Latest News

Saturday, January 14, 2017

တိမ်ပေါ်က ကျောင်း

တိမ်ပေါ်က ကျောင်း



“နံရံကအပေါက်” ဆိုတဲ့ စမ်းသပ်ချက်ကို ပြုလုပ်ခဲ့တဲ့ ဆူဂါတာမီထရာက ပညာရေးနဲ့ ဘွဲ့ရထားသူတစ်ဦး မဟုတ်ပါဘူး။ သူက ရူပဗေဒနဲ့ ပါရဂူဘွဲ့ရခဲ့သူဖြစ်ပြီး ကွန်ပျူတာကို စာအုပ်ဖတ်ပြီး လေ့ကျင့်သင်ယူခဲ့သူ တစ်ဦးပါ။ သူအိမ်မှာ ကွန်ပျူတာဆော့ဖ်ဝဲတွေရေးရင် သူ့သားငယ်က ဘေးကထိုင်ကြည့်နေလေ့ရှိပါတယ်။ တစ်ရက်မှာ သူရေးတာမှားတော့ သားငယ်က သူပြင်ပေးရမလားလို့မေးပြီး ပြင်ပေးပါသတဲ့။ အံ့သြသွားခဲ့ပေမယ့် ဖခင်တစ်ယောက်ရဲ့ ဘက်လိုက်တဲ့ အတွေးတွေအရ သူ့သားကထူးခြားတဲ့ ပါရမီရှင် ကလေးပဲလို့ စဉ်းစားဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ ၁၉၉၉ ခုနှစ်မှာတော့ သူအလုပ်သွားတဲ့ လမ်းမှာတွေ့ရတဲ့ နယူးဒေလီမြို့၊ ဆင်းရဲသားရပ်ကွက်က ကလေးတွေကိုကြည့်ရင်း ငါတို့ရဲ့ကလေးတွေပဲ ပါရမီရှင်လေးတွေဖြစ်ပြီး ဒီကလေးတွေက ပါရမီရှင်တွေမဟုတ်ဘူးဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ တွေးမိခဲ့ပါတယ်။

အဲဒီအချိန်မှာ သူက ကွန်ပျူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ တစ်ရက်မှာ သူကရုံးခန်းနားမှာရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို ခြားထားတဲ့နံရံကို အပေါက်ဖောက် ကွန်ပျူတာထည့်၊ အင်တာနက်ချိတ်၊ ဖွင့်ပြီးထားပစ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ပေါ်တာတွေကို သူ့ကွန်ပျူတာပေါ်မှာ ပေါ်အောင် ဆော့ဖ်ဝဲထည့်ထားတဲ့အတွက် မကြာခင်မှာပဲ သူ့ကွန်ပျူတာပေါ်မှာ အဲဒီကွန်ပျူတာက လှုပ်ရှားမှုတွေကို စတင်တွေ့မြင် ရပါတယ်။ အဲဒီကလေးတွေက ကွန်ပျူတာကိုတစ်ခါမှ မမြင်ဖူးကြသလို အများစုက စာမတတ်ကြပါဘူး။ တစ်နာရီလောက်ကြာတော့ ကလစ်နှစ်ချက်ခေါက်ပြီး တစ်ခုခုကိုဖွင့်တဲ့  လှုပ်ရှားမှုမျိုးတွေကို စတင်တွေ့ရှိရပါတယ်။  နောက်နေ့မှာကွန်ပျူတာကို သွားကြည့်တော့ Word ဖိုင်ထဲမှာ နာမည်တစ်ခုရေးထားတာ တွေ့ရပါတယ်။ စာရိုက်လို့ရတဲ့ ကီးဘုတ်ကို တွဲမပေးထားတဲ့အတွက် ဘယ်လိုစာရိုက်သလဲဆိုတာ စဉ်းစားစရာပါ။ လိုက်ရှာကြည့်တော့ သူတို့က ကွန်ပျူတာထဲက Character Map လို့ခေါ်တဲ့ စာလုံးတွေကူးယူပြီး ပြန်သုံးလို့ ရတဲ့နေရာကို အသုံးပြုပြီးရေးသွားတယ်လို့ သိရပါတယ်။ ကွန်ပျူတာသုံးနေသူတွေ ထဲမှာတောင် Character Map ကို ဘယ်လို ရှာရမှန်းမသိသူတွေရှိကြပါတယ်။ Time of India သတင်းစာက အဲဒီဖြစ်ရပ်ကို ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီနောက်မှာ သူက အိန္ဒိယနိုင်ငံက အခြားနေရာတွေ၊ ကမ်ဘောဒီးယားနဲ့ အာဖရိ ကနိုင်ငံတွေမှာ အလားတူစမ်းသပ်မှုတွေ  ဆောင်ရွက်ခဲ့ပါတယ်။ စမ်းသပ်ချက်တစ်ခုမှာ ကလေးတစ်ယောက်က “နင်က ငါတို့ကို အင်္ဂလိပ်လိုပဲ အလုပ်လုပ်တဲ့စက်ကိုပေးခဲ့တယ်။ ငါတို့က အင်္ဂလိပ်စာကို ကိုယ့်ဖာသာ ကိုယ်သင်ယူရတယ်” လို့ ပြောပါသတဲ့။ အဲဒီမှာ သူက “မိမိဖာသာသင်ယူခြင်း” ဆိုတဲ့ သဘောတရားကို စပြီးသတိပြုမိခဲ့ပါတယ်။ စမ်းသပ်ရင်းနဲ့ ကလေးတွေအနားမှာ အဘွားတစ်ယောက်က မြေးတွေကို အားပေးသလို အားပေးနိုင်သူတစ်ယောက်ရှိရင် သင်ယူနိုင်မှု ပိုမိုမြင့်မားလာကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘေးက အားပေးသူက တကယ့်အဘွားအရွယ် ဖြစ်စရာမလိုပါဘူး။

အဲဒီလို တွေ့ရှိပြီးနောက်ပိုင်းမှာ အားပေးသူတွေအဖြစ် အကူအညီပေးဖို့ စေတနာ့ဝန်ထမ်းတွေကို ဗြိတိန်နိုင်ငံမှာ ကြော်ငြာခေါ်ယူခဲ့ပါတယ်။ ပထမနှစ်ပတ်အတွင်းမှာတင် စေတနာ့ဝန်ထမ်း နှစ်ရာရရှိခဲ့ပါတယ်။ အဲဒီကနေ “တိမ်ပေါ်ကကျောင်း” တွေကို စတင်စမ်းသပ်လာနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ တိမ် (Cloud) ဆိုတာက အင်တာနက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေက စကိုက်ပ် (Skype) ကိုသုံးပြီး အဝေးက  ကလေးတွေကို အဖွားတစ်ယောက်လို အားပေးကူညီမှုပြုတဲ့အတွက် အဲဒီဆောင်ရွက်ချက်ကို ဘွားဘွားရဲ့တိမ်  (Granny Cloud) လို့ ခေါ်ကြပါတယ်။ သင်ကြားတဲ့နည်းလမ်းကိုတော့ မိမိဖာသာ စုစည်းသင်ယူတဲ့ဝန်းကျင် (Self-Organized Learning Environment) လို့ ခေါ်ပါတယ်။ ထိပ်စာလုံးတွေကိုယူပြီး အတိုကောက် ဆိုးလ် (SOLE) လို့လည်း ခေါ်ပါတယ်။

အခုအချိန်မှာ ဗြိတိန်နိုင်ငံ၊ နယူကာဆယ်တက္ကသိုလ်မှာ ပညာသင်ကြားမှုဆိုင်ရာ နည်းပညာပါမောက္ခြ ဖစ်နေပြီဖြစ်တဲ့ ဆူဂါတာမီထရာက တိမ်ပေါ်မှာ ကျောင်းဆောက်ချင်တဲ့ သူ့မျှော်လင့်ချက်အကြောင်းကို 2013 TED နှီးနှောဖလှယ်ပွဲမှာ ဟောပြောခဲ့ပါတယ်။ အဲဒီဟောပြောချက်က ဒေါ်လာတစ်သန်းဆုရခဲ့တဲ့အတွက် သူ့အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက အင်္ဂလန် အရှေ့မြောက်ပိုင်းမှာ ကျောင်းနှစ်ကျောင်း၊ အန္ဒိယမှာ ကျောင်းငါးကျောင်းနဲ့ စတင်ခဲ့ပါတယ်။ အခုဆိုရင် www.theschoolinthe-cloud.o rg ကနေ မိမိဖာသာ စုစည်းသင်ယူတဲ့ ၀န်းကျင်ကို ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေပါဝင်တဲ့ SOLE Toolkit ကို ရယူနိုင်ပြီ  ဖြစ်ပါတယ်။ ကမ္ဘာ့အခြားနေရာတွေမှာလည်း အဲဒီနည်းလမ်းကို အသုံးပြုသင်ကြားနေတဲ့ ကျောင်းတွေရှိလာကြပါပြီ။

“နံရံကအပေါက်” အစောဆုံးစမ်းသပ်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ ကလေးတစ်ဦးဖြစ်တဲ့ ArunChavanu အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်မှာ ပါရဂူဘွဲ့လွန် ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက SOLE နည်းလမ်းနဲ့ သင်ယူနေတဲ့ ကလေးတွေကို စကိုက်ပ်ကတစ်ဆင့် အားပေးကူညီသူအဖြစ်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

SOLE နည်းလမ်းနဲ့သင်ယူမှုမှာ ကလေးတွေကို အားပေးကူညီသူက မေးခွန်းကြီး (Big Question) တွေ မေးပေးပါတယ်။ အဲဒီမေးခွန်းကြီးတွေက ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးဖို့အတွက်ပါ။ ဆရာ၊ ဆရာမ ဒါမှမဟုတ် အားပေးကူညီသူက အဲဒီမေးခွန်း မေးပြီးတဲ့နောက်မှာ ကလေးတွေနားမှာနေပြီး ပံ့ပိုးပေးတာ၊ စကားပြောတာ၊ မေးခွန်းတွေကို ဖြေပေးတာတွေကို မလုပ်ရပါဘူး။ သူတို့ချည်းပဲ ထားခဲ့ရပါတယ်။ ကလေးနှစ်ဆယ်လောက်ကို လေးယောက်တစ်ဖွဲ့ခွဲ၊ အင်တာနက် တပ်ဆင်ထားတဲ့ ကွန်ပျူတာတစ်လုံးစီ ပေးပြီး အဖွဲ့လိုက် အဖြေရှာခိုင်းတာမျိုးပါ။  မေးတဲ့ မေးခွန်းရဲ့အဖြေကို မေးသူကိုယ်တိုင်က သိချင်မှ သိမှာဖြစ်ပါတယ်။ ဥပမာအချို့က  ကောင်းကင်က ဘာအရောင်လဲ၊ သစ်ပင်တွေက စကားပြောသလား၊ သစ်ပင်ဆိုတာဘာလဲ၊ ဘာကြောင့် တစ်ကမ္ဘာလုံးက ဘာသာစကား တစ်မျိုးထဲကိုမပြောကြတာလဲ၊ စက်ရုပ်တွေက လူတွေကို အစားထိုးနိုင်မလား စတာတွေ ဖြစ်ပါတယ်။

အန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က မိန်းကလေးတွေ ချည်းတက်တဲ့ ကျောင်းတစ်ခုမှာ SOLE မစမီ အင်္ဂလိပ်စကားအနေအထားကို တိုင်းတာကြည့်တော့ သုညနီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ နောက်နှစ်လအကြာမှာ အင်္ဂလိပ်စကားအခြေအနေကို ပြန်လည်တိုင်းတာဖို့ လျာထားခဲ့ပါတယ်။SOLE စတင်ပြီး သုံးရက်အကြာမှာ ဆူဂါတာမီထရာက စကိုက်ပ်ကနေ အားပေးကူညီနေတဲ့ စေတနာ့ဝန်ထမ်းထံသွားပြီး ဘယ်လိုနေ သလဲလို့ မေးမိပါတယ်။ အဲဒီတော့ စေတနာ့ဝန်ထမ်းအမျိုးသမီးက “ကလေးတွေက အတော်လိမ္မာတယ်။ တစ်ယောက်က နင်ဘယ်တော့ ထပ်လာအုံးမှာလဲလို့ ငါ့ကိုမေးလိုက်တယ်” လို့ ပြောပါတယ်။ ဆူဂါတာမီထရာက “ဘယ်ဘာသာနဲ့ ပြောတာလဲ” လို့ အထိတ်တလန့် ပြန်မေးမိပါတယ်။ အဲဒီတော့ စေတနာ့ဝန်ထမ်းက “အင်္ဂလိပ်ဘာသာနဲ့” လို့ ဖြေပါတယ်။ အဲဒါနဲ့ အဲဒီမိန်းကလေးတွေရဲ့ အင်္ဂလိပ်စကား အနေအထားကို ပြန်လည်တိုင်းတာဖို့ သုတေသနအဖွဲ့ကို နှစ်လအစား တစ်လအကြာမှာ လွှတ်လိုက်ပါတယ်။ တိုင်းကြည့်တဲ့အချိန်မှာ မယုံနိုင်အောင် မြင့်မားကွာခြား နေတာကို တွေ့ရပါတယ်။ ဆူဂါတာမီထရာက “ဘာကြောင့် အင်္ဂလိပ်စကားအဲဒီလောက် မြန်မြန်ဆန်ဆန် တတ်သွားရတာလဲ” လို့ မေးကြည့်တဲ့အခါ သူတို့က “ဟိုဖန်သားပြင်မှာ ပေါ်လာတဲ့အမျိုးသမီးပေါ့၊ သူက အင်္ဂလိပ်စကားကလွဲလို့ ဘာမှနားမလည်ဘူးလေ” လို့ ပြန်ပြောကြပါသတဲ့။

အန္ဒိယနိုင်ငံက အခြား SOLE ကျောင်း တစ်ကျောင်းမှာလည်း ကလေးတွေက စကိုက်ပ်က စေတနာ့ဝန်ထမ်းကို ရည်ညွှန်းပြီး “အဲဒီအမျိုးသမီးက ဘာကြောင့်အလွယ်ဆုံး အင်္ဂလိပ်စကားတွေနဲ့ ငါတို့ကိုပြောနေရတာလဲ။ ငါတို့နားလည်တယ်ဆိုတာ သူမသိဘူးလား” လို့ ပြောကြပါသတဲ့။ ကလေးတွေရဲ့ ဘာသာစကားသင်ယူမှုက မျှော်လင့်ထားတာထက် များစွာလျင်မြန်နေတာ တွေ့ရပါတယ်။

SOLE မှာ ကလေးတွေက သူတို့ရဲ့သင်ကြားမှုကို သူတို့ကိုယ်တိုင် တာဝန်ယူကြပါတယ်။ ဆရာ၊ ဆရာမက ဦးဆောင်ပြီး သင်ကြားနေတာမျိုး မဟုတ်ဘဲသူတို့က ဦးဆောင်ပြီး သင်ယူနေကြတဲ့အတွက် ပိုပြီးမြန်မြန်ဆန်ဆန် တတ်သိနားလည်သွားကြပါတယ်။ အဲဒီ လိုဆိုရင် ဆရာ၊ ဆရာမတွေ မလိုတော့ဘူးလားလို့ မေးစရာပါ။ လိုအပ်ပါသေးတယ်။ မေးခွန်းကြီးတွေ မေးပေးပြီး စိတ်ဝင်စားမှုကို  လှုံ့ဆော်တဲ့နေရာမှာ ဆရာ၊ ဆရာမတွေ လိုအပ်သလို၊ ကလေးတွေက သူတို့ရှာလာတဲ့ အဖြေတွေကို ပြန်ပြောပြရာမှာလည်း စိတ်ဝင်စားစွာ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ SOLE က သင်ယူမှုပုံစံအသစ် တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဆရာ၊ ဆရာမလုံးဝမရှိတဲ့ နေရာဒေသတွေမှာ ဒါမှမဟုတ်အကြောင်း ကြောင်းကြောင့် ဆရာ၊ ဆရာမတွေ အရည်အချင်း ပြည့်ပြည့်၀၀မရှိတဲ့ နေရာဒေသတွေမှာ ကလေးတွေအတွက် အလွန်ကို အကျိုးရှိနိုင်တဲ့ သင်ယူမှုပုံစံတစ်ခု ဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ နေရာတွေမှာလည်း ကလေးတွေ ပိုမိုစိတ်ဝင်စားအောင် ပံ့ပိုးပေးတဲ့ နည်းစနစ်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

Coursera (www.coursera.org) ကို ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌဒက်ဖနီကိုလာက နောက်ငါးနှစ်အတွင်းမှာ တက္ကသိုလ်တွေက အွန်လိုင်းကနေ ဘွဲ့တွေပေးတော့မယ်လို့  ၂၀၁၆၊ ဇူလိုင်က ခန့်မှန်းပြောဆိုထားပါတယ်။  အလွန်ကိုအားတက်စရာပါ။ edX (www.edx.org) က MicroMasters လို့ခေါ်တဲ့ မာစတာဘွဲ့ အသေးစားပုံစံ အစီအစဉ်တစ်ခုကို ဒီလထဲမှာ စတင်တော့မှာဖြစ်ပြီး Coursera မှာလဲ အဲဒါနဲ့ အလားသဏ္ဍာန်တူတဲ့  Special-ization ဆိုတဲ့ အတွဲလိုက် သင်ကြားမှုပုံစံတွေ ရှိနေပြီဖြစ်ပါတယ်။

တိမ်ပေါ်ကကျောင်း ဒါမှမဟုတ် အင်တာနက်ပေါ်က ကျောင်းတွေက အရည်အသွေး မြင့်မားတဲ့ ပညာရေးတွေကို လူတိုင်းလက်လှမ်းမီနိုင်လာစေမယ့် လင်းလက်တဲ့ အနာဂတ်မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။

(Ref: www.theschoolinthecloud.org,www.wired.com/2013/02/a-school- in-the-cloud-and-the-future-of-learning, TED talks and TEDx talks of SugataMitra, www.theguardian.com,www.bbc.com/news/business-36703778)


ကျွန်း


Sources; Eleven Media Group

No comments:

Post a Comment