Latest News

Saturday, January 21, 2017

ခေတ်အဆက်ဆက် မြို့တော်ရန်ကုန်၏ ဘတ် (စ်) ကားသမိုင်း

ခေတ်အဆက်ဆက် မြို့တော်ရန်ကုန်၏ ဘတ် (စ်) ကားသမိုင်း

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်၂၀ရာစု ခေတ်ဦးပိုင်းကာလဖြစ်သော ၁၉၀၅ခုနှစ်တွင် ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရ အရာရှိကြီးများ ဗြိတိသျှသည်ကုန်သည်ကြီးများသည် ကိုယ်ပိုင်ကားများကို စတင်မောင်းနှင်စီးနင်းခဲ့ချိန် မှစတင်၍ ရန်ကုန်မြို့တော်၌ မော်တော်ကားစနစ် စတင်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ကိုယ်ပိုင်မော်တော်ကား အရေအတွက် အတော်အသင့် များပြားလာခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မော်တော်ယာဉ် အက်ဥပဒေ ပေါ်ပေါက်လာခဲ့သည်။

ရန်ကုန်မြို့တွင် ကိုလိုနီခေတ်ဦးပိုင်း ကာလ၌ ဗြိတိသျှအစိုးရသည် ရန်ကုန်မြို့တွင်း ပြည်သူများ ခရီးသွားလာရေးအတွက် မြို့ပတ်ရထားစနစ်ကို အသုံးပြုခဲ့သည်။ ၁၉၁၃ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ရန်ကုန်မြို့ပတ်ရထား ကုမ္ပဏီသည် ရန်ကုန်မြို့၌ ဘတ်(စ်)ကားလိုင်းကား စတင်ပြေးဆွဲခြင်း ပြုခဲ့သည်။ ရှေးဦးစွာ စမ်းသပ်မှုအဖြစ် ဘတ်(စ်)ကားငါးစီးကို စတင်ပြေးဆွဲမှု ပြုစေခဲ့သည်။ ၁၉၁၅ခုနှစ်တွင် ဘတ်(စ်)ကား ခုနစ်စီး ရှစ်စီးအထိ တိုးချဲ့ပြေးဆွဲစေခဲ့သည်။ ဘတ် (စ်)ကားလိုင်းနှင့်အတူ အငှားလိုက် တက္ကစီကားကလေးများ အစီး ၂၈ စီးဖြင့်လည်း စတင်ပြေးဆွဲစေခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် နိုင်ငံခြားသားပိုင် အာ(ရ်)အီးတီ ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် ရန်ကုန်မြို့တွင် ဘတ်(စ်)ကားလိုင်းများ ပြေးဆွဲခြင်း လုပ်ငန်းဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီးပွားရေး မျက်နှာသစ်ကို လုပ်ဆောင်ခဲ့သည်။

ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်များနှင့် တက္ကစီအငှားကားငယ်များ ဘတ်(စ်) ကားလိုင်းများ ပြေးဆွဲမောင်းနှင်မှုနှင့်အတူ ယာဉ်အန္တရာယ်သည်လည်း ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၃ခုနှစ်တွင် ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်း (ဘတ်စ်) ကားလိုင်းများတွင် ယာဉ်တိုက်မှုများနှင့် ယာဉ်အန္တရာယ်များ အမြောက်အမြား ဖြစ်ပေါ်ခဲ့သောကြောင့် ထိုအချိန်က ရန်ကုန်မြို့၌ ထုတ်ဝေခဲ့သော ပညာအလင်းသတင်းစာ (၁၉၂၃ ခုနှစ်၊ ဇွန်လ၂၂ ရက်)နေ့ထုတ်တွင်-

ရန်ကုန်မြို့ အနောက်ပိုင်း မြို့ဝန်မင်းရုံးတွင် ၁၉၂၃ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ စတင်၍ ဇွန်လ(၂၀)ရက်နေ့အထိ ရန်ကုန်မြို့၏ လမ်းမကြီးများပေါ်၌ မတော်တဆဖြစ်ပွားခဲ့သော မော်တော်ယာဉ်တိုက်မှုများ၊ စည်းကမ်းမဲ့ မောင်းနှင်မှုများကို လမ်းစောင့်ပုလိပ်များက ဖမ်းဆီး၍ တရားဆွဲဆိုခဲ့သော အမှုပေါင်းမှာ (၅၆)မှုရှိကြောင်း၊ ယင်းအမှုများကို ဇွန်လ(၂၀) ရက်နေ့တွင် စတင်စစ်ဆေးကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖော်ထုတ်ရေးသား မှတ်တမ်းတင်ခဲ့သည်။

၁၉၂၄ခုနှစ်တွင်မူ ရန်ကုန်မြို့တွင် မြန်မာလူမျိုးပိုင် ဘတ်(စ်)ကားလုပ်ငန်းတို့ စတင်ထူထောင် လုပ်ဆောင်ခဲ့သည်။ ရန်ကုန်မြို့ မက္ကင်ဇီမော်တော်ကားအလုပ်ရုံမှ စာရေးကြီး ဦးဖိုးထွန်း၊ နိဗ္ဗာန်ကုန်သည်ကြီး ဦးကျုံး၊ ဦးသက်တင်၊ ဘုရားရွှေကြို ဦးသာခင်၊ သင်္ချိုင်း ကျောက်စာတိုင် ကျောက်ဆစ်ဆရာ ဦးချစ်တီး၊ ဦးစံထွန်းလှ စသောပုဂ္ဂိုလ်ကြီးများက ဦးဆာင်၍ အင်္ဂလန်နိုင်ငံ ဖို့(ဒ်)မော်တော်ကား ကုမ္ပဏီမှ ဘတ်(စ်)ကား (၁၅)စီးကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူခဲ့ပြီး မြန်မာလူမျိုးပိုင် ဘတ်(စ်)ကား လိုင်းအဖြစ် ပြေးဆွဲခဲ့သည်။ ယင်းမြန်မာလူမျိုးပိုင် ဘတ်(စ်)ကားလိုင်း၏ စက္ကရီတေရီအတွင်း ရေးမှူးအဖြစ် ဦးသက်တင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြန်မာလူမျိုးပိုင် ဘတ်(စ်)ကားလိုင်းကို ရန်ကုန်မြို့တွင်း၌ ပြေးဆွဲခဲ့ရာတွင် မင်းမဟော်လိုင်း၊ ဣစ္ဆိတံလိုင်းဟူ၍ အမည်မှည့်ခေါ် ပြေးဆွဲခဲ့သည်။ ရန်ကုန်မြို့တွင်း ရှေးဦးစွာပြေးဆွဲခဲ့သော ဘတ်(စ်)ကား လမ်းကြောင်းမှာ သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရား၊ ငါးထပ်ကြီးဘုရား၊ တိရစ္ဆာန်ရုံဟူ၍ဖြစ်ပြီး ဘတ်(စ်)ကားစီးခနှုန်းမှာ သိမ်ကြီးဈေးမှ ရွှေတိဂုံဘုရားအထိ တစ်ပဲ၊ ငါးထပ်ကြီးဘုရားအထိ နှစ်ပဲ၊ တိရစ္ဆာန်ရုံအထိ နှစ်ပဲဖြစ်သည်။ ဘတ်(စ်)ကားလိုင်း၏ အမှတ်အသားအဖြစ် ကိန်းဂဏန်းများကို အသုံးမပြုသေးဘဲ ခြင်္သေ့တံဆိပ်ကို အမှတ်တံဆိပ်အဖြစ် တပ်ဆင်ပြေးဆွဲခဲ့သည်။

၁၉၂၉-၃၀ ပြည့်နှစ်ကာလများတွင် ရန်ကုန်မြို့ ပဲရော့ကုမ္ပဏီပိုင်ရှင် မစ္စတာပဲရော့သည် ကျန်းမာရေး အခြေအနေကြောင့် အင်္ဂလန်နိုင်ငံသို့ အပြီးအပိုင်ပြန်သွားခဲ့ပြီး မြန်မာလူမျိုး ဦးဆန်နီအား ပဲရော့ကုမ္ပဏီကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးဆန်နီသည်  ပဲရော့ဦးဆန်နီဟူ၍ ထင်ရှားခဲ့သည်။ ပဲရော့ဦးဆန်နီသည် ပဲရော့ကုမ္ပဏီပိုင်ဆိုင်သော အငှားကား(၃၂) စီးကို ရန်ကုန်မြို့တွင်း ပြေးဆွဲသော ဘတ်(စ်)ကားလိုင်းပြေးဆွဲမှုကို တည်ထောင်လုပ်ဆောင်ခဲ့သည်။ ပဲရော့ ဦးဆန်နီ၏ ဘတ်(စ်)ကား မောင်းသူတို့သည် ခေါင်းပေါင်းအနီရောင်ပေါင်းကာ တိုက်ပုံအင်္ကျီဝတ်ဆင်၍ ယာဉ်စည်းကမ်းနှင့်အညီ မောင်းနှင်ရန် ပဲရော့ဦးဆန်နီကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

စစ်ပြီးခေတ် ၁၉၄၆ခုနှစ် ဆာပေါ်ထွန်း ညွှန့်ပေါင်းအစိုးရ လက်ထက်တွင်း၊ စစ်အတွင်းကာလ၌ အသုံးပြုပြီး နောက်ကျန်ရှိနေသော စစ်ကျန်ကားများကို ထိုအချိန်က မြန်မာ့နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် လက်ရုံးအစည်းအရုံးကြီးက ဦးဆောင်၍ ပထမအသုတ်အဖြစ် စီးရေ (၂၀၀)၀ယ်ယူပြီး ရန်ကုန် ဘတ်(စ်)ကား လောကကို တိုးချဲ့လုပ်ဆောင်မှု ပြုခဲ့သည်။ ယင်းဘတ်(စ်)ကားလိုင်း ပြေးဆွဲခြင်းလုပ်ငန်းကို လက်ရုံးအစည်းအရုံးကြီးက ဦးဆောင်လျက် ဘတ်(စ်)ကားစီး လက်မှတ်များ စတင်အသုံးပြု ရောင်းချစီးနင်းသွားလာ၍ စီမံဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ကြည့်မြင်တိုင်နှင့် ပုလိပ်မင်းကြီးရုံး ဘတ်(စ်)ကားလိုင်းကြောင်းတွင် ဘတ်(စ်)ကား (၁၈) စီးကို သီးသန့်ပြေးဆွဲစေလျက် လက်မှတ်ရောင်း စနစ်ကို ကျင့်သုံးခဲ့သည်။ ရန်ကုန်မြို့တွင်း ဘတ်(စ်)ကားလိုင်း၏ စီးပွားရေးလုပ်ငန်းသည် အောင်မြင်တိုးတက်မှု ရခဲ့သောကြောင့် ၁၉၄၆ ခုနှစ်မှ လွတ်လပ်ရေး မရသေးမီ ၁၉၄၇ ခုနှစ်ကာလကုန်အထိ နိုင်ငံရေး အဖွဲ့အစည်း အမျိုးမျိုးသည် ရန်ကုန်မြို့တွင်း ဘတ်(စ်)ကား ပြေးဆွဲမှုလုပ်ငန်းကို စီးပွားရေး မျက်စိကျခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့ထဲ ပုဂ္ဂလိက ဘတ်(စ်)ကားပြေးဆွဲမှု စီးပွားရေးနယ်ပယ်အတွင်းသို့ ပြည်သူ့ရဲဘော်ပါတီနှင့် ကွန်မြူနစ်ပါတီဖြစ်သော မြန်မာနိုင်ငံရေး အဖွဲ့အစည်းကြီးနှစ်ခုမှ နိုင်ငံရေးခေါင်းဆောင်များက ၀င်ရောက်လာခဲ့ ဦးဆောင်လာခဲ့သည်။ ထိုအချိန်မှစတင်၍ ရန်ကုန်မြို့တွင်း ဘတ်(စ်) ကားလိုင်းပြေးဆွဲမှုလုပ်ငန်းနှင့် စနစ်သည် စည်းကမ်းပျက်မှုများ၊ ငွေကြေးဖောက်ပြန်မှုများ၊ အဂတိလိုက်စားမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များဖြင့် စတင်ရှုပ်ထွေး ပွေလီစပြုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၉ ခုနှစ်၊ မတ် ၂၂ ရက်တွင် မော်တော်ယာဉ် ဗဟိုကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သို့ မော်တော်ယာဉ် အသင်းအဖွဲ့ အားလုံးပါဝင်စေခဲ့ပြီး နှစ်နှစ်အတွင်း မော်တော်ယာဉ်စည်းကမ်း စနစ်ကျရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ မော်တော်ယာဉ် ဗဟိုကောင်စီက ၀င်ငွေများကို ဝေပုံကျခွဲဝေပေးခြင်း၊ မော်တော်ယာဉ်များကို မှတ်တိုင်များတွင်ရပ်၍ ခရီးသည်များကို အဆင်းအတက် ပြုလုပ်စေခြင်း၊ ဘတ်(စ်)ကား တစ်စီးနှင့်တစ်စီး အပြိုင်မောင်းခြင်း၊ ဖြတ်ကျော်တက်ခြင်းများ မပြုလုပ်ရန်တာမြစ်ခြင်း၊ အဖွဲ့လိုက် ဆေးရောင်တူသုတ်စေခြင်း၊ ယာဉ်မောင်းနှင့် နောက်လိုက်များကို စနစ်တကျ လိုင်စင်ယူစေခြင်းစသော စည်းကမ်းများ သတ်မှတ်လုပ်ဆောင်ခဲ့သည်။ သို့သော် ကားမောင်းသူနှင့် နောက်လိုက်များ၏ ပရမ်းပတာ စီးပွားရှာမှု စည်းကမ်းမလိုက်နာမှု ယာဉ်လိုင်းသမား အချင်းချင်းရန်ဖြစ်မှု၊ ခရီးသည်များကို မချေမငံဆက်ဆံမှု၊ ရိုင်းပြစော်ကား ပြောဆိုမှုများကြောင့် ရန်ကုန်မြို့တော်ဘတ်(စ်)ကား လောကနှင့် ဘတ်(စ်)ကားလိုင်းသည် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့သည်။

၁၉၅၁-၅၂ ခုနှစ် မော်တော်ယာဉ်ဗဟို ကောင်စီဥက္ကဋ္ဌ၏ အစီရင်ခံစာတွင် ရန်ကုန်မြို့တော် ဘတ်(စ်)ကား လောက၏ အနိဋ္ဌာရုံကို “ယနေ့မော်တော်ယာဉ်အလုပ်သမားများ၏ အခြေအနေကို ဆန်းစစ်ကြည့်လျှင် အလုပ်သမားများနှင့် လုံးဝမတူ ကလေက၀ လူတန်းစားများနှင့် တူနေသည်။ တစ်သီးပုဂ္ဂလပိုင်ရှင်၏ စေစားရာကို လိုက်နာလုပ်ကိုင်ရပြီး အလုပ်၌တည်မြဲမှုမရှိ။ များစွာသော မော်တော်ယာဉ် အလုပ်သမားများမှာ မော်တော်ယာဉ် ဥပဒေကို လုံးဝနားမလည်။ မော်တော်ယာဉ်ဥပဒေကို အချိန်နဲ့နာရီတိုင်း ချိုးဖောက်လျက်ရှိနေကြသည်။ လစာနှုန်းထားနှင့် အချိန်သတ်မှတ်မှုလည်း မရှိကြပေဟူ၍ ရေးသားတင်ပြထားသည်။

ထို့ကြောင့် ၁၉၅၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များ၊ ဘတ်(စ်)ကားများ၊ မော်တော်ယာဉ်မောင်းသူများ ဘတ်(စ်)ကားသမားများကို ရန်ကုန်သမာဓိမြို့ဝန်နှင့် ရဲဌာနတို့ ပူးပေါင်း၍ ချက်ချင်းအရေးယူမှုပြုခဲ့သည်။ သမာဓိမြို့ဝန်ခြောက်ဦး ဦးဆောင်လျက် ပုဇွန်တောင်၊ ကျောက်တံတား၊ ကမာရွတ်၊ အိုးဘို၊ ဗိုလ်တထောင်၊ တာမွေမြို့နယ် (၆)မြို့နယ်၌ ရုံးထိုင်၍ ငွေဒဏ်၊ ထောင်ဒဏ်ချက်ချင်း ချမှတ်သည့်စနစ်ကို ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ တစ်ရက်တစ်နေ့တည်းမှာပင် မော်တော်ယာဉ်ပေါင်း ၆၄၉ စီးကို အရေးယူခဲ့သည်။ ဒဏ်ငွေ ၈၃၁၃ ကျပ်ရိုက်ခဲ့ပြီး ကိုးဦးကို ထောင်ချခဲ့သည်။ ဒဏ်ရိုက်ခြင်းခံရသူများတွင် ပါလီမန်အတွင်းဝန် ဦးကြင်စောလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။

ရန်ကုန်မြို့တော်၏ မော်တော်ယာဉ်နှင့် ဘတ်(စ်)ကားပြဿနာကို ၁၉၅၃ ခုနှစ် မတ်လ (၁၀)ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့သည်။ တတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော်တွင် စဥ့်ကူမြို့မှ အမတ်ဦးခင်မောင်မြဲက ရန်ကုန်မြို့တော်၏ ကားမှတ်ပုံတင်စာရင်း ယာဉ်တိုက်မှုများ စည်းကမ်းမဲ့မှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ သက်ဆိုင်ရာပါလီမန် အတွင်းဝန်က ၁၉၅၁ ခုနှစ်တွင် ၉၁၆ စီး၊ ၁၉၅၂ ခုနှစ် တွင် ၁၇၇၃ စီး ဘတ်(စ်)ကားများ ပြေးဆွဲလျက်ရှိခဲ့ပြီး၊ ၁၉၅၁ ခုနှစ်တွင် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ယာဉ်အန္တရာယ်မှု ၁၀၆၅ မှု၊ ၁၉၅၂ ခုနှစ်တွင် ၉၈၄ မှုရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။ ထိုနောက် ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ ယာဉ်အန္တရာယ်ကိစ္စများကို ပါလီမန် ပြည်သူ့လွှတ်တော်သို့ အမတ်များက အကြိမ်ကြိမ်တင်သွင်း၊ မေးခွန်းထုတ် မေးမြန်းခဲ့ရာ သက်ဆိုင်ရာအတွင်းဝန်များက ဖြေကြားခြင်းသာပြုခဲ့ပြီး လက်တွေ့ဆောင်ရွက်ပေးခြင်း မရှိခဲ့သဖြင့် ရန်ကုန်မြို့တော်၏ ဘတ်(စ်)ကားလောက ပြဿနာအဖုံဖုံသည် မျိုးစုံထောင့်စုံ ပျက်စီးယိုယွင်းခဲ့သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီးချိန်တွင် ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် ဘတ်(စ်)ကား လိုင်းများကို အမှတ်(၁)မှ (၁၆)အထိ ဦးစွာ သတ်မှတ်၍ ယာဉ်စီးရေ ၁၅၀၀ခန့်ဖြင့် လုပ်ဆောင်ခဲ့သည်။ ဘတ်(စ်)ကားများမှာ စစ်ကျန်ဘတ်(စ်) ကားများဖြစ်သည့် ချက်ပလက်၊ ဖို့ဒ်၊ ဂျီအမ်စီ၊ ဒေါ့(ဂန်)ယာဉ်များ ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့၏ ခရီးသည်တင်ယာဉ် အစီး ၃၀၀ မထသ ခရီးသည်တင်ယာဉ် အစီး ၃၇၆ စီး တို့ဖြင့် ရန်ကုန်မြို့တော် ခရီးသည်ပို့ဆောင်ရေး ဘတ်(စ်)ကားလိုင်းများအဖြစ် ပြေးဆွဲစေခဲ့သည်။ ယင်းအချိန်မှစတင်၍ ရန်ကုန်ဘတ် (စ်)ကားလောက၌ စစ်ကျန်ဘတ်(စ်)ကားများအဖြစ် ဘီအမ်ဟီးနိုးများ၊ ကေအမ်ဟီးနိုး (ရိန်းဂျား) များ ကုန်တင်ယာဉ်အငယ်စားများ ဖြစ်သည့် ဒိုင်နာဟိုင်းလတ်ယာဉ်များပါ ဘတ်(စ်)ကားလိုင်းအတွင်းသို့ ၀င်ရောက်ပြေးဆွဲလာခဲ့သည်။ အများပြည်သူတို့အား ၀န်ဆောင်မှု ပေးသော သယ်ယူပို့ဆောင်ရေး စနစ်ထက် နည်းမျိုးစုံအသုံးပြုလျက် ၀င်ငွေရရှိရေးအတွက် လုပ်ဆောင်ခဲ့သည်။ ခရီးသည်များကို ရိုင်းစိုင်းသောအပြုအမူ အပြောအဆို လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့ကြသည်။ သက်ဆိုင်ရာ ဘတ်(စ်)ကား ဦးဆောင် အဖွဲ့အစည်းများကလည်း စနစ်တကျ ဖြေရှင်းမှုပြုမပေးကြဘဲ မျက်နှာလွှဲခဲပစ် ရေတိုဖြေရှင်းနည်းများ ကျင့်သုံး၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်ကို ရန်ကုန်မြို့တော်ရှိ ဘတ်(စ်)ကားလိုင်းများကို နေ့စဉ်စီး၍ ဒုက္ခခံသွားလာနေကြသော အခြေခံပြည်သူလူ ထုကြီးတစ်ရပ်လုံး ခါးစည်းခံစား ခဲ့ကြရသည်။

မျက်မှောက်ကာလ ၂၀၁၇ ခုနှစ် ဇန်န၀ါ ရီ ၁၆ ရက်မှစတင်၍ ခေတ်အဆက်ဆက် အဆင့်ဆင့် တွေ့ကြုံခံစားခဲ့ရသော ဘတ်(စ်)ကား လောက ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် မထသ အဖွဲ့အစည်းကို ဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က ကြီးကြပ်ကွပ်ကဲလျက် ဘတ်(စ်)ကား ပြေးဆွဲမှုစနစ်သစ်ကို စတင်နေပြီဖြစ်သည်။

ရန်ကုန်မြို့တော်နေ အခြေခံလူတန်းစား ပြည်သူလူထုတစ်ရပ်လုံးသည် မေတ္တာ၊စေတနာ အပြည့်အ၀ဖြင့် ငွေကြေးနှင့် အဂတိမလိုက်သော ဘတ်(စ်)ကားစနစ်ဟောင်း တော်လှန်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်မည့် ကောင်းမွန်တိုးတက်သော ပြည်သူအများ စိတ်ချမ်းမြေ့စေသော အပြောင်းအလဲအသစ်များကို မျှော်လင့်စောင့်စား ကြိုဆိုလျက်ရှိနေကြပေသည်။

ကျမ်းကိုး-

၁။ ရန်ကုန်ရာဇ၀င်သမိုင်း (သတင်းစာဆရာ ဦးသိမ်းမောင်)

၂။ ပါလီမန်ခေတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် (တင်နိုင်တိုး)

လှမြင့် (ရန်ကုန်တက္ကသိုလ်)

Sources: Eleven Media Group

No comments:

Post a Comment