Latest News

Wednesday, January 11, 2017

ရုရှား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ဖြန့်ကျက်ထားမည့် အမေရိကန် စစ်သည်များ ဥရောပသို့ရောက်ရှိ

ရုရှား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ဖြန့်ကျက်ထားမည့် အမေရိကန် စစ်သည်များ ဥရောပသို့ရောက်ရှိ


ဥရောပသို့ အမေရိကန် စစ်သည်များ၊ တင့်ကားများနှင့် စစ်ဘက် ယန္တရားများ စေလွှတ်ခြင်းသည် ရုရှားကို ရည်ရွယ်သည့် သတင်းစကား တစ်ရပ်ဟု ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဥရောပတွင် အချိန်ကြာမြင့်စွာ အခြေစိုက် နေရာယူထားသည့် တပ်ဖွဲ့ဝင်များ လဲလှယ်ရန်အတွက် အမေရိကန် စစ်သည် လေးထောင်မျှသည် ယခုသီတင်းပတ်အတွင်း ဂျာမနီသို့ ဆိုက်ရောက်လာကြသည်။ ယခုအစီအစဉ်သည် ရုရှားတစ်နိုင်ငံတည်းကို အဓိက ဦးတည်သည်ဟု အမေရိကန် စစ်ဘက်က အတည်ပြုခဲ့သည်။

“ရုရှားဟာ ယူကရိန်းကို ဗြောင်ကျကျ ကျူးကျော်ခဲ့တယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ၊ လက်တွဲဖော် နိုင်ငံတွေအတွက် အလေးအနက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာစေတယ်။ ဥရောပမှာ အမေရိကန်ရဲ့ စစ်အင်အားကို ပြသခြင်းဟာ ဥရောပတိုက် တစ်ခုလုံး ပူးပေါင်းဖော်ဆောင်တဲ့ ကာကွယ်ရေး ကဏ္ဍမှာ အမေရိကန်ရဲ့ အလေးထား ပါဝင်မှုကို ရုရှားက သတိပြုမိလာစေပါလိမ့်မယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ယက်ဖ်ဒါးဗစ်က ဆိုသည်။

ကော်လိုရာဒိုတွင် အခြေစိုက်သည့် တပ်မ ၃ မှ ခြေလျင်တပ်ဖွဲ့ အမှတ် ၄ ၏ စစ်သည်များသည် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ လက်နက်ကြီးများ၊ ထရပ်ကားများ၊ အခြား စစ်လက်နက် ပစ္စည်းများနှင့်အတူ ဂျာမနီသို့ ဆိုက်ရောက်လာခဲ့သည်။ အဆိုပါ စစ်လက်နက်များကို ပိုလန်သို့ ရွှေ့ပြောင်းမည်ဖြစ်ပြီး ထိုမှတဆင့် ဥရောပ အရှေ့ပိုင်း နိုင်ငံများမှ အမေရိကန် အခြေစိုက် စခန်းများသို့ ဖြန့်ကျက်သွားမည် ဖြစ်သည်။

အမေရိကန် တပ်များသည် အရှေ့ဥရောပရှိ မဟာမိတ် နိုင်ငံများ၏ စစ်တပ်များနှင့်လည်း ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ အမေရိကန်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဥရောပ၌ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ အခြေချ ဖြန့်ကျက်မှုကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။

ထို့အပြင် ဥရောပ မဟာမိတ် နိုင်ငံများနှင့် ပူးပေါင်းပြီး ဒေသတွင်း၌ ဒုံးကျည်ကာကွယ်ရေး၊ ပဋိပက္ခ အခြေအနေ တုံ့ပြန်ဖြေရှင်းရေး အစရှိသည့် ကဏ္ဍများ၌ တွဲဖက် လေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်သွားမည်ဟုလည်း ပင်တဂွန်က ကြေညာထားသည်။


Sources; CNN/7Day News Journal

No comments:

Post a Comment