Latest News

Saturday, January 21, 2017

မြန်မာ့ပုံးရည်ကြီး

မြန်မာ့ပုံးရည်ကြီး


၂၀၁၆ ခုနှစ် နွေရာသီကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသများနဲ့ နာဂစ်ျဒေသတွေမှာ ရေရှားပါးမှု အထူးကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် Eleven Media Group က ထည့်ဝင်ငွေ အပါအ၀င် စေတနာရှင်များရဲ့ ပါဝင်လှူဒါန်းငွေတွေ စုပေါင်းပြီး မကွေးတိုင်းနဲ့  မန္တလေးတိုင်းမှာ စက်ရေတွင်းများတူးဖော်ခြင်း၊ ဧရာဝတီတိုင်းဒေသမှာ ရေကန်တွေ တူးဖော်ခြင်းတွေကို ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကြီးကြပ်ညွှန်ကြားမှုနဲ့ နယ်ခံ EMG သတင်းထောက်တွေ လိုက်ပါပြီး ဒေသခံတွေရဲ့အကူအညီနဲ့ လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီလိုလှူဒါန်းခဲ့ရာမှာ ညောင်ဦးမြို့နယ်မှာ စက်ရေတွင်း (၁) တွင်း၊ ပခုက္ကူမြို့နယ်မှာ စက်ရေတွင်း (၁) တွင်း၊ မြိုင်မြို့နယ်မှာ စက်ရေတွင်း (၈) တွင်း၊ မကွေးမြို့နယ်မှာ စက်ရေတွင်း (၃) တွင်း၊ မင်းဘူးမြို့နယ်မှာ စက်ရေတွင်း (၁) တွင်း၊ တောင်တွင်းကြီးမြို့ နယ်မှာ စက်ရေတွင်း ( ၂) တွင်း၊ စေတုတ္တရာမြို့နယ်မှာ စက်ရေတွင်း ( ၁) တွင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ (၁) တွင်း၊ ချောက်မြို့နယ်မှာ (၃) တွင်းတို့ အပါအ၀င် စက်ရေတွင်းပေါင်း ၂၁ တွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းနိုင်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသအချို့မှာ နာဂစ်မုန်တိုင်းအတွင်း ရေငန်များ ၀င်ရောက်ဖုံးလွှမ်းသွားတာကြောင့် နှစ်စဉ်သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရပါတယ်။ အဲဒါကြောင့် ငပုတောမြို့နယ် ဒီဒူးကုန်းကျေးရွာအုပ်စု၊ မကျီးချိုင်ကျေးရွာတွင် ကျောက်ရေကန် (၁) ကန်၊ အုတ်တွင်းကျေးရွာအုပ်စု၊ ကုန်းသာယာကျေးရွာတွင် ကျောက်ရေကန် (၁)ကန်နဲ့ လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲ သင်္ကန်းကြီး ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ၊ လပွတ္တလုပ်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်း ကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ် ကျေးရွာ၊ ပြင်ကနုကုန်း ကျေးရွာတွေမှာ သောက်ရေကန် (၉) ကန်ကို အောင်မြင်စွာ တူးဖော်ပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုတူးဖော်နိုင်ခဲ့လို့ အခုလာမယ့်နွေရာသီအတွက် အဲဒီရွာတွေမှာ နှစ်စဉ်ကြုံတွေ့နေကျ ရေအခက်အခဲဒုက္ခက ကင်းဝေးနိုင်ကြတော့မှာဖြစ်ပါတယ်။

ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာ အနီးမှာရှိတဲ့ စိုင်ကန်တဲတိုက် စက်ရေတွင်းဟာ ပေ ၁၁၅၀ မှ ရေထွက်ရှိခဲ့ပါတယ်။ အလွန်ခက်ခဲစွာ တူးခဲ့ရပြီး ဒေသခံတွေအတွက်တော့ တန်ဖိုးအလွန် ကြီးမားလှပါတယ်။ လပွတ္တာမြို့နယ်ထဲက ရွေးစုစည်းကျေးရွာဟာဆိုရင် မိုးကုန်တာနဲ့ ရေမရှိဖြစ်ပြီး လိုအပ်တဲ့ရေရဖို့ ရွေးမြစ်ကြီးကို ဖြတ်ပြီး ရေသွားသယ်ရတဲ့ ဒုက္ခက ကင်းဝေးသွားပြီဖြစ်ပါတယ်။



■ မြန်မာ့ပုံးရည်ကြီး

ပုံးရည်ကြီးဟာ မြန်မာတို့မူပိုင် မြန်မာ နိုင်ငံမှာပဲရှိတဲ့ မြန်မာ့အစားအစာ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ပုံးရည်ကြီး မစားဖူးသူ မရှိသလောက် ဖြစ်မယ် ထင်ပါတယ်။ ပုံးရည်ကြီး အရသာဟာ ချဉ်ပြုံး၊ ခါးသက်၊ ဆိမ့်ပြီး ထမင်းမြိန်စေတဲ့ ရိုးရာအစားအစာတစ်ခုပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တချို့တွေကတော့ ပုစွန်ခြောက်လေးထည့်ပြီး ပုံးရည်ကြီးသုပ်အဖြစ် စားလေ့ရှိပါတယ်။ တချို့တွေကတော့ ထမင်းရယ်၊ ပုံးရည်ကြီးသုပ်ရယ်၊ ငါးပိရည်ရယ် ရောနယ်ပြီး စားလေ့ရှိပါတယ်။ တချို့တွေကတော့ ပုံးရည်ကြီးကို အသားတွေနဲ့ ရောချက်လေ့ ရှိပါတယ်။ ပုံးရည်ကြီးနဲ့ဝက်သားရောချက်တဲ့ ၀က်ပုံးရည်ဟင်းကတော့ နာမည်ကြီးလှပြီး မြန်မာထမင်းဆိုင်တွေမှာ မပါမဖြစ် ဟင်းမယ်တစ်ခု ဖြစ်နေပါတယ်။ ထားရတာကြာရှည်ခံပြီး လွယ်ကူစွာ စားသောက်နိုင်တဲ့အတွက် မြန်မာ့ပုံးရည်ကြီးဟာ မြန်မာတို့အတွက်တော့ ပစ်ပယ်မရတဲ့ ဟင်းမယ်တစ်မျိုးဖြစ်ပါတယ်။

ဘုရားဖူး ခရီးထွက် အလေ့အကျင့်ရှိတဲ့ မြန်မာတွေအတွက်တော့ ပုဂံကအပြန် ပုံးရည်ကြီးကတော့ မဖြစ်မနေ၀ယ်ရတဲ့ လက်ဆောင်တစ်ခုပဲဖြစ်ပါတယ်။ ပုံးရည်ကြီးကို ပုဂံ-ညောင် ဦး၊ ချောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မကွေးဒေသတွေက မြန်မာနိုင်ငံအနှံ့ကို အဓိက တင်ပို့ရောင်းချပါတယ်။



■ ပုံးရည်ကြီးလုပ်ငန်း

ပုံးရည်ကြီးလုပ်ငန်းဟာ ညောင်ဦးမြို့နယ်နဲ့ ချောက်မြို့နယ် ဂွေးချိုတစ်ဝိုက်ရှိ ကျေးရွာတွေမှာ အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်နေတာ တွေ့ရပါတယ်။  ကျွန်တော်လည်း ရေအလှူသွားရင်း ဂွေးချို နားက မကျည်းစောက်ကျေးရွာကို ရောက်တဲ့အခါ ပုံးရည်ကြီးလုပ်နေတာကို ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။ ပုံးရည်ကြီးလုပ်တဲ့ ပဲပိစပ်ကိုလည်း အိတ်တွေနဲ့ အထပ်လိုက် လှောင်ထားတာ တွေ့ရပါတယ်။ ပုံးရည်ကြီးကိုပဲ အမျိုးမျိုးက လုပ်လေ့ရှိပေမယ့် ပဲပိစပ်နဲ့လုပ်တဲ့ ပုံးရည်ကြီးကတော့ အကောင်းဆုံးလို့ဆိုပါတယ်။ တခြားပဲတွေနဲ့လုပ်ရင် နီညိုရောင်မဖြစ်ပါဘူး။ ဒီနေရာမှာ ပဲပိစပ်နဲ့ ပဲပုပ်ပဲကို ခွဲခြား ပြောလိုပါတယ်။ ပဲပိစပ်ပဲက အရွယ်အနည်း ငယ်သေးပြီး ပြားပါတယ်။ ပဲပုပ်ပဲကတော့ အရွယ်အနည်းငယ်ကြီးပြီး လုံးပါတယ်။ အဲဒီ ပဲပုပ်ပဲကိုပဲ တချို့က ပဲပိစပ်လို့ခေါ်နေတာ တွေ့ရပါတယ်။ မြန်မာစာဌာနကထုတ်တဲ့ အဘိဓာန်နဲ့ ရုက္ခဗေဒဆိုင်ရာ စာပေတွေမှာတော့ ပဲပိစပ်ကို Horse Gram လို့ခေါ်ပြီး ပဲပုပ်ပဲကိုတော့ Soya Bean လို့ခေါ်တာတွေ့ ရပါတယ်။   Soya Bean ကို ပဲနို့လုပ်တဲ့အခါ ဖြူနေရခြင်းက ထင်ရှားပါတယ်။





■ ပုံးရည်ကြီး ချက်လုပ်တဲ့ ပဲပိစပ်

ပုံးရည်ကြီး ချက်လုပ်တဲ့ ပဲပိစပ်ကို မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းဝန်းကျင် ကိုင်းနဲ့ ကျွန်းမြေတွေမှာ စိုက်ပျိုးပြီး စလင်းမြို့နယ်အတွင်းမှာ အများအပြားစိုက်ပျိုးတာ တွေ့ရပါတယ်။ မြင်းခြံ၊ ပျော်ဘွယ်မြို့တွေကလည်း စိုက်ပျိုးတယ်လို့ ဆိုပါတယ်။ နေပြည်တော် ပျဉ်းမနား အနီးမှာရှိတဲ့ အေလာ၊ သာဝတ္ထိမြို့နယ်မှာလည်း စိုက်ပျိုးတာတွေ့ရပါတယ်။

ဂွးချိုနားက ကျေးရွာတွေမှာ စက်ရေတွင်း တူးသွားတဲ့အခါ ညဘက် ကျောက်ပန်းတောင်းမှာ အိပ်ဖြစ်ပါတယ်။ ညပိုင်းမှာ မြန်မာ့ အာယုဗ္ဗေဒသိမ်ဖြူဆရာတော်ရဲ့ တပည့်ရင်းဖြစ်ပြီး အခု မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဆရာကြီးဦးသန်းညွန့်ထံ သွားရောက်တွေ့ဆုံရာ ဆရာကြီးက ပဲပိစပ်အကြောင်းကို အခုလိုရှင်းပြခဲ့ပါတယ်။

“ပဲပိစပ်ပဲပင်ဟာ ချုံပုတ်ကလေး၊ အရွက်ကလည်း အမွေးဆုပ်ဆုပ်၊ အသီးမှာလည်း အမွေးတွေရှိတယ်။ အဲဒီအမွေးလေးတွေဟာ ဖြူဖွေးဖွေးလေးတွေ စိန်ရောင်တောက်တယ်။ ခူးတဲ့အချိန်မှာ အဲဒီအမွေးတွေကြောင့် လက်မောင်းတွေ ယားတယ်။ အရွက်ကတော့ တေဇော-၀ါယော-အာကာသ၊ အသီးကတော့ တေဇော-ပထ၀ီ-အာကာသ အဲဒါကြောင့်မို့ လို့ ချပ်ပြားလေးတွေဖြစ်နေတာ။”

“သူ့အစွမ်းသတ္တိကတော့ ခန္ဓာကိုယ်အဆီကို လျော့စေတယ်။ အဆီဝ လေ၀ ရေ၀ နိုင်တယ်။ ချွေးထွက်တယ်။ အစာအိမ် အားကောင်းတယ်။ အင်အားအနေနဲ့ အကြောသန်မာတယ်။ အကြောတွေ အလုပ်လုပ်တယ်။ လေဖြတ်တဲ့သူနဲ့ တည့်တယ်။ သွက်ချာပါဒ ရောဂါတွေနဲ့တည့်တယ်။ နှလုံးအဆီများတာနဲ့လည်း တည့်တယ်။ နှလုံးသွေးကြောအတွင်း အဆီရောက်နေတာကိုနိုင်တယ်။”

“ပုံးရည်ကြီးလုပ်လိုက်တဲ့ အခါကျတော့ ပုံးရည်ကြီးက အိုးထဲမှာ အမြှုပ်တွေထပြီး အချဉ်ပေါက်သွားတယ်။ တေဇောဝင်တဲ့ သဘောပေါ့။ ၀ါယောလည်း ပါနေတဲ့အတွက် ချက်တဲ့အခါ အမြှုပ်တွေ တအားထွက်လို့ ဝေမကျအောင် အမြဲမပြတ်မွှေပေးရတယ်။ ပုံးရည်ကြီးဖြစ်လာတော့လည်း ချဉ်တယ်။ အဲဒါတေဇောပေါ့။ တေဇောရှိရင် တေဇရှိတယ်။ တေဇောက ပူမှု။ တေဇက တန်ခိုး။ စွမ်းရည်စွမ်းအားပေါ့။ တေဇောမရှိရင် တေဇမဖြစ်ဘူး” ဆိုပြီး ရှင်းပြခဲ့ပါတယ်။



■ ပုံးရည်ကြီးကို တစ်နိုင်တစ်ပိုင် ချက်လုပ်ပုံ

ညောင်ဦး၊ ချောက်နဲ့ ကျောက်ပန်းတောင်း ဒေသမှာ နေထိုင်သူတွေက ပုံးရည်ကြီးကို ကိုယ်တိုင်လုပ်စားကြပြီး ချက်လုပ်ပုံတွေကလည်း တစ်ဦးနဲ့တစ်ဦး ကွဲပြားတာတွေ့ရပါတယ်။ ပုံးရည်ကြီးကိုလုပ်တဲ့အခါ ပဲပိစပ်ပဲ ကို ရေစင်အောင်ဆေးပြီး နူးနေအောင် ပြုတ်ရပါတယ်။ ပဲတွေဟာ နူးအိပြီး ပျော်သွားတဲ့ အခါ အခွံအဖတ်တွေကိုဆယ်ပြီး အရည်တွေကို စဥ့်အိုးတွေထဲထည့်ပြီး ဆားနည်းနည်း (တစ်ဇွန်း) နဲ့ အချဉ်ဖောက်ရပါတယ်။ အဲဒီလို အချဉ်ဖောက်တဲ့အခါ မူလလက်ကျန် အချဉ်ပေါက်ပြီးသား ပုံးရည်ကြီးအနည်းငယ်ကို အလျဉ်အနေနဲ့ ထည့်ရတယ်လို့ သိရပါတယ်။ အလျဉ်ကို ၁၀ ချိုးတစ်ချိုးလောက် ထည့်တယ်ပြောပါတယ်။ ငါးရက်ကျော်လာတဲ့အခါ ပုံးရည်ကြီးအဖြစ် အချဉ်ပေါက်လာပါတယ်။ တချို့ကတော့ ခုနစ်ရက်လောက်ထားတယ် ဆိုပါတယ်။

အချဉ်ပေါက်နေတဲ့ ပဲရည်ကို ကြိုလိုက်ပြီဆိုရင် ပုန်းရည်ကြီးရပါပြီ။ အချဉ်ပေါက်ထားတဲ့ အရည်ဖြစ်တဲ့အတွက် အလွန်ပင် အမြုပ်ထဆူပြီး ဝေလေ့ရှိပါတယ်။ အဲဒါ ကြောင့် မီးပျော့ပျော့ အပူပေးပြီး အဆက်မပြတ် မွှေပေးရပါတယ်။ အဲဒီလိုမွှေနေရင်း ပဲရည်ဟာ ပျစ်လာပြီး အမျှင်တန်းလာတဲ့အခါ မီးဖိုပေါ်ကချပြီး အအေးခံရပါတယ်။ ပဲရည် အပျစ်အကျဲနဲ့ မီးဖိုပေါ်ကချသင့်တဲ့အချိန်ကို ရွေးချယ်တာကတော့ လုပ်နေကျသူတို့ အတွက်တော့ မဆန်းလှပါဘူး။



■ ပုံးရည်ကြီးကို စီးပွားဖြစ် ချက်လုပ်ပုံ

၁။ ပဲပိစပ်ကို မိုးပြဲဒယ်အိုးအတွင်းထည့်၍ ရေမြုပ်အောင်ထည့်ကာ တစ်နာရီခွဲကြာခန့် ပြုတ်ပါတယ်။ (မိုးပြဲဒယ်တစ်ဒယ်တွင် ပဲပိစပ် သုံးပြည်ဆံ့၍ သုံးဒယ်ခန့်တစ်ပြိုင်နက် ပြုတ်လေ့ရှိပါတယ်။ ပဲပိစပ်သုံးပြည်ကို ပြုတ်ရင် ပုံးရည်ကြီးနှစ်ပိဿာ ရပါတယ်။)

၂။ ပဲစေ့တွေကျက်ပြီး ပျော့အိလာတဲ့အခါ ဆန်ကာပေါက် အကြဲပါတဲ့ တောင်းငယ်ထဲသို့ ထည့်ပြီး ပဲစေ့ကိုချေပါတယ်။ အဲဒီလိုခြေပြီးတဲ့ ပဲစေ့တွေကို တစ်နာရီခန့်ထပ်ပြုတ်ပြီး ဆန်ခါပေါက် အစိပ်ပါ တောင်းထဲထည့်၍ ဒုတိယအကြိမ် ထပ်ခြေပါတယ်။ ဒုတိယအဆင့် ခြေပြီးတဲ့အခါ ပဲသားအနှစ်အချောကို ရရှိပါတယ်။

ဒုတိယအကြိမ်ခြေပြီး ထွက်လာတဲ့ ပဲစေ့အခွံတွေကို ၀က်၊ နွား တိရစ္ဆာန်အစာအဖြစ် သုံးပါတယ်။ ဒုတိယအကြိမ်ခြေပြီး ရလာတဲ့ ပဲနှစ်အချောတွေကို ရေလုံးဝခန်းတဲ့အထိ ထပ်မံကျိုရပါတယ်။ ပဲစေ့အစိမ်းမှ ပဲနှစ်အနုကို လုံးဝရေခန်းတဲ့အထိ ငါးနာရီခန့်ကြာအောင် ပြုတ်ရ၊ ကျိုရပါတယ်။

ရခန်းတဲ့အထိ ကျိုပြီးတဲ့ပဲနှစ်တွေဟာ စားသုံးရန်အသင့် ပုံးရည်ကြီး (အချို) ဖြစ်ပါတယ်။ ပုံးရည်ကြီး (အချို) မှ (အချဉ်) ဖြစ်စေရန် အရင်ပုံးရည်ကြီး အလျဉ်လက်ခံချန်ထားတဲ့ စဥ့်အိုးအတွင်းမှာ တစ်ည ထည့်ထားရပါတယ်။ အဲဒီနောက် ပုံးရည်ကြီးအချဉ်ကိုရပါတယ်။ စဥ့်အိုးအတွင်းမှ ပုံးရည်ကြီး (အချဉ်)ကိုထုတ်ယူတဲ့အခါ နောက်တစ်ကြိမ် အချဉ်ပေါက်စေရန် နှစ်ဆယ်သားခန့် လက်ကျန် (အလျဉ်) အဖြစ် ချန်ထားရပါတယ်။

မကျည်းစောက်ကျေးရွာမှာ ပုံးရည်ကြီး လုပ်ငန်းလေးခုရှိပြီး ချောက်၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်အထိ တင်ပို့ကြပါတယ်။ တစ်ခါတစ်ရံ ထိုင်းနိုင်ငံသို့ လက်ဆောင်ပေးရန် ၀ယ်ယူသူတွေလည်း ရှိပါတယ်။ အခုလက်ရှိ ပုံးရည်ကြီးတစ်ပိဿာကို ကျပ် ၂၀၀၀ ဈေးရှိပြီး အထုပ်သေးတစ်ထုပ် ကျပ် ၁၀၀၊ အထုပ်ကြီးတစ်ထုပ် ကျပ် ၂၀၀ ဈေးရှိပါတယ်။ ဖြန့်ချိရေးဈေးတွင် ရာခိုင်နှုန်း ၂၀ လျှော့ပေး ရပါတယ်။



■ ပုံးရည်ကြီး၏ အကျိုးအာနိသင်များ

ကျွန်တော်က ပုံးရည်ကြီးကို ကြိုက်ပေမယ့် ဘယ်လိုလုပ်တယ်ဆိုတာ မသိခဲ့ပါဘူး။ အခုလို မန်ကျည်းစောက်ရွာကို ရေအလှူကိစ္စသွားရင်း ရောက်တဲ့အခါမှ ပုံးရည်ကြီးပြုလုပ်ပုံကို သေချာတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဓာတု ကင်းစင်ပြီး သဘာဝဆန်ဆန် လုပ်ဆောင်နေတာ တွေ့ရလို့ ကျေနပ်သဘော တွေ့မိပါတယ်။

ပိုပြီး စိတ်ဝင်စားမိတာက အချဉ်ဖောက်ထားတဲ့ အလျဉ်ကိစ္စ ဖြစ်ပါတယ်။ အဲဒါက ဒိန်ချဉ်လုပ်တဲ့အခါ အချဉ်ကူးသလို ချဉ်ဖတ်လုပ်တဲ့အခါ အချဉ်ကူးသလိုမျိုးနဲ့ တူနေတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီလိုအချဉ် ဖောက်ခြင်းဟာ လူသားတွေကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ပွားစေခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒိန်ချဉ်စားရင် အူလမ်းကြောင်း ကျန်းမာရေးကောင်းသလို ပုံးရည်ကြီး စားရင်လည်း အူလမ်းကြောင်း ကျန်းမာရေး ကောင်းနိုင်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ပဲပိစပ်ကို အရည်ကျိုပြီး ထွက်လာတဲ့ အညိုရောင်အရည်တွေကို စွပ်ပြုတ်အဖြစ် သောက်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အာယုဗ္ဗေဒဆေးပညာ အလိုအရ ပဲပိစပ်ဟာ ဆီးချိုရောဂါထိန်းနိုင်တဲ့ အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပြီး အ၀လွန်ခြင်းကိုလည်း တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဆီးကျောက်ကိုလည်း ဖယ်ရှားပေးနိုင်ပြီး ပန်းသေမှုနဲ့ သုတ်လွှတ်စောခြင်းတွေကိုလည်း ကုသနိုင်တယ်လို့ ဖော်ပြထား ပါတယ်။ ၎င်းအပြင် သွေးအားကိုဖြစ်စေပြီး အမျိုးသမီး ဓမ္မတာမမှန်မှုတွေကိုလည်း ထိန်းကျောင်းပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ပဲပိစပ်အခွံမှာ ဖလေဗိုနိုက်နဲ့ ပေါ်လီဖီနော၊ ပရိုတင်းနဲ့ အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါလို့ ငယ်ရွယ်နုပျို သွက်လက်စိတ်မျိုး ထိန်းနိုင်တယ်လို့ အိန္ဒိယရှိ ဆေးသိပ္ပံပညာရှင်များက ဆိုပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ပုံးရည်ကြီးလုပ်သူတွေ အနေနဲ့ ဖယ်လိုက်တဲ့အခွံတွေကို အခြောက်လှမ်း အမှုန့်ကြိတ်ပြီး ပုံးရည်ကြီးကြိုတဲ့အထဲ ထပ်ထည့်ရင် ပိုပြီးကျန်းမာရေးပြည့်စုံမယ်လို့ အကြံပြုလိုပါတယ်။

ပုံးရည်ကြီးဟာ မြန်မာ့ယဉ်ကျေးမှုနဲ့အတူ နှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အဖိုးတန်အာဟာရ ဓာတ်မျိုးစုံလည်း ပါဝင်ပါတယ်။ မြန်မာတိုင်း ကြိုက်နှစ်သက်ပါတယ်။ အစာကျေလွယ်ပြီး ထမင်းမြိန်စေပါတယ်။ တာရှည်ခံပြီး အလွယ်တကူ သယ်ဆောင်သွားလို့လည်းရပါတယ်။ တန်ဖိုးအရလည်း ဈေးနှုန်းချိုသာပါတယ်။ စတဲ့ အလွန် ကောင်းမွန်တဲ့ အချက်အလက်တွေ ပိုင်ဆိုင်ထားတဲ့အတွက် မြန်မာတွေအနေနဲ့ ပုံးရည်ကြီးကို မကြာမကြာ စားသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Writer:
ဒေါက်တာသိန်းမြင့်

============

Sources: Eleven Media Group

No comments:

Post a Comment