Latest News

Sunday, January 15, 2017

နောက်ဆုံးကစားကောင်

နောက်ဆုံးကစားကောင်


(၁)

ကစားနည်းတိုင်းမှာ ဘယ်လိုကစားရမယ်ဆိုတဲ့ ကစားနည်းစည်းမျဉ်း စည်းကမ်းတွေရှိတယ်။ ကစားသူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အရှုံးအနိုင် အဆုံးအဖြတ်ပြုတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ တခြားလိုအပ်ရာ ထုတ်ပြန်ထားတဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲဒါတွေအားလုံး စုပေါင်းထားတဲ့ ကစားနည်းဥပဒေရှိတယ်။

(၂)

စစ်တုရင်ကစားနည်းမှာလည်း အတူတူပါပဲ။ စစ်တုရင်ဥပဒေ (Laws of Chess) ဆိုတာရှိတယ်။

အခြေခံအားဖြင့် တူကြပေမယ့် အစဉ်အဆက် ဒေသအလိုက် ကွဲပြားခြားနားစွာကျင့် သုံးခဲ့ကြတာတွေရှိတယ်။ ၁၉၂၄ ဇူလိုင် ၂၀ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကမ္ဘာ့စစ် တုရင်အဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ပြီးတဲ့နာက်မှာတော့ တစ်ကမ္ဘာလုံးအတွက် စစ်တုရင်ဥပဒေကို အညီအညွတ် ဖြစ်စေခဲ့ပါတယ်။

(၃)

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပေမယ့် ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာ စသဖြင့် အကြံပြုလိုတဲ့ ဥပဒေဆိုင်ရာ အကြောင်းအရာတွေကို အဖွဲ့ဝင်နိုင်ငံတွေက အဆိုပြုတင်ပြနိုင်ပြီး ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ ကနဦးအဆင့် ဆွေးနွေးကြပြီး အများသဘောညီရင် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ညီလာခံမှာ ကျယ်ကျယ်ပြန့်ပြန့် ၀ိုင်းဝန်းဆွေးနွေး မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပါတယ်။

(၄)

ဥပဒေဆိုတာကလည်း လိုအပ်လာရင် ပြင်ဆင်မှုလုပ်ရစမြဲပါ။ စစ်တုရင်ဥပဒေ စတင်ပြဋ္ဌာန်းစဉ်က ဒီဂျစ်တယ်စစ်တုရင်နာရီ (Digital Chess Clock) မပေါ်သေးလို့ ဒီဂျစ်တယ် စစ်တုရင်နာရီနဲ့ပတ်သက်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ မရှိသေးပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီဂျစ်တယ်စစ်တုရင်နာရီနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်း ဥပဒေတွေရှိနေပါပြီ။ လက်ကိုင်ဖုန်းနဲ့ ပတ်သက်တာတွေ၊ ခေတ်ပေါ် လျှပ်စစ်ကိရိယာတွေ အသုံးအဆောင်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလားတူ တွေ့ရပါတယ်။

(၅)

ခက်တာက ဥပဒေတွေဟာ ရေးဆွဲနိုင်တဲ့သူတွေ၊ အတည်ပြုပြဋ္ဌာန်းဖို့ အာဏာရှိသူတွေရဲ့ အလိုကျ ပေါ်ပေါက်ရ၊ ပယ်ဖျက်ရ၊ ပြင်ဆင်ရတာဆိုတော့ ဘ၀င်မကျစရာတွေလည်း တွေ့ရတတ်ပါတယ်။ ဥပဒေဟာ ရိုးရှင်းခြင်း၊ မြင်သာထင်သာရှိခြင်း၊ လွယ်ကူစွာ သဘောပေါက်နိုင်ခြင်း၊ တစ်သမတ်တည်းရှိခြင်း စတဲ့အချက်တွေနဲ့ ပြည့်စုံဖို့လည်း လိုမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ သဘောသဘာဝတွေရှိနေတာ စစ်တုရင် ဥပဒေမှာ မြင်တွေ့ရပါတယ်။

(၆)

အမှန်ကတော့ စစ်တုရင်ကစားနည်း ဥပဒေတွေဟာ ရိုးရိုးရှင်းရှင်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ကြောင်းကျိုးမလျော်ကန် တဲ့အချက်တွေ၊ ယုတ္တိ ယုတ္တာမတန်တဲ့ ဥပဒေတွေ စစ်တုရင်မှာ တွေ့နေရပါသေးတယ်။ (ဒါတွေကိုပြင်ဆင်ဖို့ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အကြိမ်များစွာ အဆိုတင်သွင်းခဲ့ပေမယ့် အကောင်အထည် ပေါ်မလာခဲ့ပါဘူး)။ ဥပမာ ပြောရရင် ကိုင်ကောင်ရွှေ့ရတဲ့ကိစ္စ။ ရွှေ့မယ် ရည်ရွယ်ပြီးတော့ဖြစ်စေ ယောင်မှားပြီးတော့ ဖြစ်စေ ကိုင်မိရင် ကိုင်မိတဲ့အရုပ်ကို ရွှေ့ရတယ်။ အဲဒီအရုပ်မှာ ရွှေ့စရာမရှိရင်၊ ရွှေ့လို့မရရင် တခြားအကောင်ကို ရွှေ့ခွင့်ပေးတယ်။ အပျော်ကစားရာမှာ ဘာမှမပြောလိုပေမယ့် ပြိုင်ပွဲအတွက်တော့ ဘ၀င်မကျစရာပါ။ ဒါလောက်လေးမှမသိရင်၊ သတိမထားရင် အရှုံးပေးလိုက်ပေါ့။ စစ်ဆိုတာအမှားခံတာမှ မဟုတ်တာ။

အရုပ်ကိုကိုင်ရွှေ့ပြီး လက်လွှတ်ပြီးချိန်မှာ ပြင်ဆင်ခွင့်မရှိတော့ပါဘူး။ ရွှေ့ကွက်ပြုလုပ်ခြင်း။ ရွှေ့ခြင်း (The move is made) လို့ ခေါ်ဆိုပါတယ်။ အရုပ်ရွှေ့ပြီး စစ်တုရင် နာရီကိုနှိပ်ပြီးချိန်မှာတော့ ရွှေ့ကွက်ပြည့်စုံစွာ ပြီးမြောက်ခြင်း (The move is completed) လို့ စကားလုံးသုံးပါတယ်။ အရုပ်ကိုကိုင်ရွှေ့ပြီး လက်လွှတ်ပြီးချိန်မှာ ပြင်ဆင်ခွင့်မရှိတော့ ဘူးဆိုပေမယ့် တရားမ၀င်ရွှေ့ကွက် (Illegal Move) တွေအတွက်တော့ နာရီမနှိပ်ရသေးဘူးဆိုရင် ပြင်ဆင်ခွင့်ပေးပါတယ်။ ဒါလည်း သိပ်မဟုတ်သေးဘူးဗျ။ မိုင်းကွင်းထဲ ခြေစုံချပြီးမှ ဘွာခတ်လို့ဘယ်ရမှာလဲဗျာ။

(၇)

၂၀၀၇ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မာဒေးကားစစ်တုရင် ပြိုင်ပွဲကျင်းပစဉ်က ဖြစ်ပါတယ်။ လျှပ်တစ်ပြက် (Blitz) ပြိုင်ပွဲမှာ တရားမ၀င်ရွှေ့ကွက်ရွှေ့ရင် ချက်ချင်းရှုံးပါတယ်။ ပွဲတစ်ပွဲမှာ မာစတာ အဆင့်ရှိတဲ့ ကစားသမားတစ်ယောက်က အုပ်ကွက်မိထားတဲ့မြင်းကို ရွှေ့ဖို့ကိုင်ခဲ့တယ်။ မှားယွင်းကိုင်တာမဟုတ်ပါဘူး။ ရွှေ့ဖို့ သေသေချာချာ ကိုင်ပြီးမှ မြင်းကိုရွှေ့ရင် သူ့ရဲ့ ဘုရင်ဟာ ပြိုင်ဘက်ရဲ့ဘုန်းကြီး (Bishop) အရုပ်နဲ့ တန်းနေမှာဖြစ်လို့ မြင်းကိုပြန်ချပြီး တခြားအကောင်ကို ရွှေ့သွားခဲ့ပါတယ်။ ကိုင်ကောင်ရွှေ့ စည်းကမ်းအရ မြင်းကိုသာရွှေ့ရင် တရားမ၀င်ရွှေ့ကွက်ဖြစ်တာကြောင့် သူရှုံးမှာဖြစ်ပါတယ်။ ပြိုင်ဘက်က ဒိုင်ကိုခေါ်ပြီးကန့် ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

(၈)

ဒီထက်ပိုဆိုးတဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကို ၂၀၁၄ ခုနှစ် ဇွန်လက မကာအိုမှာ သက်တမ်းအလိုက် လူငယ်စစ်တုရင်ပြိုင်ပွဲ ကျင်းပခဲ့စဉ်က တွေ့ကြုံခဲ့ရဖူးပါတယ်။ လျှပ်တစ်ပြက်ပြိုင်ပွဲမှာ စင်ကာပူက လူငယ်လေးနဲ့ ဖိလစ်ပိုင်ကလူငယ်လေး တွေ့ဆုံခဲ့ပါတယ်။ စင်ကာပူကလေးမှာ ဘုရင်နဲ့ ဘုန်းကြီးတစ်ရုပ်သာ ကျန်ရှိပြီး ဖိလစ်ပိုင် ကလေးမှာ ဘုရင်နဲ့ နယ်တစ်ရုပ်သာ ကျန်ပါတယ်။ ပြောရရင် သရေပွဲပါ။ နယ်သာ အဆင့်တိုးမြှင့်နိုင်ခဲ့ရင် ဖိလစ်ပိုင်ကလေးကတောင် နိုင်ဦးမှာပါ။ ဒါပေမဲ့ ဖိလစ်ပိုင်ကလေးက အချိန်အရမ်းနည်းနေခဲ့ပါတယ်။ စင်ကာပူက လေးကလည်း နယ်ကို စားခွင့်ရတာတောင် မစားခဲ့ပါဘူး။ စားလိုက်ရင် သရေဖြစ်သွားမှာကိုး။ ဘုရင်နဲ့ဘုန်းကြီးတစ်ရုပ်က တစ်ဖက်ဘုရင်ကို မသတ်နိုင်ဘူးလေ။ ဒီလိုနဲ့ ဖိလစ်ပိုင် ကလေးရဲ့အချိန် ကုန်သွားခဲ့တယ်။ ဒိုင်က စင်ကာပူကလေးကို အနိုင်သတ်မှတ်ပေးလိုက်တယ်။

ဒါကိုမကျေနပ်တဲ့ ဖိလစ်ပိုင်အသင်းခေါင်းဆောင် ဂရင်းမာစတာ ဂျေဆင်ဂွန်ဇားလေးက ကန့်ကွက်လွှာတင်ပြီး အယူခံဝင်တယ်။ စစ်တုရင်ဥပဒေမှာ ဖြစ်နိုင်တဲ့ခွေသေ ပုံစံ (Mating Pattern) ရှိခဲ့မယ်ဆိုရင် အနိုင်ပေးရမှာ ဖြစ်ပေမယ့် ဒီပွဲမှာခွေသေပုံစံရောက်အောင် ဖိလစ်ပိုင်ကလေးက နယ်ကိုကွက်ကုန်ရွှေ့၊ မြင်းအဖြစ်အဆင့်မြှင့်၊ ဘုရင်ကိုထောင့် အထိပြေး၊ မြင်းနဲ့ ဘုရင်ပြေးကွက်ကိုပိတ်ပြီး အသတ်ခံရမယ်ဆိုတာ လုံးဝသဘာဝမကျကြောင်း၊ အရူးတောင်မှ ရွှေ့မှာမဟုတ်ကြောင်း ပြောဆိုကန့်ကွက်ပါတယ်။ ဒါပေမဲ့လည်း မရပါဘူး၊ မြင်းတစ်ရုပ်ချင်း ကျန်နေတာတောင်မှ ခွေသေပုံစံဖြစ်နိုင်တဲ့အတွက် အချိန်ကျသူကို အရှုံးပေးဖူးတဲ့ သာဓကကလည်း ကမ္ဘာ့စစ်တုရင်လောကမှာ အထင်အရှား ရှိခဲ့ဖူးပါတယ်။ ဒီတော့ အယူခံအဖွဲ့ကလည်း စင်ကာပူ ကလေးကိုပဲ အနိုင်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

(၉)

အဲဒီပွဲမှာ စင်ကာပူကလေးအတွက် သူ့ရဲ့ ဘုန်းကြီးက တစ်ရုပ်တည်းသာကျန်တဲ့ နောက်ဆုံးကစားကောင်။ ဖိလစ်ပိုင်ကလေးအတွက် သူ့ရဲ့နယ်က တစ်ရုပ်တည်းသာကျန်တဲ့ နောက်ဆုံးကစားကောင်။ တစ်ဖက်မှာ ထီးတည်းဘုရင်သာကျန်ပြီး အချိန်ကုန်သွားမယ်ဆိုရင် နယ်ရုပ်လက်ကျန်ရှိတဲ့ ကလေးကမှ နိုင်ရမှာပါ။ သူ့ရဲ့နယ်က အဆင့်တိုးမြှင့်ပြီး လုံလောက်တဲ့သတ်ကောင် (Mating Material) ဖြစ်သွားမှာကိုး။ ဘုန်းကြီးရုပ်ကတော့ လုံလောက်တဲ့ သတ်ကောင်မဟုတ်ပါဘူး။ ဒါကြောင့် ထီးတည်းဘုရင်နဲ့ဆိုရင် သရေသာ ဖြစ်တော့မှာပါ။

ကြောင်းကျိုးမလျော်ကန်တဲ့ စစ်တုရင် ဥပဒေတစ်ခုရဲ့ မျက်နှာသာပေးမှုအောက်မှာ အနိုင်ရဖို့မဖြစ်နိုင်တဲ့သူက အနိုင်ရခဲ့တာဟာ အတော်ကြီး ဘ၀င်မကျစရာပါ။ လောကကြီးမှာ ကမောက်ကမတွေဆိုတာ ရှိနေတတ်ပါတယ်။

(၁၀)

၁၈၆၂ စက်တင်ဘာ ၁၁ ရက်မှာမွေးဖွားခဲ့တဲ့ အမေရိကန် စာရေးဆရာ အိုဟင်နရီ (O Henry) ရဲ့နောက်ဆုံးသစ်ရွက် (The Last Leaf) ၀တ္ထုတိုဟာ ကမ္ဘာကျော်တစ်ပုဒ် ဖြစ်ပါတယ်။ ဒီစစ်တုရင်ပွဲက နောက်ဆုံးကစားကောင် (The Last Piece) ကတော့ ကမ္ဘာကျော်မှာ မဟုတ်ပေမယ့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ စစ်တုရင်ကစားနည်း ဥပဒေတွေ ဖြစ်လာစေရေးအတွက် အထောက်အကူ ဖြစ်ပါစေကြောင်း ဆုတောင်းရပါတယ်။

မောင်စံပေါ

Sources; Eleven Media Group

No comments:

Post a Comment