက အတက်ဘက်ကို ဦးတည်နေပြီး ရောင်းချသူကြိုက်ဈေး ခေါ်ရောင်းနေတာကြောင့် လိုအပ်ချက်အရ ၀ယ်လို၊ ရောင်းလိုသူတွေလောက်ပဲ ရောင်းဝယ်နေကြပြီး သာမန်ဝင်ငွေနဲ့ ငွေစုဆောင်းပြီး ၀ယ်ယူချင်သူ အများစုအတွက်တော့ လက်လှမ်းမီဖို့ ခဲယဉ်းသွားပါတယ်။

“ကားဈေးကွက်က အခုဘယ်လို ဖြစ်နေလဲဆိုတော့ အေးနေတယ်။ အေးတယ်ဆိုပေမယ့် ဈေးကအမြင့်မှာ ရောက်နေတယ်။ အရောင်းအ၀ယ်က အခုတော်တော်ကို ပါးနေပါတယ်။ CIF က တရားဝင် မထွက်သေးပေမယ့် သိရတဲ့နှုန်းထားတွေအရ မြင့်တယ်။ တစ်ခု၊ နှစ်ခုလောက်ပဲ ကိုက်တာတွေ့ရတယ်။ အခုဟာက သွင်းရမယ့် Model တွေလည်း မြင့်တော့ CIF လည်းမြင့်မယ်ဆိုရင် တက်လာမယ့် အခွန်နှုန်းနဲ့ ဘယ်လိုမှမလွယ်ဘူး။ Model လည်းမြင့်၊ ဘယ်မောင်းလို့လည်း သတ်မှတ်တော့ အဲဒါနဲ့ ကိုက်တာ အနောက်နိုင်ငံက ပြန်သွင်းရမယ့် အနေအထား။ ဒီမှာက ကိုရီးယား၊ တရုတ်ကားလည်း သိပ်ကြိုက်တာမဟုတ်ဘူး။ အစိုးရက ကားသစ် Showroom သမားတွေနဲ့ တရုတ်၊ ကိုရီးယား ကားသွင်းတဲ့လူတွေရဲ့စကား နားဝင်သွားပုံရတယ်။ ၂၀၁၇ နှစ်စမှာတော့ ဈေးကွက်က တကယ်လိုတဲ့သူ လိုက်ဝယ်၊ ကြိုက်ဈေးရရင် ရောင်းတဲ့အခြေအနေ ဖြစ်နေတယ်” လို့ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

တကယ်တော့ မော်တော်ယာဉ် တင်သွင်းခွင့် Model နဲ့ ခုနှစ်သတ်မှတ်ချက်ကို ၂၀၁၆ ကတည်းက တင်းကျပ်ဖို့ အရင်အစိုးရလက်ထက်ကတည်းက ကြိုးပမ်းခဲ့တာပါ။ ၂၀၁၆ ခုနှစ်အတွက် Model၊ ခုနှစ်သတ်မှတ်ချက်ကို နှစ်ခါထုတ်ပြန်ခဲ့တာဖြစ်ပြီး အစက ယာဉ်အိုယာဉ်ဟောင်း စလစ်နဲ့ တင်သွင်းရင် ၂၀၀၆ မှ ၂၀၁၃ မိုဒယ်၊ ဖရီးပါမစ်ကို ၂၀၁၄ မှ ၂၀၁၆ မိုဒယ် တင်သွင်းရမယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကန့်ကွက်မှုတွေရှိပြီး အစိုးရကလည်း ပြန်ပြောင်းပေးခဲ့တာကြောင့် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ အရင်မူဝါဒအစား စလစ်ကပ်ကားတွေကို ၂၀၀၆ မှ ၂၀၁၀ Model၊ ဖရီးပါမစ်တွေကို ၂၀၁၁ မှ ၂၀၁၆ Model အထိ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ရဲ့ Model၊ ခုနှစ်တွေ ပြင်ဆင်လျှော့ချ သတ်မှတ်ခဲ့ပေမယ့် ကားဈေးကွက်ကို သက်ရောက်စေမယ့် တခြားအပြောင်းအလဲတွေဖြစ်တဲ့ ၀င်ငွေရလမ်း မဖော်ပြနိုင်ရင် ၀င်ငွေခွန်ပေးဆောင်ရတာ၊ ကားပါကင် ထောက်ခံချက်စနစ် ရပ်ဆိုင်းလိုက်တာ၊ ကုမ္ပဏီလိုင်စင် တက္ကစီပါမစ် ပိတ်လိုက်တာ၊ ပစ်ကပ်နဲ့ လိုက်ထရပ်ကားတွေကို လူစီးယာဉ် စလစ်မထုတ်ပေးတာစတဲ့ မူဝါဒအပြောင်းအလဲတွေ ၂၀၁၆ မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၆ မှာ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရတာကြောင့် လူအများစီးတဲ့ ၁၃၀၀ စီစီ ကားဈေးတွေတောင် သိန်းဆယ်ဂဏန်း မြင့်တက်ခဲ့ပြီး ကားပါကင် ထောက်ခံချက်စနစ် ရပ်ဆိုင်းလိုက်တာကြောင့် ရန်ကုန်လိပ်စာပေါက် ဖရီးပါမစ်ကားတွေ တင်သွင်းမှု ရပ်ဆိုင်းသွားပါတယ်။ နယ်အမည်ပေါက် တင်သွင်းမှုတွေ များလာပြီး ရန်ကုန်အမည်ပေါက်ကားတွေလည်း ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်လာတာပါ။ ကုမ္ပဏီလိုင်စင် တက္ကစီ ပါမစ်ပိတ်လိုက်တာကြောင့်လည်း အိမ်စီးကားဈေးထက် တက္ကစီကားဈေးက ပိုမြင့်သွားပြီး ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ပဲ တက္ကစီ တင်သွင်းရမယ့် သတ်မှတ်ချက်ကြောင့် တက္ကစီ ယာဉ်အိုယာဉ်ဟောင်းစလစ်ကလည်း ဈေးမြင့်သွားပါတယ်။ ပစ်ကပ်နဲ့ စက်မှုဇုန်ထုတ် ကုန်ကားငယ်တွေကို တိုက်ကြေအဖြစ် ဖန်တီးပြီး လူစီးယာဉ်စလစ် ထုတ်ယူမှုတွေကြောင့် လုပ်ငန်းသုံး ယာဉ်စလစ်ပဲ ထုတ်ပေးမယ်လို့ ကန့်သတ်ခဲ့တာကြောင့် လူစီးယာဉ်စလစ်ဈေးတွေလည်း ၂၀၁၆ မှာ မြင့်တက်ခဲ့ပါတယ်။

၂၀၁၆ အတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒတွေထဲမှာ ၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ Model၊ ခုနှစ် သတ်မှတ်ချက်က ရိုက်ခတ်မှု အကြီးမားဆုံး ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ၂၀၁၇ ခုနှစ် အတွက် မော်တော်ယာဉ်တင်သွင်း ခွင့်ပြုမယ့် Model Year သတ်မှတ်ချက် ထွက်ရှိလာခဲ့ပါတယ်။ လက်ရှိ NLD အစိုးရရဲ့ ပထမဦးဆုံး Model Year သတ်မှတ်ချက်ဖြစ်ပြီး ၂၀၁၆ နဲ့ယှဉ်ရင် ခေတ်မီကား Model တွေနဲ့ ဘယ်မောင်းကားတွေကို ဦးစားပေး တင်သွင်းစေလိုတဲ့ မူဝါဒကို တွေ့ရပေမယ့် စလစ်ကပ်ရမယ့် စရိတ်၊ CIF တန်ဖိုး၊ သတ်မှတ်ထားတဲ့ အခွန်တန်ဖိုးတွေနဲ့ဆိုရင် လူအများစုအတွက် ကားစီးနိုင်ဖို့ ကုန်ကျစရိတ်တွေ အများကြီး ပိုလာပါတယ်။

၂၀၁၇ အတွက် Model Year သတ်မှတ်ချက် ထွက်ပေါ်ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း တစ်ပတ်ရစ် ကားအရောင်းအ၀ယ် ဈေးကွက်နဲ့ စလစ်ကားဈေးကွက်ထဲမှာ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိဇန်န၀ါရီ ဒုတိယပတ်အထိ ကားဈေးတွေ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ၂၀၁၇ သတ်မှတ်ချက် အရတော့ ကားဈေးကျစေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ မူဝါဒတွေ နောက်ထပ်မထွက်လာဘူးဆိုရင် ၂၀၁၇ နှစ်လယ်ပိုင်းမှာ ကားဈေးတွေ သိသိသာသာ ဆက်မြင့်လာမှာ ဖြစ်ပါတယ်။

“မနှစ်ကတုန်းက အနိမ့်ဆုံး ၂၀၀၆ Model တင်သွင်းခွင့် ရှိပါတယ်။ အခု ၂၀၁၇ မှာတော့ တင်သွင်းမယ်ဆို အနိမ့်ဆုံး ၂၀၁၁ Model ကိုပဲ တင်သွင်းခွင့်ပြုမှာပါ။ မနှစ်ကနဲ့ ဒီနှစ်အနိမ့်ဆုံး Model ချင်းယှဉ်ရင်တောင် ကိုယ်ရမယ့်ကားကလည်း Model ငါးနှစ်ပိုမြင့်သွားသလို ပေးဆောင်ရမယ့် အခွန်တွေလည်း အများကြီး ပိုကုန်ပါလိမ့်မယ်” လို့ ပြည်ပမှ ကားတွေတင်သွင်း ရောင်းချနေတဲ့ Distinct Trading Co.,Ltd မန်နေးဂျင်း ဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောပါတယ်။

၂၀၁၁ နှစ်ကုန်ပိုင်းမှာစခဲ့တဲ့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒကြောင့် အခု ၂၀၁၆ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံထဲကို ကားစီးရေ  ၅၈၀၀၀၀ ၀န်းကျင် တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ တင်သွင်းကားစီးရေနဲ့ အခြေခံအဆောက်အအုံ မမျှတတဲ့အတွက် ရန်ကုန်တစ်မြို့လုံး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာကြောင့် အရင်အစိုးရလက်ထက် ကတည်းက ပြစ်တင်ဝေဖန်ခံခဲ့ရပြီး လက်ရှိ NLD အစိုးရလက်ထက်မှာလည်း ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ နယ်လိုင်စင်ပေးပေမယ့် ရန်ကုန်မြို့မှာပဲ ကားတွေ စုပြုံနေတာကြောင့်  လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်မြို့ထဲ ကားဝင်ရောက်မှု လျော့ကျရေးအတွက် ၂၀၁၇ Model Year သတ်မှတ်ချက်ကို ဆောင်ရွက်တာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ယူဆကြပါတယ်။

၂၀၁၇ သတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ် အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း (၂၀၁၅ မှ ၂၀၁၇ ခုနှစ် ဘယ်မောင်း တင်သွင်းရမည်)၊ ကုန်တင်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အတွင်း တင်သွင်းရမှာ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ် (ဖရီးပါမစ်) အတွက် လူစီးမော်တော်ယာဉ်တွေ (၁၃၅၀ စီစီနှင့် အောက်လူစီးကားများ အပါအ၀င်) ကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်တွေ (Express) တွေကို ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်တွေ၊ မြို့တွင်းပြေးဆွဲယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။

ပုံမှန်လိုင်စင်နဲ့ မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါ မစ်လျှောက်ထားမှု အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယန္တရားတွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေကို ၂၀၀၁ မှ ၂၀၁၇ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်တွေကို ၂၀၀၇ မှ၂၀၁၇ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်တွေ (Express) ကို ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်တွေ၊ မြို့တွင်းပြေးဆွဲယာဉ်တွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမှာ ဖြစ်ပါတယ်။ အစိုးဌာနတွေအတွက် မော်တော်ယာဉ် လျှောက်ထားမှုတွေအတွက် လူစီးမော်တော်ယာဉ်တွေကို ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း (ဘယ်မောင်း)၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်/ကုန်တင်ယာဉ်/ယန္တရားတွေကို ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ အတွက် သတ်မှတ်ခဲ့တဲ့ Model Year သတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ကြည့်ရင် ၂၀၁၆ မှာ ဖရီးပါမစ်ကို ၂၀၁၁  Model မှ ၂၀၁၄ Model အထိ (ဘယ်/ညာမခွဲခြား)၊ ၂၀၁၄ Model မှ ၂၀၁၅ Model အထိ (ဘယ်မောင်းတစ်မျိုးသာ) သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၇ မှာတော့ ဖရီးပါမစ်နဲ့ ကားဝယ်ယူမယ်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ မော်ဒယ်တွေ (ဘယ်မောင်း) တင်သွင်းရမှာ ဖြစ်ပြီး အဲဒီအောက်မော်ဒယ်တွေကို တင်သွင်းချင်ရင်တော့ စလစ်ကပ်ရမှာ ဖြစ်ပါတယ်။

ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ကြည့်ရင် ၂၀၁၆ မှာ ၂၀၀၆ မော်ဒယ်မှ ၂၀၁၀ မော်ဒယ်အထိ (ဘယ်/ညာမခွဲခြား) သတ်မှတ်ခဲ့ပေမယ့် ၂၀၁၇ မှာတော့ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်တွေကို ၂၀၁၁ မှ ၂၀၁၇ ခုနှစ်အထိ သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲမှာမှ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မော်ဒယ်တွေကို ဘယ်/ညာမခွဲခြားဘဲ တင်သွင်းနိုင်ပေမယ့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ မော်ဒယ်တွေ တင်သွင်းရင်တော့ ဘယ်မောင်းကိုပဲ တင်သွင်းနိုင်မှာပါ။ သတ်မှတ်ချက်တွေအရ ၂၀၁၇ မှာ လူစီးမော်တော်ယာဉ် ၀ယ်ယူမယ်ဆိုရင် စလစ်ကပ်မယ် ဆိုရင်တောင် ၂၀၁၁ မော်ဒယ်ကိုပဲ အနိမ့်ဆုံးထား တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လက်ရှိလူအများစီးနေတဲ့ကားတွေ လက်ရှိထက် ဈေးတက်လာမှာ ဖြစ်သလို ကားစီးချင်နေသူ အများစုအတွက် ကားသစ်တင်သွင်းဖို့၊ ၀ယ်စီးဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေကို ပိုမိုရောက်ရှိစေမှာ ဖြစ်ပါတယ်။

“ကားတင်သွင်းမှု ပေါ်လစီရဲ့ နောက်ဆက်တွဲ အနေနဲ့ ၂၀၁၆ ခုနှစ် သတ်မှတ်ချက်နဲ့ တင်သွင်းခဲ့တဲ့ ကားတွေ၊ နံပါတ်ထွက်ပြီးသား တစ်ပတ်ရစ် (Used) ကားတွေကတော့ ဈေးတက်သွားပါတယ်။ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ဈေးတက်သွားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဖရီးပါမစ်က မော်ဒယ်မြင့် ဘယ်မောင်းပဲ တင်သွင်းခွင့်ရတော့မှာ ဖြစ်တာကတစ်ကြောင်း၊ အိုဟောင်းပါမစ်ကလည်း ၂၀၁၁ ခုနှစ်နဲ့ အထက်ပဲ တင်သွင်းရမှာ တစ်ကြောင်းတို့ကြောင့် မော်ဒယ်နိမ့်ကားတွေ ဈေးတက်နိုင်ပါတယ်” လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ထားပါတယ်။

လက်ရှိ ၂၀၁၇ ဇန်န၀ါရီ ၁၃ ရက်အထိ ကားတင်သွင်းမှုဆိုင်ရာ CIF တန်ဖိုးတွေ မထွက်သေးတဲ့အတွက် နှစ်ဆန်းမှာ ပြည်ပက ကားတင်သွင်းမှု မရှိသေးတာကြောင့် စလစ်ဈေးနှုန်းတွေလည်း ကျဆင်းနေပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာတော့ စလစ်လိုအပ်ချက်ကြောင့် ဈေးနှုန်းတွေ ကျပ်သိန်း ၁၁၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျပ်သိန်း ၁၀၀ ၀န်းကျင်မှာပဲ ရှိနေပါတယ်။ ၂၀၁၇ မော်ဒယ်၊ ခုနှစ် သတ်မှတ်ချက်ကြောင့် စလစ်ကပ် တင်သွင်းမယ်ဆိုရင် ဈေးနှုန်းမြင့်တက်သွားမှာပါ။ ၂၀၁၁ ကနေ ၂၀၁၄ အထိ ကားမော်ဒယ်တွေ ၂၀၁၇ မှာ တင်သွင်းမယ်ဆိုရင် စလစ်ကပ်ရမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် CIF တန်ဖိုးတွေ ဇန်န၀ါရီလကုန်ပိုင်းမှာ ထွက်မယ်လို့ သတင်းထွက်ပေါ်နေပြီး အရင်နှစ်တွေကထက် နှုန်းထားတွေ ပိုမိုလာဖို့လည်း ရှိနေပါတယ်။ အဲဒါကြောင့် CIF တန်ဖိုးနဲ့မြှောက်ပြီး ကောက်ခံနေတဲ့ အခွန်ပမာဏတွေလည်း မြင့်တက်လာနိုင်ပါတယ်။ တင်သွင်းတဲ့ မော်ဒယ်မြင့်လေ အခွန်များလေဖြစ်မှာပါ။ လက်ရှိလူစီးယာဉ်တွေကို ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေကတော့ အကောက်ခွန် CIF × ၃၀ ရာခိုင်နှုန်း (၂၀၀၀ စီစီနှင့်အောက်)၊ CIF × ၄၀ ရာခိုင်နှုန်း (၂၀၀၁ စီစီနှင့်အထက်)၊ အထူးကုန်စည်ခွန် (CIF + အကောက်ခွန်)× ၂၅ ရာခိုင်နှုန်း (၁၈၀၀ စီစီနှင့် အထက်ကားများသာ)၊ ကုန်သွယ်ခွန် (CIF + အကောက်ခွန်+ အထူးကုန်စည်ခွန်)× ၅ ရာခိုင်နှုန်း (အားလုံးအကျုံးဝင်)၊ ၀င်ငွေခွန် (CIF + ဆိပ်ကမ်းခွန်)× ၁၅ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀၀ အောက်)၊ (CIF + ဆိပ်ကမ်းခွန်)× ၂၀ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အထိ)၊ (CIF + ဆိပ်ကမ်းခွန်)× ၃၀ ရာခိုင်နှုန်း (ကျပ်သိန်း ၁၀၀၀ အထက်)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ၃၀ ရာခိုင်နှုန်း (၁၃၅၀ စီစီနှင့်အောက်)၊  က. ည.န ခွန် CIF × ၀.၈၃၃၃ × ၅၀ ရာခိုင်နှုန်း (၁၃၅၁ စီစီမှ ၂၀၀၀ စီစီ)၊ က.ည.န ခွန် CIF × ၀.၈၃၃၃ × ၈၀ ရာခိုင်နှုန်း (၂၀၀၁ စီစီမှ ၅၀၀၀ စီစီ)၊ က.ည.နခွန် CIF × ၀.၈၃၃၃ × ၁၂၀ ရာခိုင်နှုန်း (၅၀၀၁ စီစီအထက်) ကောက်ခံနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၆ နိုဝင်ဘာလကုန်ပိုင်းမှာ ၂၀၀၄ မော်ဒယ် Toyota MaxX တစ်စီး တင်သွင်းမယ်ဆိုရင် ကျပ်သိန်း ၂၅၀ ၀န်းကျင်လောက်ပဲကုန်မှာ ဖြစ်ပေမယ့် 2017 Model Year သတ်မှတ်ချက်ကြောင့် ၂၀၁၁ မော်ဒယ် အနိမ့်ဆုံးသွင်းရမှာ ဖြစ်တဲ့အတွက် စလစ်ဖိုး၊ ကားတန်ဖိုးနဲ့ အခွန်တွေပေါင်းရင် ကျပ်သိန်း ၄၅၀-၅၀၀ လောက် ကျသင့်မှာဖြစ်ပါတယ်။ လူအများစု စီးနေတဲ့ ကျပ်သိန်း ၁၀၀-၁၅၀ တန်ကားတွေကတော့ စလစ်ကပ်သွင်းမယ် ဆိုရင်တောင် ၂၀၁၁ မော်ဒယ် အနိမ့်ဆုံးသွင်းရမှာကြောင့် လက်ရှိစလစ်ဖိုးနဲ့ တွက်ရင်တောင် ကျပ်သိန်း ၂၅၀-၃၀၀ ၀န်းကျင်ရှိမှ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကားမော်ဒယ်တော့ မြင့်သွားပေမယ့် ကုန်ကျစရိတ် မတတ်နိုင်ဘူးဆိုရင် အသုံးပြုပြီးသား တစ်ပတ်ရစ်ကားကိုပဲ ဈေးကွက်ထဲမှာ အမြင့်ဈေးပေးပြီး ပြန်ဝယ်ရမှာပါ။ ၂၀၁၇ မော်ဒယ်၊ ခုနှစ် သတ်မှတ်ချက်ကြောင့် ဈေးကွက်ထဲမှာရှိနေတဲ့ ၂၀၀၆ ကနေ ၂၀၁၀ မော်ဒယ်အထိ ကားတွေက အလိုလို ဈေးတက်ကုန်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၃၀၀ စီစီကားတွေနဲ့ ၂၀၁၇ သတ်မှတ်ချက်ကြောင့် တင်သွင်းဖို့ မလွယ်တော့တဲ့ ကားအဟောင်းတွေကို ဈေးကြီးပေးစီးရတော့မှာပါ။

ဦးထွဋ်ထိပ်ကလည်း “ကားအတွက် ငွေများများစားစား အသုံးမပြုလိုတဲ့ လူအများစုအတွက်ကတော့ မော်ဒယ်နိမ့်တာ၊ မြင့်တာထက် မောင်းလို့၊ စီးလို့အဆင်ပြေလောက်တဲ့ ကားတစ်စီး ပိုင်ဆိုင်ခွင့်ရရှိဖို့က ဦးစားပေး ရည်ရွယ်ချက်ဖြစ်မှာပါ။ အများစု အသုံးပြုချင်တာက သိန်း ၁၀၀ ကနေ သိန်း ၃၀၀ ၀န်းကျင်ကားတွေပါ။ ဒီတော့ မော်ဒယ်မြင့်တွေကို မှာယူတင်သွင်းဖို့ ငွေမမီဘူးဆို လက်ရှိဈေးကွက်ထဲကကားကို ပြန်ဝယ်ယူဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဈေးကွက်ရဲ့ သဘောသဘာဝအရ ၀ယ်လိုအားရှိမယ်၊ အဲဒီပစ္စည်းနဲ့ယှဉ်ပြီး ဈေးကွက်ထဲ ၀င်လာဖို့ ဆင်တူပစ္စည်းလည်း မရှိဘူးဆိုရင် ဒီပစ္စည်းဟာ ဈေးတက်မှာ ထုံးစံပါပဲ။ ဒါကြောင့်မို့ ကားသစ်တင်သွင်းမယ့် တန်ဖိုးတွေ တက်တိုင်း လက်ရှိပြည်တွင်းဈေးကွက်က ကားတွေဈေးလိုက်တက်ရတာပါ” လို့ ထင်မြင့်ချက်ပေးပါတယ်။

လက်ရှိဈေးကွက်ထဲမှာ လူအများစီးနေတဲ့ Toyota Probox၊ Nissan AD Van၊ Toyota Vitz၊ Honda Fit၊ Mazda Demio၊ Suzuki Swift၊ Toyota Ractis စတဲ့ တစ်ပတ်ရစ် ကားသစ်တွေကို ၂၀၁၆ နိုဝင်ဘာလကုန်ပိုင်းအထိ ကျပ်သိန်း ၁၂၀-၁၅၀ ကြားနဲ့ ၀ယ်ယူနိုင်ပေမယ့် ၂၀၁၇ မှာ အဲဒီကားတွေကို စလစ်ကပ်ပြီး ၀ယ်ယူရမယ်ဆိုရင် ကျပ်သိန်း ၂၅၀ ကျော်အထိ ကုန်ကျနိုင်တာကြောင့် တင်သွင်းမှုကျ ဆင်းလာနိုင်ပါတယ်။ စလစ်ဖိုး အကုန်အကျခံပြီး ၁၃၀၀ စီစီသွင်းမလား၊ ဖရီးပါမစ်နဲ့ ဈေးကြီးပေးပြီး ၂၀၁၅-၂၀၁၇ မိုဒယ်(ဘယ်မောင်း) ၁၃၀၀ စီစီသွင်းမလား စဉ်းစားရမှာဖြစ်ပြီး သေချာတာကတော့ အရင်ကထက် ဈေးနှုန်းသိသိသာသာ မြင့်တက်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်မှာ ၂၀၁၆ သတ်မှတ်ချက်နဲ့အမီ ကားတွေစုပြုံ တင်သွင်းထားတဲ့အတွက် ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ကားလက်ကျန်တွေ များနေပါတယ်။ ဒါပေမဲ့ အဲဒီလက်ကျန်ကားတွေ ကုန်သွားပြီး ၂၀၁၇ သတ်မှတ်ချက်နဲ့ တင်သွင်းတဲ့ကားတွေ ဈေးကွက်ထဲ ၀င်လာရင် မော်ဒယ်မြင့်ကားတွေကို ဈေးအမြင့်ပေးပြီး ၀ယ်ရမှာ ဖြစ်ပါတယ်။ ကားကောင်းကောင်းရမှာ ဖြစ်ပေမယ့် ငွေများများ သုံးရတော့မှာပါ။

ဦးအောင်သန်းဝင်းက “ကားတွေက နှစ်ကုန်မှာသွင်းထားတဲ့ လက်ကျန်တွေ အများကြီး ရှိသေးတော့ ဒီနှစ်ဆန်းမှာတော့ အခုထက် အများကြီး ပိုတက်ဖို့ မရှိသေးဘူး။ ၂၀၁၇ နှစ်လယ်မှာတော့ ဒီထက်ပိုတက်နိုင်တယ်။ CIF အခုကလည်း မထွက်သေးတော့ ခန့်မှန်းရ၊ ပြောရခက်သေးတယ်။ ဒီမှာရှိပြီးသား ကားတွေကတော့ ဈေးသေချာပေါက် ထပ်တက်မှာဖြစ်ပြီး ဖရီးပါမစ်နဲ့ဖြစ်ဖြစ်၊ စလစ်ကပ်ပြီးတော့ဖြစ်ဖြစ် ၁၃၀၀ စီစီ ကားသစ်တွေသွင်းဖို့တော့ လက်ရှိသတ်မှတ်ချက်အရ ဘယ်လိုမှမကိုက်တဲ့အတွက် ဘယ်သူမှသွင်းမှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီကားတွေ ဈေးဆက်တက်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

“ကားဈေးတွေ တက်မယ်ဆိုပြီး အရမ်းကြီး မစိုးရိမ်ကြပါနဲ့။ ၁၃၀၀ စီစီကားတွေက ၂၀၁၆ နှစ်ကုန်ပိုင်းမှာ သွင်းထားတဲ့ အရေအတွက်က အများကြီးပါ။ ရွေးချယ်စရာတွေလည်း အများကြီး ရှိလာဦးမှာပါ။ ဈေးကဖြစ်သင့်တဲ့ ဈေးလောက်နဲ့ပဲ ဖြစ်မှာပါ။ မတော်မတရားကြီးနဲ့ ရောင်းရင်လည်း အလုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ ဈေးတက်တယ် ဆိုတာကလည်း ၁၃၀၀ စီစီကားတွေနဲ့ ထပ်တင်သွင်းဖို့ မလွယ်တဲ့ ကားတွေပဲ ဈေးတက်မှာ ဖြစ်ပါတယ်” လို့ ဦးထွဋ်ထိပ်က ပြောပါတယ်။

လူအများစုရဲ့ တတ်နိုင်သလောက်ငွေလေးနဲ့ ကိုယ်ပိုင်ကားစီးချင်တဲ့ အိပ်မက်ကတော့ ၂၀၁၆ နှစ်ကုန်မှာ လှုပ်နှိုးခံရပြီး ဖြစ်ပါတယ်။ ကားမူဝါဒ စတင်ပြောင်းပေးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ၂၀၁၆ ခုနှစ်အထိ တစ်နှစ်ပြီးတစ်နှစ် အပြောင်းအလဲ ကွာဟချက် မကြီးမားပေမယ့် အခု ၂၀၁၇ မှာ မူဝါဒ သိသိသာသာ ပြောင်းလဲခဲ့တာကြောင့် လူအများစု အကြိုက်ကားဈေးနှုန်းတွေ မြင့်တက်လာပြီ ဖြစ်ပါတယ်။ ၂၀၁၂ ကစပြီး ၀ယ်စီးပြီးရင် ဈေးကျသွားတဲ့ အခြေအနေကနေ ၂၀၁၇ မှာ တစ်ပတ်ရစ် အသုံးပြုပြီး ကားဟောင်းတွေလည်း ဈေးမြင့်လာမှာဖြစ်တာကြောင့် ၀ယ်ရောင်းဈေးကွက်လည်း ပြန်အားကောင်းလာတော့မှာပါ။ အစိုးရရဲ့ မူဝါဒအရ လူအများအကြိုက် ၁၃၀၀ စီစီကားတွေ ၂၀၁၇ မှာသွင်းမယ်ဆိုရင် ကုန်ကျမယ့် စရိတ်က Brand New ကားရောင်းချတဲ့ လုပ်ငန်းတွေက ရောင်းနေတဲ့ ကျပ်သိန်း ၂၅၀-၃၀၀ တန်ကားတွေနီးပါး ဖြစ်လာပါတယ်။ ၀င်ငွေနည်း လူတစ်ယောက်အတွက် မဖြစ်မနေ လိုအပ်ချက်အရ ကားဝယ်မယ်ဆိုရင် အရင်ကထက် နှစ်ဆ၊ သုံးဆပေးပြီး အကုန်အကျခံပြီး ပြည်ပက တစ်ပတ်ရစ်ကား ၀ယ်မလား၊ ဈေးကွက်ထဲမှာရှိတဲ့ သူများစီးပြီးသား တစ်ပတ်ရစ် ကားဟောင်းကို ဈေးအမြင့် ပေးပြီးဝယ်မလား၊ ကားအသစ်ကျပ်ချွတ်ကို ငွေခြစ်ချုပ်စုပြီး ၀ယ်မလား၊ မြန်မာပြည်လာပြီး ထုတ်လုပ်တပ်ဆင်မယ့် ကားတွေကို စောင့်ပြီးဝယ်မလား ၂၀၁၇ မှာ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၆ အလွန် ၂၀၁၇ မှာ လူအများစုရဲ့ ကားပိုင်ဆိုင်ခွင့် မျှော်လင့်ချက်ကတော့ မရေမရာေ၀၀ါးခဲ့ပြီ ဖြစ်ပါတယ်။


စည်သူအောင်


Sources; Eleven Media Group

No comments:

Post a Comment