Latest News

Thursday, January 12, 2017

အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့

အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့


ရန်ကုန်။    ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဆေးကျောင်း တက်ရန် လျှောက်ထားရာတွင် မှတ်ပုံတင်မရှိသည့် အတွက်ဆိုပြီး ဆေးတက္ကသိုလ်ကို တက်ရောက်ခွင့် မရသေးသည့် မနှင်းနှင်းဝေအား ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ထား ခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းကို အမှတ်ပေါင်း (၅၂၇) မှတ်ဖြင့် အောင်မြင်ထားခဲ့သည့် မနှင်းနှင်းဝေမှာ ဆေးတက္ကသိုလ်မေဂျာလျှောက်ထား ခဲ့သော်လည်း  အခြေခံပညာဦးစီးဌာနမှ English Major ကိုသာ ပြန်လည်ချထားခြင်း ပေးခဲ့ပါတယ်။

“အန်တီတို့လည်း လှိုင်မြို့နယ်က ဦးစီးဆီမှာ မှတ်ပုံတင်လုပ်ဖို့ အကြိမ်ကြိမ်သွား လုပ်ပါတယ်။ နောက်ဆုံး ထောက်ခံစာလေးတောင်း တာတောင်မှ လျှောက်ထားဆဲဆိုတဲ့ ထောက်ခံစာ မပေးဘူး။ သမီးက မွေးစာရင်း အသစ်ထဲမှာလည်း မပါသေးတော့ အဲ့ဒါအရင် တိုးခိုင်းတယ်။ ပြီးတော့မွေးစာရင်းတိုးပြီး ခွင့်ပြုမိန့်ကျပြီးမှ ဖခင်ပြုနိုင်ငံသား စာအုပ်မှာ နာမည်ဖြည့်ရမယ်။ ပြီးမှ ပြုလက်မှတ် စာရင်းပါမှ နိုင်ငံသားပြုခွင့်လျှောက်ထားရမယ်ဆိုတဲ့ ထောက်ခံစာပဲပေးတယ်။ လ.ဝ.က ကပေးလိုက်တဲ့ ထောက်ခံစာကို အခြေခံပညာဦးစီးဌာနက အကျူံးမဝင်ဘူးပြောတယ်” လို့ မနှင်းနှင်းဝေ ရဲ့ မိခင်က ရှင်းလင်းပြောပြခဲ့ပါတယ်။

၎င်းတို့မိသားစုအနေနှင့်လည်း မှတ်ပုံတင်လျှောက်ထားဆဲဆိုသည့် ထောက်ခံစာရအောင် လှိုင်မြို့နယ် လ.ဝ.က တွင် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့သောလည်း ယနေ့တိုင် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။

မနှင်းနှင်းဝေအား ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားနိုင်ရန်အတွက် တားဆီးပိတ်ပင်ခံနေရတဲ့ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန်အတွက် မေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံထံနှင့်အတူ နိုင်ငံတော်သမ္မတ၊ ပညာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောာင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ထံသို့ ပေးပို့ထားတယ့် သိရှိရပါတယ်။

Sources; My Media

No comments:

Post a Comment