Latest News

Sunday, January 15, 2017

စာမဖတ်ခင် စိတ်ကောင်းသင်

စာမဖတ်ခင် စိတ်ကောင်းသင်



ကျွန်တော့်ရပ်ကွက်ထဲမှာ စာပေ ဟောပြောပွဲတစ်ခုလုပ်ဖို့ စီစဉ်ကြသည်။ ဘယ်စာရေးဆရာကို ဖိတ်မလဲဆိုပြီး ကျွန်တော့်ကို လာတိုင်ပင်သည်။ ကျွန်တော်ကတော့ စာပေဟောပြောပွဲလုပ်လျှင် ကုန်ကျမည့်ငွေ၊ ပေးရမည့်အချိန်၊ လုပ်အားစသည်တို့ကို တွက်ချက်ပြသည်။ ငွေလေးငါး ဆယ်သိန်းမကုန်ဘဲ ပွဲတစ်ပွဲလုပ်၍မရ။ ကုန်ကျမည့်ငွေတွေကို ရပ်ကွက် စာကြည့်တိုက်လေးထဲ စာအုပ်တွေဝယ်ဖြည့်စေလိုသည်။ ရပ်ကွက်စာကြည့်တိုက်ဖြစ်ဖို့ စာကြည့်တိုက် ထူထောင်သူတွေ အတိုက်အခိုက် အခက်အခဲ အမျိုးမျိုးကြားက မတွန့်မဆုတ်လုပ်လာရသည်မို့ စာကြည့်တိုက်အသေ မဖြစ်စေလို။ စာအုပ်ငှားသူတွေ၊ စာအုပ်အသစ်တွေနှင့် အမြဲစည်ကားနေသော စာကြည့်တိုက်အရှင်သာဖြစ်စေလိုသည်။ လက်ရှိစာကြည့်တိုက်က သူများလှူထားသည့် စာအုပ်များဖြင့်သာ လည်ပတ်နေရသည်မို့ စာအုပ်အသစ်တွေ များများဖြည့်စေလိုသည်။ သူတို့ကတော့ စာပေဟောပြောပွဲလုပ်တာ စာဖတ်ရှိန် မြှင့်ချင်လို့ဟု ပြောသည်။ ကျွန်တော်ကတော့ မယုံကြည်။ မြန်မာနိုင်ငံလောက် တရားပွဲနှင့် စာပေဟောပြောပွဲ လုပ်သည့်နိုင်ငံ ကမ္ဘာမှာမရှိ။ တရားပွဲတွေ အပြိုင်အဆိုင်လုပ်ပြီး ခုချိန်ထိ လူများစုကကိုယ်ကိုးကွယ်သည့်ဘာသာအကြောင်းတောင်  ခြေခြေမြစ်မြစ်မသိ။ စာဖတ်ဖို့ဆိုတာလည်း စာရေးဆရာတွေ     အာပေါက်အောင်ပြော၊ လက်အန်သေအောင်ရေးနေသော်လည်း ဒုံရင်းဒုံရင်း။ကလေးဘ၀ကစပြီး စာဖတ်မှ လူကြီးဘ၀ထိ ရောက်အောင် စာဖတ်မှာမို့  ကလေးတွေ စာဖတ်ဖြစ်အောင် လုပ်ဖို့တိုက်တွန်းကြသည်။ ဒါပေမဲ့ မိဘတွေကိုယ်တိုင်က စာဖတ်တာ အကျိုးရှိတယ်ဆိုတာ မသိသရွေ့ ကလေးတွေစာဖတ်ဖို့ မလွယ်။

သည်နေရာမှာ ကျွန်တော့် ဆရာတစ်ယောက်ကို သတိရ သည်။ သူက စာအလွန်ဖတ်သည်။ကျွန်တော်တို့ကိုလည်း စာဖတ်ဖို့  စာအုပ်တွေ ညွှန်တတ်သည်။ တစ်နေ့သူက ကျွန်တော့်ကို မေးသည်။ မင်းဘာဖြစ်လို့ လူတွေကို စာဖတ် စေချင်တာလဲတဲ့။ ရုတ်တရက်မို့ ကျွန်တော့်နှုတ်က လူကောင်းတွေ၊ အသိဉာဏ်ရှိတဲ့သူတွေ ဖြစ် အောင်ပေါ့ဟု ဖြေလိုက်သည်။ သူ က လူကောင်းနဲ့ အသိဉာဏ်ရှိတာ နဲ့ မင်းမရောနဲ့လေ။ လူကောင်း တိုင်း အသိဉာဏ်ကြွယ်ဝတာ မဟုတ်သလို။ အသိဉာဏ်ကြွယ်ဝ တိုင်းလည်း လူကောင်းဖြစ်တာ မဟုတ်ဘူးဟု ပြောသည်။ လူ ကောင်းဖြစ်အောင် စာဖတ်ခိုင်း တာပေါ့ ဆရာဟု ဆိုတော့ ဟစ် တလာစာမဖတ်ဘူးလို့ မင်းထင် လို့လားဟု ပြန်မေးသည်။ နောက် တော့ သူပြောပြသည့် ထင်ရှား ကျော်ကြားသည့် စာကြမ်းပိုးလူ ဆိုးကြီးများအကြောင်း၊ ကျွန်တော်ပင် သူ့စကားကြောင့် ယောင်ချာချာ ဖြစ်သွားသည်။

သူက စာဖတ်တာကို အားမပေးသည်မဟုတ်။ သို့သော် ကလေး ဘ၀ကတည်းက စိတ်ကောင်းရှိ အောင် အရင်သင်ပြီးတော့မှ စာ ဖတ်တဲ့ အဆင့်ကို လေ့ကျင့်ဟု ဆိုသည်။ ‘‘လူသားကမ္ဘာကြီးကို စောင့်ရှောက်နေတာ ဟီရိသြတ္တပ္ပဆိုတဲ့ ရှက်ခြင်း၊ ကြောက်ခြင်းဆိုတဲ့ လောကပါလတရားပဲ။ အဲဒီလို ပြောလိုက်တော့ မင်းတို့က သိပြီး သားပဲ မကောင်းမှုလုပ်ဖို့ရှက်၊ မကောင်းမှုလုပ်ဖို့ ကြောက်ဆိုပြီး ဖြေလိမ့်မယ်။ ကဲ...ကောင်းပြီ မကောင်းမှုဆိုတာ ဘာလဲ။ ဒုစ ရိုက်၊ အကုသိုလ် ကဲ..ဒုစရိုက်ဆို တာ ဘာလဲ။ အဲဒီလိုမေးရင် မင်း တို့က လူသတ်တာတွေ၊ မုဒိမ်း တွေ၊ သူခိုးတွေကိုပဲ ပြေးမြင် တယ်။ လူတိုင်း လူတိုင်းမှာဖြစ် လေ့ဖြစ်ထရှိတဲ့ လိမ်လည်ပြော တယ်ကွာ။ ကုန်းတိုက်တယ်၊ ဆဲ ရေးတယ်၊ အကျိုးမရှိတဲ့ စကား ပြောတယ်၊ သူတစ်ပါးမကောင်း ကြံတယ်၊ သူတစ်ပါးပျက်စီး အောင်ကြံတယ်၊ အယူမှားတယ်။ ဒါမျိုးတွေကျ ဒုစရိုက်လို့ မထင်ဘူး။ မကောင်းမှုလို့ မထင်ဘူး။ အဲဒါမျိုးတွေဟာ မကောင်းတာဆို တာကို ကလေးဘ၀ကတည်းက မိဘတွေက သင်၊  ပြီးရင် ကိုယ်ချင်း စာတရားထားတတ်အောင် ပုံပြင်တွေပြောပြ။ နောက်စာအုပ်တွေ နဲ့ ရင်းနှီးအောင်လုပ်။ မင်း အဲဒီ ကလေးစာမဖတ်ပါနဲ့ ဆိုတာ တောင် မရဘူး’’တဲ့။

စာဖတ်ပါ စာဖတ်ပါနှင့် တ စာစာတိုက်တွန်းနေသော ကျွန် တော်တို့ကို ဆရာက စာဖတ်ဖို့ ကနောက်မှပြော ကိုယ်ချင်းစာ တရားထားတတ်အောင်၊ စိတ် ကောင်းရှိအောင် အရင်သင်ဟု ပြောသည်။ သူက ထေရ၀ါဒသာ သနာပရိယတ္တိစာသင်နည်း သုံး နည်းကို ဥပမာပြောပြသည်။  အလဂဒ္ဒူပမာစာသင်နည်း - မြွေဖမ်းခြင်းလျှင် ဥပမာရှိသော သင်ယူနည်း။ သူတစ်ပါးတို့၏ ၀ါဒ၌ အပြစ်တင်လိုခြင်း။ သူတစ်ပါး တို့ တင်အပ်သောအပြစ်မှ လွတ်လိုခြင်းကြောင့် သင်ယူခြင်း ဖြစ် သည်။  ထိုနည်းတူစွာ စာဖတ် သည်ဆိုရာ၌ သူတစ်ပါးကို ဆရာ လုပ်လိုခြင်း၊ ငါစာတွေဘယ် လောက်ဖတ်ထားသည်ဟု ကြွား ၀ါလို၍ စာဖတ်ခြင်း။

နိဿရဏတ္တာစာသင်နည်း- သံ သရာမှ လွတ်မြောက်လို၍၊ သီလ ဖြည့်ကျင့်လို၍၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုလိုခြင်းကြောင်း သင်ယူခြင်း။ စာဖတ်ရာတွင်လည်း စာမှပေးသော အသိပညာကို အ သုံးချ၍ မိမိသူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်ရန် ဖတ်ခြင်း၊ လောက အကျိုးကို ဆောင်ရွက်နိုင်ရန် ဖတ်ခြင်း။

ဘဏ္ဍာဂါရိက စာသင်နည်း - တရားတော်၏ အစဉ်အဆက်ကို စောင့်ရှောက်ခြင်းအကျိုးငှာ စာ သင်ခြင်း၊ တရားတော်များ မ ပျောက်ပျက်အောင်စာသင်ခြင်း၊ စာဖတ်သည်ဆိုရာတွင်လည်း ရှေးစာပေများကို နှစ်ခြိုက်၍ မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ဖတ်ရှု ကာ သူတစ်ပါးအား ဖတ်ရှုစေရန် လမ်းညွှန်ခြင်းဟု ဆရာက ဥပမာ နှင့် တင်စားပြောသည်။

  တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်က ပရိယတ်ကို သင် ယူကြ၊ ပို့ချကြ၊ ဟောပြောကြရာ ၌ လောဘ၊ ဒေါသစသော ကိလေသာများလည်း သင်ယူရင်း ပို့ချ ရင်း ဟောပြောရင်းနည်း၍ နည်း ၍သွားအောင်၊ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယလည်းကြီး၍ ကြီး၍ လာအောင် အနာဂတ်ကာလ၌ မူရင်းစိတ်ထားကိုပါ ပြောင်းလဲ ပေးနိုင်မှသာ ဗုဒ္ဓမြတ်စွာ၏ အလိုတော်ကျ ပရိယတ်သင်နည်းဖြစ်စရာရှိသည်ဟု ရေးသားခဲ့ဖူး သည်။

 ကျွန်တော်တို့လည်း စာ ဖတ်ခြင်းဖြင့် မကောင်းသော စိတ်ထားများပါး၍ ပါး၍လာစေမှသာ အကျိုးရှိမည်ဖြစ်ပြီး စာတွေဖတ်ပြီး ပိုသိလာမှ ကိုယ့်အတ္တတွေပိုကြီး၊ သူတစ်ပါးကို ပျက်စီးစေမည့် အကြံဉာဏ်များ ကြီးထွားလာလျှင်မူ ဆရာပြောသည့် စာမဖတ်ခင် စိတ်ထားကောင်းအောင် အ ရင်သင်ဆိုသည့် စကားက နှစ်ခြိုက်ဖွယ်ရာဖြစ်ပါသည်။ ထို့ကြောင့်လည်း တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက မဟာဂန္ဓာရုံကျောင်း တွင် လိုက်နာရမည့် အချက် (၁၀)ချက်ကို စိတ်ကောင်းရှိဖို့က ပထ မ၊ စည်းကမ်းရှိဖို့က ဒုတိယ၊ ကျန်းမာဖို့က တတိယစသည်ဖြင့် ချမှတ်ခဲ့ရာစာတတ်ဖို့က ဒသမနေရာတွင် နောက်ဆုံးထား အစီအစဉ်ချသည်ကို တွေ့ရ သည်။ ဆရာတော်ကိုယ်တိုင် ပရိယတ္တိအရာ၌ အံ့မခန်းထူးချွန်သူဖြစ်သည့်တိုင် စိတ်ကောင်းရှိဖို့ကို ပထမအရာ၌ထားပြီး စာတတ်ဖို့ကို ဒသမနေရာ၌ ထားသည်ကို ကြည့်လျှင် စိတ်ကောင်းထားဖို့ ဆရာတော်များ မည်မျှအရေးတကြီးအလေးထားသည်ကို သိနိုင်ပါသည်။

စာဖတ်ခြင်းနှင့် ဆက်စပ်၍ ကျွန်တော်၏ အတွေးတို့ လွင့် ပျံ့သွားခြင်း ဖြစ်ပါသည်။ ကျွန် တော်တို့သည် လူများစာဖတ်ခြင်း ဖြင့် အသိပညာလိမ္မာတိုးတက် လာမည်ဟု မျှော်မှန်းကြသည်။ စာဖတ်ခြင်းနှင့် လူကောင်းဖြစ်မှု သည် တိုက်ရိုက်မဆက်စပ်သော် လည်း နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ပေးနေမည်မှာ မလွဲ သော အချက်ဖြစ်ပါသည်။ သို့ သော် ကလေးသူငယ်ဘ၀ကပင် ကိုယ်ချင်းစာတရားထားတတ်စေရန်၊ ကိုယ့်အတွက်ထက် သူများကို ဦးစားပေးတတ်ရန်၊ မနာလိုဝန်တိုမှုမရှိစေရန်၊ အားငယ်သူကို အနိုင်အထက်မကျင့်ရန်ဆိုသည့် အရာများကို လက်ဦးဆရာ မိဘတို့က သင်ကြားပေးခြင်းဖြင့် စိတ်ထားလှအောင်၊ စိတ်ကောင်းများရှိလာအောင် လေ့ကျင့်ပေးသင့်ပါသည်။ ထိုမှတစ်ဆင့် ထိုအရာများကို ကလေးများနားဝင်လာအောင် ပုံပြင်များပြောပြခြင်း၊ ကဗျာများရွတ်ဆိုပြခြင်းဖြင့် စာဖတ်လိုစိတ်ကို စတင်ရပါလိမ့်မည်။

 ထို့နောက်တွင်တော့ စာပေနှင့် ရင်းနှီးလာအောင် မိဘများကိုယ်တိုင် ကလေးများစိတ်ဝင်စားမည့် စာများကို ကလေးများအနီးတွင်ထားရှိပြီး စာဖတ် ၀ါသနာကို ပျိုးထောင်ရသည်။

တကယ်တော့ ကလေးတစ် ယောက် စာဖတ်တတ်သည့် အ ရွယ်က ခုနစ်နှစ် ရှစ်နှစ်မှ ဖြစ် သည်။ ထိုအရွယ်မတိုင်မီ မိဘက စိတ်ထားကောင်းအောင် အရင် သင်ကြားပေးရပေလိမ့်မည်။ စိတ်မလှသော၊ စိတ်ကောင်းမရှိသော လူများ စာဖတ်သူဖြစ်လျှင် လော ကအတွက်ပို၍ပင် အန္တရာယ်ကြီးနိုင်သည်။ တစ်ခေတ်တစ်ခါက တိုင်းပြည်၏ အကြီးအကဲလုပ်ခဲ့ သူကြီးကို စာဖတ်သူကြီးဟု ခေါ် ကြသည်။ စာဖတ်ဝါသနာပါသည်။မဂ္ဂဇင်းတစ်စောင်မှာဆိုလျှင် သူ က အဘိဓမ္မာတရားကိုပင်ခေါ်ပြီး သင်လိုက်သေးသည်ဟု ဆိုသည်။ သူ၏ စာဖတ်ခြင်းအကျိုးက ဘယ်သူ့အတွက် ရလဒ်ကောင်းထွက် စေခဲ့သလဲဟု သုံးသပ်ဆင်ခြင်ဖို့ ကောင်းသည်။ သည်ဆောင်းပါး ကို ရေးနေတုန်းမှာပင် နာမည် ကျော်ထမင်းဆိုင်ကြီးတစ်ဆိုင်၏ အလုပ်သမားခေါ်စာတစ်ခုကို ထူး ထူးခြားခြားတွေ့ရသည်။ အလုပ်သမားတွင်ရှိရမည့် အရည်အချင်းက စာတတ်ရန်မလို ကိုယ်ချင်းစာတတ်ရန်သာလိုပါသည် တဲ့။  ကျွန်တော်ကတော့ နှလုံးသားလှသူများသာ စာဖတ်စေချင်ပါသည်။



Sources; 7Day News Journal


No comments:

Post a Comment