Latest News

Monday, January 16, 2017

အများပိုင် ယာဉ်လိုင်းစနစ် ကန့်လန်ကာအဖွင့်

အများပိုင် ယာဉ်လိုင်းစနစ် ကန့်လန်ကာအဖွင့်



ဆယ်စုနှစ်ပေါင်းများစွာ နာမည်ဆိုးနဲ့ ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ ကျော်ကြားခဲ့တဲ့ ရန်ကုန်မြို့တွင်းက မော်တော်ယာဉ်လိုင်းပေါင်းစုံကားတွေ ပြေးဆွဲမှုဟာ ၂၀၁၇ ခုနစ် ဇန်န၀ါရီ ၁၆ ရက်မှာ တစ်ခန်းရပ်တော့မှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှု ညံ့ဖျင်းတဲ့အပြင် ပြည်သူတွေအပေါ်မှာ ဗိုလ်ကျစိုးမိုး အနိုင်ကျင့်ခဲ့တဲ့ ရန်ကုန်မြို့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး စနစ်ရဲ့ နေ၀င်ချိန်က အစိုးရသစ်လက်ထက်မှာ ရောက်ရှိလာခဲ့ပါတယ်။

ပြည်သူတွေအပေါ်မှာ ဗိုလ်ကျစိုးမိုးတဲ့အပြင် မချေမငံ ဆက်ဆံမှု၊ ယာဉ်စီးခပိုတောင်းမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေကိုပါ လုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေက အော့နှလုံးနာနေခဲ့ကြတာ ကြာပါပြီ။ ပြည်သူတွေအနေနဲ့ အဲဒီလိုမျိုး ဆက်ဆံခံရလို့ တိုင်တန်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် တာဝန်ရှိသူတွေက ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်တဲ့အတွက် လိုင်းကားသမားတွေ အနေနဲ့ ပိုပြီးတော့ အတင့်ရဲစွာ လုပ်ဆောင်လာကြပါတယ်။

နောက်ပိုင်းမှာတော့ လိုင်းကားသမားတွေက အတင့်ရဲသည်ထက်ရဲလာပြီး တုတ်၊ ဓားလက်နက်တွေကိုပါ ဆောင်လာတဲ့အတွက် တစ်ခုခုဖြစ်လာပြီဆို အုပ်စုဖွဲ့ ၀ိုင်းရိုက်ကြတာကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ခရီးသည်တွေပါ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က တာမွေ-သန်လျင်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့က သံတုတ်နဲ့ ၀ိုင်းရိုက်လို့ ခရီးသည်တစ်ဦး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ရန်ကုန်မြို့ ဘတ်စ်ကားသယ်ယူ ပို့ဆောင်ရေး စနစ်ကနေ အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲစနစ်ကို စတင်ပြောင်းလဲ ပြေးဆွဲဖို့ သုံးရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလို ဖြစ်စဉ်မျိုးတွေကြောင့် အသက်သေဆုံးခဲ့ရတဲ့ ခရီးသည်တွေ ရန်ကုန်မြို့မှာ ရှိနေခဲ့တာ ကြာပြီဖြစ်ပေမယ့် လိုင်းကားသမားတွေကတော့ ခရီးသည်တွေအပေါ်မှာ ဆက်ဆံပုံကတော့ ဒုံရင်းက ဒုံရင်းပါပဲ။

ဒါကြောင့်လည်း လူမှုကွန်ရက် စာမျက်နှာမှာ မိုက်ရိုင်းတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေရဲ့ ခရီးသွားတွေကို အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းကနေ ကာကွယ်ဖို့ နည်းလမ်းတွေ ရှာဖွေရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့  “လူပါးဝ bus များ ရပ်” ဆိုတဲ့ Group ဆိုတာမျိုးတွေ ရှိလာပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ၂၀၁၇ ခုနစ် နှစ်စမှာ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား ပို့ဆောင်ရေးစနစ်ကို အမြစ်ကနေ ဆွဲလှန်ဖို့ အစီအစဉ်ကို ဇန်န၀ါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနဲ့ ရန်ကုန်မြို့ ဘတ်စ်ကားသယ်ယူ ပို့ဆောင်ရေးစနစ်ကို အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲစနစ်နဲ့ အပြောင်းအလဲပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ပြည်သူတွေကို အသိပေး ကြေညာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရ သတင်းစာ ရှင်းလင်းပွဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင်အပြင် ဦးပိုင်နဲ့ တခြားအဖွဲ့အစည်း အသီးသီးကနေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းစနစ်သစ်ကို ဇန်န၀ါရီ ၁၆ ရက်မှာ စတင် ပြေးဆွဲသွားမယ်လို့ ဇန်န၀ါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက

“ရန်ကုန်မှာ ပုဂ္ဂလိက ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရော ဦးပိုင်တို့၊ အခြားခြားသော ကုမ္ပဏီနာမည်တွေနဲ့ နာမည်အမျိုးမျိုး အသင်းအမျိုးမျိုးနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော် အားလုံးကို ဇန်န၀ါရီ ၁၅ ရက် ညမှာ အပြီးသတ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ၁၅ ရက်ညဟာ အခုပြေးဆွဲနေတဲ့ ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲ ဖြစ်ပါတယ်။ ၁၆ ရက် မနက်ကစပြီး ယာဉ်လိုင်းပေါင်း ၅၈ လိုင်းက ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ၀င်ရောက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့  ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဒါ့ပြင် ယာဉ်လိုင်းတွေ ပြေးဆွဲနေတဲ့ မထသကိုလည်း ဇန်န၀ါရီ ၁၅ ရက်မှာ အပြီးအပိုင် ဖျက်သိမ်းမယ်လို့ ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အများပိုင်ယာဉ်လိုင်းစနစ် ဆောင်ရွက်နိုင်ဖို့ အများပိုင်ကုမ္ပဏီ ရှစ်ခုကို ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဒီလို စနစ်သစ်နဲ့ ပြောင်းလဲ ပြေးဆွဲရာမှာ ပါဝင်ချင်တဲ့ ပုဂ္ဂလိကပိုင်နဲ့ အဖွဲ့အစည်းပိုင်ယာဉ်တွေ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဆီမှာ မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးမှသာ ပြေးဆွဲခွင့်ရှိမှာ ဖြစ်ပါတယ်။

“အခုအချိန်အထိ ဘယ်ကုမ္ပဏီမှာမှ ပါဝင်ခြင်းမရှိဘဲ လေ့လာနေတဲ့ တစ်ဦးချင်း၊ ကားတစ်စီးချင်း၊ နှစ်စီးချင်းပိုင်ရှင် ယာဉ်ပိုင်ရှင် ရှိနေသေးတဲ့အတွက် ဇန်န၀ါရီ ၇ ရက်က စတင်ပြီး တောင်ဥက္ကလာပ မြို့နယ် ဗြဟ္မစိုရ်လမ်းမှာရှိတဲ့ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ၁၀ ရက် နောက်ဆုံးထား မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားပါတယ်။

ဒီလို မော်တော်ယာဉ်တွေ အနေနဲ့ မှတ်ပုံတင်ဆောင်ရွက်ရာမှာ ၁၉၉၅ ခုနှစ်အောက် မော်ဒယ်လ် စီးတီးဘတ်စ်တွေ၊ မီနီဘတ်စ်တွေ၊ ဘီအမ်ကားတွေ၊ ဒိုင်နာကားတွေကို ဆက်လက်ပြေးဆွဲခွင့်ပြုမှာ မဟုတ်ဘဲ ဒီမော်တော်ယာဉ်အားလုံးကို သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဆီ အပ်နှံပြီး လူစီးစလစ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

“ဘီအမ်နဲ့ ဒိုင်နာကားတွေက အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ ဆက်လက်ပြေးဆွဲ ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ အခု မှတ်ပုံမတင်ဘဲ ပြေးဆွဲရင်တော့ Outside ကားအဖြစ် သတ်မှတ်ပြီး အရေးယူရမှာ ဖြစ်ပါတယ်” လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

ဇန်န၀ါရီ ၁၆ ရက်မှာ စတင် ပြေးဆွဲမယ့် ယာဉ်လိုင်း ၅၈ လိုင်းအနက် ယာဉ်လိုင်းနံပါတ် ၁ ကနေ ၄၂ အထိက ရန်ကုန်မြို့ရဲ့ အရှေ့အနောက်နဲ့ တောင်မြောက်ကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ ယာဉ်လိုင်းနံပါတ် ၄၃ ကနေ ၅၅ အထိကတော့ မြို့ပြင်ကနေ မြို့ထဲအထိ ၀င်ရောက်မယ့် လိုင်းတွေဖြစ်ပြီး ယာဉ်လိုင်းနံပါတ် ၅၆ ကနေ ၅၈ တွေက မြို့ထဲမှာ လှည့်ပတ်ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုလောလောဆယ် ပြေးဆွဲနေတဲ့ ယာဉ် ၄၀၀၀ လောက် ရှိပါတယ်။ ဒီအခြေအနေကနေ ယာဉ် ၃၀၀၀ ကျော်လောက် ပြန်ပြီးတော့ ပြေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီအနေအထားပေါ်ကနေ တချို့လျော့ပါးကောင်းလဲ လျော့ပါးနိုင်ပါတယ်။ မလိုအပ်ဘဲ ပိုနေတဲ့ ကားတော်တော်များများ ရှိပါတယ်။ အခု လောလောဆယ် ဒီအခြေအနေက အရန်အဖြစ်နဲ့ ဆက်သွားဦးမှာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး အစုအဖွဲ့ပိုင်စနစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဘတ်ဂျက်ဘီလျံ ၆၀ သုံးစွဲဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားပါတယ်။

“အများပိုင် ကုမ္ပဏီတွေထဲကို နိုင်ငံတော်အစိုးရဘက်က တိုင်းဒေသကြီး အစိုးရဘက်ကနေ အစုရှယ်ယာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ အများဆုံး အစုရှယ်ယာကို အစိုးရဘက်က ပါဝင်နိုင်အောင် ကြိုးစားပါမယ်” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ပြေးဆွဲမယ့် ခရီးစဉ်လမ်းကြောင်း  ၁ ကနေ ၄၂ အတွက် အခြေဆိုက်ရာ Base Station တွေကို လှည်းကူးမြို့နယ်၊ ယုဇနဥယျာဉ်၊ တောင်ဒဂုံမြို့နယ်၊ သာကေတ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံအရှေ့ပိုင်း၊ သန်လျင်၊ မင်္ဂလာဒုံမြို့နယ် (ထောက်ကြန့်)၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာမြို့နယ်တို့မှာ ထားရှိမှာ ဖြစ်ပါတယ်။

မြို့နယ်တစ်ခုကနေ အခြားမြို့နယ်ကို ပြေးဆွဲမယ့် ခရီးစဉ်လမ်းကြောင်း ၁၂ ခုမှာ ရွှေပြည်သာ-မှော်ဘီ၊ ရွှေပြည်သာ-လှည်းကူး၊ လှည်းကူး-ဖောင်ကြီး၊ ဒါးပိန်-တောင်မြောက်လမ်းဆုံ၊ လှိုင်သာယာ-တွံတေး၊ ဒလ-တွံတေး၊ လှိုင်သာယာ-ကွမ်းခြံကုန်း၊ ဒလ- ကွမ်းခြံကုန်း၊ ပဲခူး-သနပ်ပင်-ခရမ်း၊ ထန်းတပင်-လှိုင်သာယာ၊ လှိုင်သာယာပတ်လမ်းနှစ်ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။

ခရီးစဉ်လမ်းကြောင်းအလိုက် ပြေးဆွဲမယ့် လမ်းကြောင်းသုံးခုမှာ သခင်မြပန်းခြံ ဂိတ်စ/ဆုံး လမ်းကြောင်း နှစ်ခုနဲ့ အနော်ရထာလမ်းကနေ သွားရောက်မယ့် ဗိုလ်တထောင်ဘုရား (ကမ်းနားလမ်း) ဂိတ်စ/ဆုံး တို့ ပါဝင်တယ်လို့ သိရပါတယ်။

စနစ်ပြောင်းလဲ ပြေးဆွဲမယ့် ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခနှုန်းထားတွေကို ကျပ် ၁၀၀၊ ၂၀၀ နဲ့  ၃၀၀ အထိ သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်လမ်းမတွေပေါ်မှာ ခရီးသွားနေတဲ့ လူဦးရေ ၂၈ သိန်း ၀န်းကျင်ရှိပြီး သိန်း ၂၀ ကျော်လောက်က အများပြည်သူပိုင် ယာဉ်လိုင်းတွေကို စီးနင်းနေရတယ်လို့ သိရပါတယ်။

၆၁ လိုင်းအထိ တိုးလိုက်တဲ့ အများပိုင်ယာဉ်လိုင်းစနစ်

အများပိုင်ယာဉ်လိုင်းစနစ်ကို ယာဉ်လိုင်းသုံးလိုင်းအထိ တိုးခဲ့တာကြောင့် လိုင်းပေါင်း ၆၁ လိုင်းအထိ ရှိလာခဲ့တယ်လို့ ရန်ကုန်ဘတ်စ်ကားစနစ် ၀န်ဆောင်မှု လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာထားပါတယ်။

အခု ထပ်တိုးလိုက်တဲ့ ယာဉ်လိုင်းတွေအနေနဲ့ အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ဒဂုံဧရာအဝေးပြေးလမ်း၊ သမကုန်းအ၀ိုင်း၊ ဘီအိုစီအ၀ိုင်း၊ မီးခွက်ဈေး၊ အောင်ဇေယျတံတား၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင်၊ ရန်ကုန်ဘူတာကြီးနဲ့ ဆူးလေတို့ကို ပြေးဆွဲမှာ ဖြစ်ပါတယ်။

“လက်ရှိဆိုရင် ခရီးသွားပြည်သူတွေက ပူးပေါင်းပြီးတော့ အကြံပြုလာတယ်။ အကြံပြုချက်တွေကို လက်ခံပြီးတော့ သုံးဆင့်စီးရမယ့် နေရာမှာ နှစ်ဆင့်ပဲဖြစ်အောင်လို့ ခရီးစဉ်ကို လိုအပ်တာပြန်ပြင်ပြီးတော့ ရေးဆွဲနေတာတွေ ရှိပါတယ်။ ခရီးစဉ်တွေက ထပ်ပြီးတိုးတာတွေလည်း ရှိပါတယ်။ လူကြီးတွေ ညွှန်ကြားထားတာက ခရီးသွားပြည်သူတွေ အဆင်ပြေမယ်ဆိုရင် ယာဉ်ပိုင်ရှင်တွေ အဆင်ပြေမယ်ဆိုရင် ခရီးစဉ်တွေကို ပြင်ပေးမယ်ဆိုပြီး ညွှန်ကြားထားတာ ရှိပါတယ်” လို့ ရန်ကုန်အများပိုင် ယာဉ်လိုင်းစနစ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့မှ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဆိုပါတယ်။

အများပိုင်ယာဉ်လိုင်းစနစ် ဖော်ဆောင်ရာမှာ ခရီးစဉ်တွေ ထပ်တိုးပေးခြင်း၊ ပြည်သူတွေ တင်ပြလာတဲ့ အခက်အခဲတွေကို ဖြေလျှော့ပေးခဲ့တဲ့အပြင် ၁၉၉၅ မော်ဒယ်အောက်ဒိုင်နာ၊ ဘီအမ်နဲ့ စီးတီးဘတ်စ်ယာဉ်တွေကို မြို့ပြင် ယာဉ်လမ်းကြောင်းတွေမှာ သုံးလဆက်လက် ပြေးဆွဲခွင့်ပြုခြင်းစတဲ့ ဖြေလျှော့ပေးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“နောက်ပြောင်းတဲ့စနစ်မှာက ရန်ကုန်တစ်မြို့လုံး အမြို့မြို့ အနယ်နယ်ကလာတဲ့ ယာဉ်တွေက မြို့ထဲခြောက်မြို့နယ် အစပ်ကိုပဲ ရောက်ပါတယ်။ မြို့ထဲမှာ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း ဒီလိုလမ်းတွေကို ဘယ်ယာဉ်မှ ၀င်ရောက်ပြေးဆွဲခွင့် မရှိပါဘူး။ မြို့ထဲ ခြောက်မြို့နယ်မှာ ခရုပတ်ပြေးဆွဲမယ့် ယာဉ်လိုင်းတစ်လိုင်း ရှိပါလိမ့်မယ်။ ဒီလိုင်းက ကုမ္ပဏီရဲ့ ယာဉ်လိုင်းတစ်လိုင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အစိုးရရဲ့ ယာဉ်လိုင်းဖြစ်ပါလိမ့်မယ်။ မြို့ထဲကို ပြောင်းစီးရလို့ ယာဉ်စီးခကုန်မယ်ဆိုရင် ယာဉ်စီးခကို လျှော့ပြီးဆွဲဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်” လို့ ကိုတရုတ်လေးက ပြောပါတယ်။

ဇန်န၀ါရီ ၉ ရက်က ထပ်တိုးလိုက်တဲ့ ယာဉ်လိုင်းအနက် ယာဉ်လိုင်းနံပါတ် ၅၉ လိုင်းအနေနဲ့ သင်္ဃန်းကျွန်းစံပြဈေး၊ သံသုမာ၊ ကြက်ဘဲဈေး၊ အာသောကလမ်း၊ တာမွေအ၀ိုင်း၊ သမိန်ဗရမ်းလမ်း၊ ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်ခုံးကျော်တံတား၊ ရွှေဂုံလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ နှင်းဆီကုန်းလမ်းတို့ကို ပြေးဆွဲမှာပါ။

ဒါ့ပြင် ယာဉ်လိုင်းနံပါတ် ၆၀ ယာဉ်လိုင်းကတော့ တောင်ဒဂုံ၊ သာကေတ ဧရာဝဏ်လမ်း၊ ပြည်ထောင်စုလမ်းဆုံ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်မြောက်လမ်းဆုံ၊ အမှတ် (၂) လမ်း၊ သင်္ဃန်းကျွန်း စံပြဈေး၊ သံသုမာလမ်း၊ ရတနာလမ်း၊ အောင်ဇေယျလမ်းနဲ့ ကျောက်ကုန်းတို့ကို ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်မှာ စုပေါင်းစနစ် အနေနဲ့သာ ပြေးဆွဲမှာဖြစ်ပြီး အများပိုင် ယာဉ်လိုင်းစနစ်ကိုတော့ နောက်သုံးလလောက်မှသာ စတင်နိုင်မယ်လို့ စုပေါင်းစနစ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကနေ စုံစမ်းသိရှိရပါတယ်။

“လိုက်လျောညီထွေဖြစ်အောင် စုပေါင်းပြေးဆွဲတဲ့ စနစ်ကို စတင်ကျင့်သုံးမှာပါ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် လမ်းညွှန်တဲ့အထဲမှာ ပါပါတယ်။ စုပေါင်းပြေးဆွဲတဲ့ စနစ်နဲ့ဆွဲမယ်။ သုံးလဆွဲမယ်။ သုံးလအတွင်းမှာ ယာဉ်အသစ်တွေ ၀ယ်မယ်။ GPS၊ CCTV၊ ငွေဖြည့်ကတ်စနစ်တွေ အစိုးရအနေနဲ့ ပြီးအောင်လုပ်မယ်။ ယာဉ်အလုံအလောက် ၀ယ်ယူနိုင်တဲ့ တစ်နေ့ကျရင် ယာဉ်ပိုင်ရှင်တွေကို ယာဉ်သစ်တစ်စီး နှစ်နှစ်၊ သုံးနှစ်အတိုးနှုန်း နည်းနည်းနဲ့ ဘဏ်ကိုပြန်သွင်းဆိုပြီး ပိုင်ရှင်တွေကိုလည်း ပေးသွားမယ်။ ဒုတိယပိုင်းမှာတော့ အများပိုင်ယာဉ်လိုင်းစနစ်ကို စပါလိမ့်မယ်” လို့ စုပေါင်းစနစ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတရုတ်လေးက ဆိုပါတယ်။

အဆင့်လေးဆင့်နဲ့ ဆောင်ရွက်သွားမယ့် အများပိုင်ယာဉ်လိုင်းစနစ်

အများပိုင် ယာဉ်လိုင်းစနစ်ကို အကောင်အထည်ဖော်ရာမှာ အဆင့်လေးဆင့်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ အဆင့် (၁) အနေနဲ့ ပိုင်ဆိုင်မှုစနစ်ကို ပြောင်းတာဖြစ်ပြီး တစ်ဦးချင်းပိုင်ကနေ အစုအဖွဲ့ပိုင်အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။ အဆင့် (၂) အနေနဲ့ ပြေးတဲ့စနစ်ကို ပြောင်းလဲမှာဖြစ်တဲ့အတွက် အရင်ကလို လိုင်းတစ်လိုင်းမှာ ကားတွေအများကြီး မရှိတော့ပါဘူး။ အဆင့် (၃) အနေနဲ့  စီမံအုပ်ချုပ်တဲ့ စနစ်ပြောင်းခြင်းဖြစ်ပြီး မထသနေရာမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တာဝန်ယူမှာ ဖြစ်ပါတယ်။ အဆင့် (၄) ကတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကားတွေကို အစားထိုး ပြောင်းလဲပြေးဆွဲမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှာ နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆောင်ရွက်ပြီး တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ၂၀၁၆ ဇူလိုင်တုန်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနဲ့ နှစ်ပေါင်းများစွာ အသားကျ ခေါက်ရိုးကျိုးနေတဲ့ ရန်ကုန်မြို့ ဘတ်စ်ကားသယ်ယူ ပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အနည်းအများတော့ အခက်အခဲ တွေ့ရှိလာမှာ ဖြစ်ပါတယ်။

အများပိုင်ဘတ်စ်ကားစနစ်ကို ကျင့်သုံးဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ၂၀၁၆ မေလကတည်းက စတင်လှုပ်ရှားနေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်လိုင်းအဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းအစည်းအဝေးပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ အများပိုင်ယာဉ်လိုင်းစနစ်ကို အကောင်အထည်ဖော်ရာမှာ လက်ရှိပြေးဆွဲနေတဲ့ လမ်းကြောင်းတွေကို ခွဲထွက်ပြီး ပြောင်းလဲပြေးဆွဲမှုတွေကို ပြုလုပ်တာတွေလည်း ရှိပါတယ်။ ဒီလိုလမ်းကြောင်းတွေ ပြောင်းလဲရာမှာ ယာဉ်လိုင်းလမ်းကြောင်း ၃၀၀ ကျော်နေရာမှာ ယာဉ်လိုင်း ၆၀ နဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်လိုင်းပြေးဆွဲမှုစနစ် စတင်ပြောင်းလဲဖို့ ရက်ပိုင်မျှသာ လိုတဲ့အချိန်မှ ပြည်သူတွေကို သတင်းစာ ရှင်းလင်းပွဲကနေ ကြေညာခဲ့တာဖြစ်ပြီး အပြောင်းအလဲဖြစ်ခဲ့တဲ့ ယာဉ်လမ်းကြောင်းတွေကို သတင်းဖြန့်ဝေမှု အားနည်းခဲ့တာကြောင့် ခရီးသွားပြည်သူတွေအကြား ရှုပ်ထွေးမှုတွေ ရှိလာပါတယ်။ ဒါ့ပြင် အစိုးရအနေနဲ့ ခရီးစဉ်လမ်းကြောင်းတွေကို ထုတ်ပြန်ရာမှာ လူမှုကွန်ရက် စာမျက်နှာမှာသာ ဖော်ပြခဲ့တဲ့အတွက် သတင်းကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်နိုင်မှု အားနည်းတဲ့အပေါ် ပြည်သူတွေက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့ပြင် အရင်က ကားတစ်ဆင့် စီးရုံနဲ့ရောက်တဲ့ ခရီးသည်တွေ အနေနဲ့ ပြောင်းလဲလိုက်တဲ့ ခရီးစဉ်လမ်းကြောင်းတွေအရ ကားနှစ်ဆင့် ပြောင်းစီးမှ ရောက်တော့မယ့် အနေအထားတွေကလည်း ရှိလာပါတယ်။

“၁၆ ရက်ကျရင်တော့ ဘယ်လိုလာမလဲ မသိပါဘူး။ ၅၇ လိုင်းရဲ့ ပြေးဆွဲမယ့်လမ်းတွေကို ကြည့်မိလိုက်တော့ ကျွန်မတို့နားကိုရောက်တဲ့ ကားတစ်စီးမှကို မတွေ့သေးဘူး။ လိုင်းပဲပျောက်နေတာ လားမသိဘူး။ သူတို့သတ်မှတ်လိုင်းအတိုင်းဆိုရင် ဧရာဝဏ်လမ်းမမှာ ထွက်စီးမှပဲရမယ်။ အဲဒီကိုကျတော့ အိမ်နဲ့  အတော်လှမ်းတော့ ဆိုက်ကားနဲ့သွားမှ ပိုအဆင်ပြေမှာ။ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ကားတွေ အကုန်လုံးကို ရုတ်တရက် အပြောင်းလိုက်တယ်။ ပြီးတော့လည်း လမ်းကြောင်းတွေက အကုန်အသစ်တွေကြီးပဲဆိုတော့ ပိုဆိုးကုန်တာပေါ့။ ဘာကိုဘယ်လိုစီးပြီး ဘယ်လိုသွားရမလည်း မသိတော့ဘူး” လို့ သာကေတ၊ (၇)ရက်ကွက်မှာနေတဲ့ မနန္ဒ၀င်းက ဆိုပါတယ်။

လက်ရှိ ထုတ်ပြန်ထားတဲ့ ခရီးစဉ်လမ်းကြောင်း ၆၀ အနက် အမှတ် ၅၆၊ ၅၇၊ ၅၈ လမ်းကြောင်း သုံးခုက မြို့တွင်းမှာသာပတ်ပြီး ပြေးဆွဲနေမှာ ဖြစ်တဲ့အတွက် ကျန်လမ်းကြောင်းတွေက ဘတ်စ်ကားတွေဟာ မြို့တွင်းမြို့နယ်တွေကို ၀င်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြို့တွင်းမြို့နယ်တွေကို သွားချင်တဲ့ ခရီးသည်တွေအနေနဲ့ အနည်းဆုံး ကားနှစ်ဆင့် ပြောင်းစီးရမယ့် အနေအထား ဖြစ်နေပါတယ်။

“အရင်ကဆိုရင် တာမွေက တိုက်ရိုက်ရောက်တဲ့ကားတွေ အများကြီးရှိတယ်။ အခုနှစ်ဆင့် ပြောင်းစီးရမယ်ထင်တယ်။ ကိုယ်ကြည့်လိုက်တော့ နှစ်ဆင့်စီးမှ ရောက်တဲ့ အနေအထားဖြစ်နေတယ်ဆိုတော့။ တော်တော်လေးတော့ စိတ်ညစ်သွားတယ်” လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ မနှင်းယုခိုင်က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

“အဓိကတော့ ၁၆ ရက် စလုပ်တော့မယ့် ယာဉ်လိုင်းစနစ်မှာ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကူအညီလည်း လိုအပ်တာဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေကိုခေါ်ပြီး ရှင်းပြတာပါ။ ကိုယ်စားလှယ် တစ်ဦးချင်းစီက လက်ရှိပြည်သူတွေ ပြောနေတဲ့ အခြေအနေတွေအပေါ်မှာ ထည့်သွင်း စဉ်းစားပေးဖို့ ဆွေးနွေးပါတယ်။ ဒီစနစ် စမယ်ဆိုတော့ အချို့ကားက နှစ်ဆင့်စီးရမယ့် ကိစ္စပေါ့။ အခြေခံပြည် သူကတော့ ကားနှစ်ဆင့် စီးရမယ်ဆိုရင် ကားခ နှစ်ခါကုန်တော့မယ်လေ။ အဲဒီကိစ္စကို အစ်မတို့ ထည့်သွင်းတင်ပြခဲ့တယ်။ သူတို့ကတော့ ပထမသုံးလကတော့ သည်းခံပြီး ဒီလိုပဲ သွားမယ်ပေါ့။ နောက်သုံးလလောက်ဆိုရင် ဒုတိယအဆင့် အနေနဲ့ eticket စနစ် ရအောင်လုပ်မယ်။ အဲဒီအခါကျရင် ကိုယ်စီးတဲ့ မိုင်အလိုက်ပဲ ပိုက်ဆံကျမယ်ပေါ့။ သူတို့ ရှင်းပြသွားသော်ငြားလည်း နည်းနည်းလေး စိတ်ပူတယ်။ ပြည်သူတွေတချို့ လက်လုပ်လက်စားကျတော့ တစ်ဆင့်က ၂၀၀၊ နောက်တစ်ဆင့် ၂၀၀ ဆိုတော့ အဆင်မပြေတာမျိုး ရှိတယ်” လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားပါတယ်။

“ကားနှစ်ဆင့် သုံးဆင့်ပြောင်းစီးရမယ့် ပြည်သူတွေကြားထဲက အသံတွေလည်း သူတို့ကို ကျွန်တော်တို့ ပြောဖြစ်ပါတယ်။ ဒီနေ့ အစိုးရအဖွဲ့ကလည်း ရှင်းပြတာပေါ့။ အစိုးရအဖွဲ့က ဒါကိုချပြတယ်။ ဒီအလုပ်ကို ပြလိုက်ပြီ။ အဲဒီနောက်ဆက်တွဲကို နားထောင်မယ်။ အဲဒီမှာ လိုအပ်ရင် လိုအပ်သလို ပြုပြင်ပြောင်းလဲသွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ ပြည်သူတွေဆီက အသံတွေထွက်မှာပဲ။ ဒါကလည်း မျှော်မှန်းထားပြီးသားပါ။ နှစ်ဆင့် သုံးဆင့် ပြောင်းစီးရတော့ ယာဉ်စီးခအပေါ်မှာလည်း ကျွန်တော်တို့ မေးပါတယ်။ အလွန်ဆုံးတော့ နှစ်ဆင့်ပါပဲ။ ကျွန်တော်တို့လည်း အကြိတ်အနယ် ဆွေးနွေးခဲ့ပါတယ်။ ကိုယ်သွားချင်တဲ့နေရာ တစ်ခုရောက်ဖို့ နှစ်ဆင့်စီးရမယ်။ ခက်ခဲရင် သုံးဆင့်တော့ သွားရမှာပေါ့။ ဒါပေမဲ့ နှစ်ဆင့်နဲ့ ရောက်အောင် ကြိုးစားပြီးတော့ သူတို့ လုပ်ပေးထားတယ်” ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ဒါပေမဲ့ စနစ်ပြောင်းလဲ ပြေးဆွဲမယ့် ယာဉ်လိုင်းရဲ့ ခရီးစဉ် လမ်းကြောင်းတွေဟာ အရင်က ပြေးဆွဲခဲ့တဲ့ လမ်းကြောင်းတွေရဲ့ ရာခိုင်နှုန်း ၈၀ ဖြစ်တယ်လို့ အစိုးရအဖွဲ့ဘက်က ဇန်န၀ါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတာ ရှိပါတယ်။

ဒါ့ပြင် အစိုးရအဖွဲ့ရဲ့ ပြောင်းလဲလိုက်တဲ့ အများပိုင်ယာဉ်လိုင်း စနစ်အပေါ်မှာ နောက်ထပ်စိုးရိမ်သူတွေကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေပဲ ဖြစ်ပါတယ်။

“အခုထိ ကျွန်တော်တို့တွေ ဘာမှတိတိကျကျ မသိသေးဘူး။ ကျွန်တော်တို့ သိတာက ၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ရမယ် ဆိုတာပဲ။ နောက်ပြီး ခရီးစဉ် တစ်ဖြတ်ဖြတ်တွေ ဘယ်လိုနှုန်းနဲ့ ကောက်မလဲဆိုတာကိုလဲ အခုထိ မပြောသေးဘူး။ ကျွန်တော်တို့ သိချင်တာက ဥပမာ-ထောက်ကြန့်ကနေ ဆူးလေကိုဆွဲတဲ့ ယာဉ်လိုင်းမှာ ဘယ်နားမှာ ဘယ်ခရီးစဉ်ကို ပိုက်ဆံကောက်ခံမလဲ ဆိုတာကို မသိဘူး။ အခုလိုလုပ်တော့ ယာဉ်အကူ၊ ယာဉ်မောင်း၊ ပိုင်ရှင်တွေလည်း အတော်လေး အခက်အခဲ ဖြစ်ရတာပေါ့။ ဘာမှသေသေချာချာ တိတိကျကျ ပြောနိုင်ခြင်းမရှိတော့ ပိုဆိုးတယ်” လို့ ယာဉ်အကူတစ်ယောက်ဖြစ်တဲ့ ကိုကျော်မျိုးက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှ ယာဉ်ပိုင်ရှင်လည်းဖြစ် ယာဉ်မောင်းလည်းဖြစ်တဲ့ ဦးသိန်းအောင်က “ကျွန်တော်က ယာဉ်ပိုင်ရှင်လည်း ဖြစ်တယ်။ ယာဉ်မောင်းလုပ်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ကို ချပြဆွေးနွေးထား ပေးထားတာတွေ ဘာမှပြည့်စုံခြင်း မရှိဘူး။ သူတို့လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေကို ပြောပြပေးသွားတယ်။ ကျွန်တော်တို့သိချင်တာကို ပြန်မေးတော့ သေချာတဲ့ အဖြေကိုမပေးနိုင်သေးဘူး။ ကျွန်တော် ယာဉ်ကူလုပ်လာခဲ့တာ ၁၃ နှစ်သားလောက် ကတည်းကပါ။ သူတို့ အများပိုင်လုပ်မယ်ဆိုတဲ့ဟာက စနစ်တကျ မရှိသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီးတော့ ထိန်းချုပ်မှုတွေမှာ အများကြီး လွဲနေသေးတယ်လို့လည်း ထင်ပါတယ်။ ရန်ကုန်မှာ ကားလိုင်းတွေ အများကြီးရှိတယ်။ ကားလိုင်းတစ်လိုင်းစီရဲ့ တစ်နေ့အသွားအပြန် ရရှိတဲ့ ၀င်ငွေစံနှုန်း ဘယ်လောက်ရမလဲ ဆိုတာကို သေချာမတွက်ဘူး။ နောက်ပြီး သူတို့ထုတ်ထားတဲ့ စဉ်းမျဉ်းမှာက ဒီနေ့ရတဲ့ဝင်ငွေကို မနက်မှ ရှင်းတမ်းပြန်လုပ်ရမယ်ဆိုတဲ့ အချက်ကို သဘောမကျပါဘူး။ ကျွန်တော်တို့ ကားမောင်းမှ ထမင်းစားရမှာပါ။ ကိုယ့်လုပ်အားခကိုလည်း ဒီနေ့လုပ်ဒီနေ့ပဲ လိုချင်တယ်။ အခုလို ရုတ်တရက် ပြောင်းလဲလိုက်တာ တော်တော်လေးကို အဆင်မပြေတာတော့ အမှန်ပဲ” လို့ ဆိုပါတယ်။

ဒါ့ပြင် ယာဉ်ပိုင်ရှင်တွေနဲ့ အများပိုင် ဘတ်စ်ကားကုမ္ပဏီတွေ အနေနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေထဲက မိမိတို့ပြေးဆွဲလိုတဲ့ လမ်းကြောင်းနဲ့ ယာဉ်အစီးရေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လျှောက်ထားနိုင်ဖို့ ဇန်န၀ါရီ ၇ ရက်ကနေ ၁၀ ရက်အထိ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီလို သတ်မှတ်ပေးမှုဟာ ရက်ပိုင်းသာရှိတဲ့အတွက် ယာဉ်ပိုင်ရှင်တွေအတွက်တော့ တကယ့်ကို အံ့သြဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။

“ကျွန်တော်က ၆၂ ယာဉ်အုံနာပိုင်ရှင်ပါ။  အခု ကျွန်တော့်ကားက ဘယ်လိုင်းမှာ မောင်းရမလဲဆိုတာ မသိသေးဘူး။ သူတို့က အဆင့်လေးဆင့် ခွဲထားတယ်ဆိုတော့ အဲဒါကိုသိအောင် အရင်လုပ်နေပါတယ်။ ကျွန်တော့်မှာ အခက်အခဲတွေကတော့ အများကြီးရှိတာတော့ အမှန်ပါပဲ။ အခုရုံးက သတ်မှတ်ထားတာက ဟွန်ဒိုင်းကား ဘယ်မောင်းကို ဦးစားပေးထားတယ်။ ကျွန်တော်တို့ ကားအများစုက ညာမောင်းဖြစ်တဲ့ အတွက် ဦးစားပေး မခံရဘူးဖြစ်တဲ့ အတွက် ဘယ်နေရာမှာ တင်ခွင့်ရှိမလဲ၊ ဘယ်လိုလိုင်းကို ၀င်ခွင့်ရှိမလဲဆိုတာ မသိရသေးတဲ့အတွက် အခွင့်အရေး မပေးမှာကို စိုးရိမ်တယ်” လို့ ယာဉ်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အများပိုင်ယာဉ်လိုင်း စနစ်ကို အဆင့်လေးဆင့်နဲ့ အကောင်အထည်ဖော်မယ်လို့ ဆိုထားပေမယ့် လက်ရှိ ပထမအဆင့်မှာတင် အခက်အခဲတွေ၊ အဆင်မပြေမှုတွေက လူတန်းစား အမျိုးမျိုးမှာ ဖြစ်ပေါ်လို့နေပါတယ်။

စေတနာ့ဝန်ထမ်းတွေ လိုတယ်

ရန်ကုန်မြို့ရဲ့ အများပိုင်ယာဉ်လိုင်းစနစ်ကို ဇန်န၀ါရီ ၁၆ ရက်မှာ စတင်တဲ့အခါ ခရီးစဉ်လမ်းကြောင်းတွေ မသိသေးတဲ့ ပြည်သူတွေကို ကူညီပေးမယ့် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်း (Volunteers) တွေ လိုအပ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ခဲ့ရာမှာ လူ ၃၀၀၀ ကျော် စာရင်းပေးသွင်းထားတယ်လို့ ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့နဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲကနေ သိရပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ချင်တဲ့သူတွေ စာရင်းပေးသွင်းလာတာ အခြေအနေတွေ ကျောင်းသားသမဂ္ဂတွေ အားလုံးကြည့်လိုက်မယ်ဆိုရင် ၃၀၀၀ လောက် ရှိပါတယ်။ အခု ယာဉ်လိုင်းပေါင်း ၆၁ လိုင်း သတ်မှတ်ထားပါတယ်။ ဒီယာဉ်လိုင်းတွေ အတွင်းမှာ ၀င်ရောက်ပြေးဆွဲမယ့် ယာဉ်လိုင်း အစုလိုက် အဖွဲ့လိုက်တွေကို ထူထောင်ပေးမယ်။ ပြီးရင် ဒီယာဉ်လိုင်းစနစ်ကို ကျွန်တော်တို့ စတင်မယ်။ ပြည်သူလူထုရဲ့ အကြံပြုချက်တွေ ဆွေးနွေးချက်တွေကနေ ပြင်သင့်တာတွေ ပြင်ရမယ်။ ကျွန်တော်တို့ ပြင်ထားပြီးသား အခြေအနေအရ စီးပွားရေးအရ တွက်ခြေမကိုက်ဘူးဆိုရင် ပြေးဆွဲရတဲ့သူတွေက အခက်အခဲ ကြုံတယ်ဆိုရင်လည်း ပြေးဆွဲတဲ့သူတွေဘက်ကနေ စဉ်းစားပြီးတော့ ဘယ်လိုအဆင်ပြေအောင် လုပ်မလဲဆိုတဲ့ အခြေအနေကနေ စဉ်းစားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဒါ့ပြင် စေတနာ့ဝန်ထမ်းတွေ ၀တ်ဆင်ဖို့ အင်္ကျီ ၃၀၀၀ ကျော်နဲ့ လက်ကမ်းစာစောင် ၅၀၀၀၀၀ ရိုက်နှိပ်ထားပြီး ခရီးစဉ်ကို ပြည့်ပြည့်စုံစုံ ကြည့်ရှုနိုင်ဖို့အတွက် မိုဘိုင်း အပလီကေးရှင်းတစ်ခုကို ရေးဆွဲသွားမယ်လို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားပါတယ်။

“အခု အရပ်ဘက် အဖွဲ့အစည်းတွေ ကျောင်းသားသမဂ္ဂတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက တစ်မြို့နယ်ကို နှစ်ယောက်၊ လေးယောက် တာဝန်ယူမှာ ဖြစ်ပါတယ်။ ကူညီပေးမယ့်ရက်က ငါးရက် သတ်မှတ်ထားပါတယ်။ အဲဒီမှာ ငါးရက်လုပ်ပေးနိုင်တဲ့သူ၊ သုံးရက် လုပ်ပေးနိုင်တဲ့သူတွေကို အသေးစိတ် ဆွဲပေးနေပါတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ ဗိုလ်တထောင်မြို့နယ်မှာ အင်အား ၃၀၀ နဲ့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” လို့ လက်တစ်ဖက်ကမ်းကြမယ်အဖွဲ့မှ ကိုကျော်မင်းဦးက ပြောပါတယ်။

အများပိုင်ယာဉ်လိုင်းစနစ်ကို စတင်ပြေးဆွဲတဲ့အခါ ပြည်သူတွေ လိုရာခရီးရောက်ဖို့ မှတ်တိုင်တိုင်းမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ ထောင်ထားမှာဖြစ်သလို YBS စေတနာ့ ၀န်ထမ်းလူငယ်တွေကလည်း မှတ်တိုင်တိုင်းမှာ ရှိနေမယ့်အပြင် စတင် ပြောင်းလဲပြေးဆွဲမယ့် ယာဉ်လိုင်းစနစ်ကို မသိသေးသူတွေအတွက် အကူအညီပေးမယ့် Call Center ရဲ့ ၁၈၈၁ ကိုလည်း အခမဲ့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ကြိုဆိုပါတယ် YBS

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အများပိုင်ယာဉ်လိုင်းစနစ်ကို ဇန်န၀ါရီ ၁၆ ရက်မှာ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ အပြောင်းအလဲ တစ်ခုကို စတင်လုပ်ဆောင်ရာမှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ အကျပ်အတည်းတွေကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အရင်က အခြေအနေတွေနဲ့ ပြန်နှိုင်းကြည့်ရင် ကောင်းသော ပြောင်းလဲခြင်းလို့ ပြောရမှာပါ။

ဒါပေမဲ့ ဒီနေရာမှာတစ်ခု စဉ်းစားရမှာက အများပိုင်ယာဉ်လိုင်း စနစ်ရဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေဟာ အရင် ရန်ကုန်မြို့ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ်က လူတွေပဲလားဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ပြည်သူတွေ အပေါ်မှာ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေသာ ဖြစ်နေမယ် ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ သူတို့အပေါ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အရင် ရန်ကုန်မြို့ဘတ်စ်ကား သယ်ယူ ပို့ဆောင်ရေးစနစ်တုန်းကတော့ ခရီးသည်ပြည်သူတွေ အပေါ်မှာ လုပ်ချင်တာလုပ်၊ မိုက်ရိုင်းချင်သလောက် မိုက်ရိုင်းခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အကျင့်စရိုက်တွေက လွယ်လွယ်နဲ့ ပျောက်ပါ့မလား ဆိုတာကတော့ စိတ်ပူစရာပါ။

ခရီးသည်နဲ့ ယာဉ်မောင်းယာဉ်နောက်လိုက် အကြားမှာ ပြဿနာ ဖြစ်ခဲ့မယ် ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အရင်က တာဝန်ရှိသူတွေလို မဟုတ်ဘဲ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှသာ ပြည်သူတွေအနေနဲ့ လိုရာခရီးကို စိတ်ချမ်းသာစွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၆ အစိုးရသစ်အဖြစ် တာဝန်ယူချိန်ကစလို့ လက်ရှိအချိန်ထိ ပြောင်းလဲမှုတွေ တစ်ခုပြီးတစ်ခု လုပ်ပြနေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီတစ်ကြိမ်မှာလည်း ကောင်းသောပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၇ နှစ်သစ်မှာတော့ ရန်ကုန်မြို့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ်ကို ဘိုင့်ဘိုင်လုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုပ်ဆောင်မယ့် အများပိုင်ယာဉ်လိုင်းစနစ်ကို ကြိုဆိုရမှာပါ။ အခုဆိုရင် ဇန်န၀ါရီ ၁၆ ရက်ဟာ မိတ်ဆွေတို့ရဲ့ ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလို့ လာပါတော့မယ်။

ဒါကြောင့် ရန်ကုန်မြို့ ဘတ်စ်ကားသယ်ယူ ပို့ဆောင်ရေးစနစ်ကို ဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းစနစ်ကို အကောင်အထည်ဖော်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်အပေါ် ဘယ်လောက်ထိ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်လိမ့်မယ် ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆန်းမိုးထွန်း

Sources; Eleven Media Group

No comments:

Post a Comment