Latest News

Sunday, January 15, 2017

နှင်း ... လျှောက်ရာလမ်း

နှင်း ... လျှောက်ရာလမ်း


(၁)

ဇန်န၀ါရီလတွင်းသို့ ချဉ်းခဲ့ပြီဖြစ်၍ ဆောင်း၏ ဥပဓိရုပ်သည်လည်း ပီပြင်ထင်ရှားခဲ့ရပေပြီ။ တချို့နံနက်ခင်းများ၌ နှင်းပွင့်နှင်းစက်တို့ဖြင့် ရှုလေတိုင်း မှိုင်းမှုန်၍နေပေတော့သည်။ နံနက်စောစော လမ်းလျှောက်ထွက်လာခိုက်မှာ ပင်သစ်ရိပ် စိမ်းစိုဝန်းကျင်ကလေးအတွင်း ဖြတ်သန်းရခိုက် ဥသြငှက်ငယ်လေးများ၏ နံနက်ချိန်ခါ နှုတ်ခွန်းဆက်တေးသံလေးများကို နားဆင်ရခိုက် ချမ်းမြခြင်းပီတိ သုခကို ခံစားလိုက်ရပေသည်။ ဥသြ ... ဥသြ ... ဥသြ ...

(၂)

ဆောင်းဟုဆိုလိုက်သည်နှင့် ငယ်စဉ် ဘ၀ရုပ်ပုံ ကားချပ်များဆီသို့ လည်ပြန်လွမ်းပြခဲ့ရပြန်ပေသည်။ နံနက်ခင်းအိပ်ရာမှ နိုးထသည်နှင့် ကိုယ်လက်သန့်စင် အဆာပြေစားသောက်ပြီး လွယ်အိတ်ကိုယ်စီလွယ်၍ စာသင်ကျောင်းတော်ဆီ ချီတက်ခဲ့ကြရပေသည်။ ဆောင်းလရက်စွဲများ ရောက်ပြီဆိုသည်နှင့် စာသင်ခန်းမတွင်းသို့ မ၀င်ရောက်မီ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့် ဦးစွာ မိတ်ဆက်ကြရပေသည်။ လေ့ကျင့်ခန်းများဖြင့် သွေးလည်ပတ်မှုများ အရှိန်ရလာပြီးမှ စာသင်ခန်းတွင်းသို့ ၀င်ရောက်ကြကာ စာပေလေ့လာသင်ကြားခြင်း ကိစ္စကို ဆက်လက်၍ ဆောင်ရွက်ကြရပါသည်။

အလယ်တန်း စာသင်သားဘ၀ ရောက်ရှိချိန်မှာတော့ ကျေးလက်မှသည် မြို့ပြဆီသို့ မြေပုံပြောင်းရွှေ့ကာ ပညာဆည်းပူးခဲ့ရပေသည်။ သည်အခါတွင်တော့ ကျေးလက်နှင့် မြို့ပြ၏ ခရီးအကွာအလှမ်းမှာ ခြောက်မိုင်ကျော် ခုနစ်မိုင်ခန့်ရှိသဖြင့် ထိုစဉ်က ပြေးဆွဲလျက်ရှိသည့် ထီလာ-မန်း မော်တော်ယာဉ်  လိုင်းကားများကို အားကိုးအားထားပြုခဲ့ရပေသည်။ ဆောင်းလရက်စွဲများဆိုလျှင်ဖြင့် ဆောင်း၏ သရုပ်ပီပြင်စေရန် ငွေနှင်းမှုန်လွတို့က ကားလမ်းမ၏ ဘေးဘက်ဆီမှ မှိုင်းပြဝေရီစွာဖြင့် အလှဆင်ခြယ်သထားပုံများက ယနေ့ထက်တိုင်ပင် အမြင်အာရုံများအတွင်း၌ မိတ္တူကူး သိမ်းဆည်းထားနိုင်ခဲ့ပေသည်။ နှင်းရည်စက်လက် နံနက်ခင်းများပါပေ။

(၃)

နတ်တော်ပြာသို ရက်စွဲများရောက်ပြီ ဆိုလျှင်တော့ မိုးဦးကာလဆီက ပျိုးစိုက်ထားခဲ့ကြသည့် ကောက်နှံစပါးခင်းများလည်း ရင့်မှည့်ရာအခါရာ သီရောက်ခဲ့ပေပြီ။ ကောက်ရိတ်သိမ်းခြင်း မြင်ကွင်းများကိုလည်း ရှုမြင်ကြရပေပြီ။ ကျွန်တော်တို့ရွာ၏ ကောက်ရိတ်သိမ်းခြင်း အမှုကို ပုံဖော်ကြရာမှာတော့ လက်စားလိုက်စနစ်ဖြင့်သာ အများဆုံးပြုကြပေသည်။ ရွာအတွင်း၌လည်း ဆွေမျိုးသားချင်းက အများစုရှိကြသည်မို့ ခင်မင်ရင်းချာပြီးနှင့် သူများလည်း ဖြစ်နေကြပေသည်။ တချို့သော ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်သည့်ရက်များတွင် ဖခင်တို့ ကောက်ရိတ်ရာလုပ်ငန်းခွင်ဆီ လိုက်ပါခဲ့ရပုံများကိုလည်း မေ့ပျောက်မရနိုင်ခဲ့ပြန်ပါပေ။

ထိုနေ့နံနက်စောစောဆိုလျှင် လုပ်ငန်းခွင်မ၀င်မီ နံနက်စာအဆာပြေ ၀မ်းဗိုက်ဖြည့် ပုံများကလည်း နှစ်သက်ချိုမြိန်ဖွယ် ကောင်းလှပေသည်။ ထိုမနက်ခင်းမျိုးဆိုလျှင် ကောက်ရိတ်သိမ်းမည့် လယ်ရှင်အိမ်မှ နံနက်စောစော ကောက်ညှင်းပေါင်း ပူပူနွေးနွေး ငါးကြော်ပူပူ နွေးနွေးများက ကြွပ်ကြွပ်ရွရွ ရေနွေးကြမ်းပူပူဖြင့် ကျွေးမွေးပြုစုရာသို့ ကျွန်တော်လည်း လိုက်ပါစားသောက်ခဲ့ ဖူးပေသည်။ နှမ်းဆီ ရနံ့သင်းသင်းနှင့် ကောက်ညှင်းပေါင်းအငွေ့ တထောင်းထောင်းကို လက်နှင့်အပြည့်ဆုပ်ကာ နှမ်းဆီကလေးနှင့်တို့၍ စားသောက်ခဲ့ရပုံများက ခုပြန်တွေး ခုပင်မြင်ယောင်လာရပေသည်။ အောက်မေ့လွမ်းမြရသည့် မမေ့လျော့နိုင်ဖွယ် ဘ၀၏ပုံရိပ်များသာပင်။ ထိုသို့ နံနက်စောစောစာ စားသုံးကြပြီး ဖခင်တို့နှင့်အတူ လှည်းတန်းကြီးဖြင့် ရွာအတွင်းမှ စီတန်းမောင်းနှင် ထွက်ခွာလာကြပြီး နှင်းငွေ့တဝေေ၀ထဲ ဖြတ်သန်းဝင်ရောက်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရပုံ ကားချပ်များမှာလည်း ဆောင်းလနံနက်ခင်းတစ်ခင်း၏ လွမ်းမြဖွယ် ငယ်ဘ၀၏ ပုံရိပ်များဖြစ်ခဲ့ရပေသည်။

(၄)

မိခင်ကြီးနှင့် ကျွန်တော်တို့နှစ်ဦးသား စပါးလှေ့ခဲ့ကြသည့် နှင်းခရက်စွဲတစ်ရက်ကိုလည်း ပြန်လည်အောက်မေ့ရပြန်ပါသည်။ မိခင်ကြီးက လှည်း၏နောက်မီးဖြင့် အမြင့်ဆီမှရပ်ကာ ဗန်းတစ်ချပ်ဖြင့် စပါးများကိုလေ ထဲဝှေ့ချနေပါသည်။ ကျွန်တော်က စပါးစေ့များနှင့် ရောနှောလျက်ရှိသည့် စပါးအဖျင်းအမှော်များအား ဆန်ခါတစ်ချပ်ဖြင့် ဝှေ့ယမ်း သန့်စင်နေခဲ့ပါသည်။ ထိုအခိုက် ရွာအတွင်းမှ စက်ဘီးစီးကာ ထွက်လာခဲ့သည့် ကိုဂျပန် ကျွန်တော်တို့ အနီးသို့ရောက်လာခဲ့ကာ ကျွန်တော့်အား စက်ဘီးဖြင့်တင်၍ ခေါ်ဆောင်သွားခဲ့လေသည်။ “၀က်မစွပ်တံတား” အနီး သို့ရောက်ခါမှ ဦးကျော်လှိုင်၏ ကြံစိုက်ခင်းမှ ကြံချောင်းများကို ချိုးယူစေပြီး ကြံချောင်းများ ယူဆောင်ကာ မိခင်ကြီးထံပါးသို့ ပြန်လာခဲ့ပုံ၊ ထိုကြံချောင်းများအား အတူတကွ စားသုံးခဲ့ပုံများသည်လည်း ငယ်ဘ၀ ဆောင်းလရက်စွဲများဆီမှ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုအဖြစ် စာရင်းတိုးထည့်သွင်းရပေဦးမည်။

ဆောင်းလရက်စွဲများတိုင်လျှင် ကျွန်တော်တို့ ပို၍ပျော်ရွှင်မိရပါသည်။ ဆောင်းနှင်းရက်များ ရောက်သည်နှင့် ပဲစိမ်းစိမ်းကလေးများက အညာတစ်ဝန်းမှာ ခေါင်းထောင်လာခဲ့ကြပေပြီ။ ထိုပဲစိမ်းစိမ်းကလေးများကို ဈေးတကာ၌ အလွယ်တကူပင် ၀ယ်ယူ၍ ရရှိနိုင်ပေသည်။ အညာသားများ အကြိုက်ပင်။ ထိုပဲစိမ်းကလေးများကို နှစ်သက်ရာပုံစံဖြင့် ဟင်းအမည်ဖန်တီးကာ စားသောက်ကြရသည်မို့ အာသာလည်းပြေ အာဟာရလည်း ဖြစ်မို့ ဆောင်း၏ ချစ်မက်ဖွယ်ရာတွေထဲက နှစ်သက်စရာ တစ်ခုဖြစ်ခဲ့ရပြန်တာလည်း အပြစ်ဆိုဖွယ်မဟုတ်ပါဟူ၍သာ ဖြေဖော့၍ တွေးမိရပြန်ပါသည်။

ပြာသိုလထဲရောက်သည်နှင့် ကျောင်းဝင်းထဲက တမာပင်ကြီးမှာ ရွက်ရော်ရွက်ဟောင်းများပြန့်ကာ ရွက်နုသစ်လေးများ ဆင်းလာခဲ့ပေပြီ။ သည်အချိန်ရောက်လေတိုင်း တမာရွက်နုကလေးများကို ၀ါးတံချူအကူဖြင့် ခူးခြွေကာ ရေနွေးဖြော အကျအန ချက်ပြုတ်ထားသည့် ငါးပိလိမ္မာချက်ဖြင့် တို့မြှုပ်ကာ ဘုန်းပေးတတ်သည့် ရွာကျောင်းဦးမှ ဦးပဉ္ဇင်း ဦးဇောတိက၏ ရုပ်ပုံလွှာကိုလည်း ဆောင်းလရက်စွဲများထဲက အမှတ်တ၇အဖြစ် မှတ်တမ်းပြုရပြန်ပေသည်။

(၅)

ဆောင်း၏ပုံရိပ်များက ကျွန်တော်တို့ နိုင်ငံသားအပေါင်းအတွက် မမေ့လျော့နိုင်ဖွယ်တွေ များလွန်းလှသည်။ ထိုများပြားလှစွာသော ဖြစ်စဉ်များထဲကမှ ထာဝရ မမေ့မပျောက်သင့်သည့် အချက်တစ်ချက်မှာ နိုင်ငံသား သူရဲကောင်းအပေါင်းတို့၏ အသက်ခန္ဓာများ အရင်းအနှီးပြုကာ ရယူခဲ့ရသည့် “လွတ်လပ်ရေး” ရတနာပန်း တစ်ခိုင်ပင် ဖြစ်ပေသည်။ ထိုလွတ်လပ်ရေးဆိုသည့် တန်ဖိုးဖြတ်၍ မရနိုင်သည့် ရတနာတစ်ပါး ပျောက်ရှဆုံးပါး မသွားစေရေးမှာ ကျွန်တော်တို့အားလုံး၏ တာဝန်တစ်ရပ်သာ ဖြစ်ပေသည်။ ကျွန်တော် တို့အားလုံး၏ ပခုံးသားပေါ် ကျရောက်လာခဲ့ပြီဖြစ်သည့် ထိုတာဝန်တစ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့အတွက် အသိတရား ရှိရှိသတိထားရှိကာ တာဝန်ကျေပွန်ကြဖို့ အထူးပင်လိုအပ်ပါသည်။

(၆)

ယနေ့ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံတို့မှ ၀ိုင်းဝန်းကြိုးပမ်းလျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းဖို့လိုအပ်ပေသည်။ သို့မှသာ တစ်တိုင်းတစ်ပြည်လုံးက မျှော်လင့်လျက်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လှမ်းချီရေး ရှေ့သို့ရောက်နိုင်မည်မို့ နိုင်ငံသားအပေါင်းတို့ကလည်း ၀ိုင်းကြ ၀န်းကြရပါမည်။ ဒီအခါ ဆောင်းတွင်းကာလ၏ အလှပုံရိပ်များစွာထဲမှ အလှပဆုံးသော ပုံရိပ်တစ်ခုကို ကျွန်တော်တို့အားလုံး ပြုံးပြရွှင်လန်းစွာဖြင့် ထာဝရ ရင်ဝယ်ပိုက်ထွေးနိုင်ကြမည် မဟုတ်ပါလား။


ရွှေဒါးမောင်လေးရည်

Sources; Eleven Media Group

No comments:

Post a Comment