Latest News

Saturday, January 14, 2017

အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ သုံးဆအထိ မြင့်တက်လာနိုင်

အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ သုံးဆအထိ မြင့်တက်လာနိုင်


အရှေ့တောင်အာရှတွင် ကျောက်မီးသွေးမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ၌ သုံးဆအထိ မြင့်တက်လာနိုင်ပြီး လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ မြင့်တက်လာမည်ဖြစ်ကြောင်း ဟားဗက်က ကျောထောက်နောက်ခံပေးထားသည့် အစီရင်ခံစာတစ်စောင်တွင် ဇန်န၀ါရီ ၁၃ ရက်က ဖော်ပြခဲ့သည်။

ဟားဗက်နှင့် ဂရင်းပိစ်တို့မှ သုတေသနပညာရှင်များက အရှေ့တောင်အာရှတွင် လျှပ်စစ်သုံးလိုအားသည် ၂၀၁၁ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းခဲ့ပြီး ထိုပမာဏသည် တစ်ကမ္ဘာလုံး ပျမ်းမျှတိုးတက်မှု၏ နှစ်ဆနီးပါးရှိမည် ဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတွင် လေထုညစ်ညမ်းမှုသည် သိပံ္ပနည်းကျ လေ့လာမှုများအတွက် အလွန်ဆွဲဆောင်နိုင်ခဲ့ပြီး အရှေ့တောင်နှင့် အရှေ့အာရှဒေသတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တိုးချဲ့ရန် စီစဉ်ထားမှုများကို မလေ့လာနိုင်သေးကြောင်း ဟားဗက်တက္ကသိုလ်မှ သုတေသနပညာရှင် ရှန်နွန်ကူပလစ်က ပြောကြားခဲ့သည်။

စီးပွားရေးတိုးတက်မှု၊ လူဦးရေဖွံ့ဖြိုးမှု၊ မြို့ပြသို့ အစုအပြုံလိုက် ရွှေ့ပြောင်းမှုတို့ကြောင့် စွမ်းအင်သုံးလိုအား မြင့်တက်လာခဲ့ပြီး အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမဟုတ်ဘဲ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများဖြင့် ဖြည့်ဆည်းပေးနေဆဲ ဖြစ်ကြောင်း ဟားဗက်၏ လေ့လာမှုက သုံးသပ်ခဲ့သည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများမှ လေထုညစ်ညမ်းမှုကြောင့် အရှေ့တောင်အာရှတွင် နှစ်စဉ် လူ ၂၀၀၀၀ ထိ သေဆုံးနိုင်ကြောင်း အစီရင်ခံစာက ခန့်မှန်းခဲ့ပြီး အကြံပြုထားသော ဓာတ်အားပေးစက်ရုံများကို ဆက်လက်ဆောင်ရွက်ပါက ၂၀၃၀ မတိုင်မီ နှစ်စဉ် လူ ၇၀၀၀၀ ထိ သေဆုံးမည်ဟု အစီရင်ခံစာက ခန့်မှန်းခဲ့သည်။

အင်ဒိုနီးရှားတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများသည် ၂၀၁၁ ခုနှစ်၌ ၁၄၇ ရုံရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၃၂၃ ရုံအထိ မြင့်တက်လာမည်ဟု ဟားဗက်၏ လေ့လာမှုက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများသည် ၂၀၁၁ ခုနှစ်တွင် သုံးရုံရှိခဲ့ရာမှ ၂၀၃၀ မတိုင်မီ၌ ၁၆ ရုံထိ မြင့်တက်လာမည်ဟု ဟားဗက်က ခန့်မှန်းထားသည်။ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည် အရှေ့တောင်အာရှတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများမှ လေထုညစ်ညမ်းမှု အမြင့်ဆုံး ဖြစ်လာမည့်နိုင်ငံများဟု ယင်းအစီရင်ခံစာက ခန့်မှန်းခဲ့သည်။

ကျောက်မီးသွေးသည် စရိတ်သက်သာပြီး ပြည်တွင်း၌ အလျှံပယ်ထွက်ရှိမှုတို့ကြောင့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများက ယင်းဓာတ်အားပေးစက်ရုံများကို တိုးချဲ့ဆောင်ရွက်နေဆဲဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။

RefးAFP

Sources; Eleven Media Group

No comments:

Post a Comment