Latest News

Monday, January 9, 2017

အေသင်မြို့တွင် ရုရှား ထိပ်တန်း သံအရာရှိတစ်ဦး ပဟေဠိဆန်ဆန် သေဆုံး

အေသင်မြို့တွင် ရုရှား ထိပ်တန်း သံအရာရှိတစ်ဦး ပဟေဠိဆန်ဆန် သေဆုံး

ဂရိနိုင်ငံတွင် ရုရှား ထိပ်တန်း သံအရာရှိတစ်ဦး ပဟေဠိဆန်ဆန် သေဆုံးနေသည်ကို အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ကြသည်။

အေသင်မြို့တော်ရှိ ရုရှားသံရုံးမှ ကောင်စစ်ဝန် အကြီးအကဲဖြစ်သူ အန်ဒရီ မာလာနင်သည် ၎င်းနေထိုင်ရာ တိုက်ခန်းထဲတွင် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၉ ရက်က မာလာနင်၏ အလောင်းကို ရှာတွေ့ခဲ့ပြီးနောက် ကနဦး စစ်ဆေးမှုများအရ ဓမ္မတာအတိုင်း သေဆုံးခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

သို့သော်လည်း အေသင်ရဲတပ်ဖွဲ့က သေမှုသေခင်းနှင့် ပတ်သက်၍ အကြောင်းရင်းကို တိကျစွာ ဖော်ထုတ်ရန် ဆက်လက် စုံစမ်းဦးမည်ဟု ပြောကြားခဲ့သည်။ သေဆုံးချိန်တွင် မာလာနင်မှာ အသက် ၅၅ နှစ် ရှိနေပြီ ဖြစ်သည်။

ဂရိမီဒီယာများက မာလာနင် အနေဖြင့် ဇန်နဝါရီ ၉ ရက်က ရုံးတက်ရန် ပျက်ကွက်ခဲ့သလို ဖုန်းဆက်သည့်အခါ ဖုန်းမကိုင်သဖြင့် သံရုံးဝန်ထမ်းများက နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းသည် လုံခြုံရေး တင်းကျပ်စွာ ချထားသည့် လမ်းထဲမှ တိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။ ရုရှားအစိုးရက ဂရိမှ ကောင်စစ်ဝန် အကြီးအကဲ သေဆုံးမှုကို အတည်ပြုခဲ့သည်။

သံရုံးမှ လုပ်ဖော်ကိုင်ဖက်များသည် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မာလာနင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာချိန်၌ အတွင်းမှ သော့ခတ်လျက်သား ဖြစ်နေသည်။ သော့ကို ဖျက်၍ အထဲဝင်သောအခါ အိပ်ခန်း ကြမ်းပြင်ပေါ် လဲနေသည့် မာလာနင်၏ အလောင်းကို ရှာတွေ့ခဲ့ကြသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် ပြင်ပ ဒဏ်ရာဒဏ်ချက် လုံးဝ မရှိသလို အခန်းထဲသို့ ပြင်ပမှ ချိုးဖျက်ဝင်ရောက်ထားသည့် အရိပ်အယောင်လည်း မတွေ့ရဟု ရဲများက ဆိုသည်။

ရုရှား၏ ထိပ်တန်း သံအရာရှိများ သေဆုံးမှုသည် ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒီဇင်ဘာလ အတောအတွင်းကလည်း တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရီ ကာလော့ဗ်မှာ လူမြင်ကွင်း ရှေ့မှောက်၌ပင် တူရကီ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

Sources; CNN/ 7 Day Nwes Journal

No comments:

Post a Comment