Latest News

Wednesday, January 18, 2017

မြန်မာ့နိုင်ငံရေးတွင် လိုအပ်နေသော အတိုက်အခံကောင်း

မြန်မာ့နိုင်ငံရေးတွင် လိုအပ်နေသော အတိုက်အခံကောင်း

(ဓာတ်ပုံ - ဂျေမောင်မောင် အမရပူရ)

၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီအောင်ပွဲဟု တင်စားခဲ့သည်။ သို့သော် ယင်းရွေးကောက်ပွဲရလဒ်သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တောက်လျှောက် အားကောင်းသည့် အတိုက်အခံကဏ္ဍကိုပါ ပျောက်ဆုံးစေခဲ့သည်။

အတိုက်အခံကဏ္ဍတွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၉၁ ပါတီဝင်ပြိုင်သော ၂၀၁၅ ရွေးကောက်ပွဲ၌် ၇၅ ရာခိုင်နှုန်းကျော်အထိ အနိုင်ရခဲ့ပြီး အာဏာရပါတီဖြစ်လာခဲ့သည်။ အနီးဆုံးပြိုင်ဘက် ပြည်ခိုင်ဖြိုးမှ ၁၀ ရာခိုင်နှုန်းစွန်းစွန်းသာ အနိုင်ရခဲ့သည်။

သို့ဖြစ်ရာ လွှတ်တော်တွင်းရော ပြင်ပပါ ဒီချုပ်ကို အင်တိုက်အားတိုက် အထိန်းအကျောင်းလုပ်နိုင်သည့် အတိုက်အခံပါတီမရှိတော့ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှတစ်ပါး လွှတ်တော်တွင်း ဥပဒေပြုရေး၊ အဆိုများ၊ မေးခွန်းများနှင့် ပတ်သက်၍မဲခွဲ လျှင်ဒီချုပ်ပါတီ၏ ဆန္ဒသာ အသာရမည်ဖြစ်သည်။

သို့သော် ပါတီကိုယ်၌က အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သည်က တစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တပ်မတော်၏ အခန်းကဏ္ဍကြောင့် အာဏာရှင်ဖြစ်လာရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် လိုအပ်နေသည်မှာ နိုင်ငံရေးကျင့်ဝတ်ရှိသည့် အတိုက်အခံကောင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်လာသည်။

လူမှုကွန်ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားသည့် ပို့စ်များတင်သည်ဆိုကာ တရားစွဲဆိုခံရသော ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး အာမခံရသည့်အပေါ် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ကိုယ်တိုင်သွားရောက်ဂုဏ်ပြုခဲ့ကြောင်း သံတော်ဆင့်ဂျာနယ်က ဖော်ပြသည်။

ထို့ပြင် တရားသော စစ်ထောက်ခံပွဲများတွင် ပြည်ခိုင် ဖြိုးပါတီဝင်အချို့ ပါဝင်နေခြင်းက လူထု၏ ထောက်ခံမှုနှင့် ဝေးကွာစေမည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။

‘‘ဒီလုပ်ရပ်တွေက ပြည်သူလူထုရဲ့ ထောက်ခံမှုကို ကျဆင်းစေ မှာပဲ’’ဟု မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြော ကြားသည်။

တရားသော စစ်ထောက်ခံပွဲ များကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကျင်းပခြင်းမဟုတ်ဘဲ ဖိတ်ကြား၍ သွားခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

‘‘ချမ်းသာကြွယ်ဝနေတဲ့ စစ်ခေါင်းဆောင်ကြီးတွေကို ထောက်ခံတာမဟုတ်ဘူး။ ကတုတ်ကျင်းထဲမှာ အသက်ပေးထားရတဲ့ ရဲဘော်လေးကို ထောက်ခံတာ’’ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးသည် အတိုက်အခံနေရာကို မယူတတ်သေးဘဲ သူ့ကိုယ်သူ အာဏာရပါတီဟု အထင်ရောက်နေပုံပေါ်ကြောင်း ဦးလှဆွေက ဆိုသည်။

‘‘ကွီးဖြိုးတို့ ကားကိစ္စလွဲနေတဲ့ အချိန်မှာ ပါတီက ကားတွေနဲ့ ခရီးသွားပြည်သူတွေကို အလကား ဆွဲ ပေးလိုက်ရင် အမှတ်ယူပြီးသားပဲ’’ ဟု ၎င်းက ထောက်ပြသည်။

လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒီချုပ်သာရေပန်းစားလျက်ရှိပြီး ပြည်ခိုင် ဖြိုးမှာ ၂၀၂၀ တွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်းနှင့် ပူးပေါင်း၍ အစိုးရဖွဲ့နိုင်မည့် လမ်းဟောင်းကိုသာ လိုက်မည့်အခြေအနေဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးသည် ပါတီတွင်း ပြန်လည်တည်ဆောက်နေချိန်လည်း ဖြစ်သည်။

ပါတီကြီးနှစ်ခုအတွက် သတိပေးခေါင်းလောင်းသံမှာ ၈၈ မျိုးဆက်အပါအ၀င် အခြားနိုင်ငံရေးမျိုးဆက်များ ပါဝင်မည့် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေသည့်သတင်းပင် ဖြစ်သည်။

ဒီချုပ်ပြီးလျှင် နိုင်ငံရေးပုံရိပ်အကောင်းဆုံးဖြစ်သည့် ၈၈ မျိုးဆက်များအပြင် အခြားမျိုးဆက်များဖြင့် စုစည်းပုံပေါ်လာမည့် ပါတီသည် ၂၀၂၀ တွင် ပါတီကြီး နှစ်ခုကို မကြိုက်သူများအတွက် ရွေးချယ်ရာအဖြစ် ပေါ်ထွက်လာနိုင်သည်။

‘‘ဆွေးနွေးတဲ့အဆင့်ပဲရှိပါသေးတယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အင်အားရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်လိုအပ်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောသည်။

နိုင်ငံရေးမျိုးဆက်များအနေဖြင့် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆ စသည့်မျိုးဆက်များအပြင် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ပေါ်ပေါက်သည့် နိုင်ငံရေးမျိုးဆက်များ ပါဝင်နိုင်ရေး စုစည်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပါတီကချန်လှပ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနက် ဦးပြုံးချိုတစ်ဦးသာ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒီချုပ်ပါတီမှ ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်များကို သီးခြားနိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည်လားဟူသော မေးခွန်းကို သတင်းထောက်များက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကတည်းက ကြိမ်ဖန်များစွာ မေးမြန်းသော်လည်း ၎င်းတို့က ရေငုံနှုတ်ပိတ်သာနေခဲ့သည်။ သို့သော် ယခုအချိန်တွင် ခြေလှမ်းပြင်လာပြီ ဖြစ်သည်။

‘‘တိုင်းပြည်ကောင်းအောင်လုပ်မယ့် အဖွဲ့အစည်းဆို ကျွန်တော်တို့ ကြိုဆိုရမှာပေါ့’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ပြောသည်။

တပ်ပေါင်းစု ဖွဲ့စည်းရေးလမ်းကြောင်းသည်သာ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးကိုယှဉ်နိုင်ရန် အခြားပါတီများအတွက် ထွက်ပေါက်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

‘‘ဒီကိစ္စကလည်း တော်တော်ခဲယဉ်းတဲ့ကိစ္စဗျ’’ဟု ဦးရဲထွန်းက ပြောသည်။

ပြည်သူလူထုရွေးချယ်ထား သော ပါတီနှင့် လက်ရှိအစိုးရဖြစ် ၍ ဝေဖန်ထောက်ပြမှုများကို အ ဝေဖန်မခံဘဲ အလွန်အမင်းကာ ကွယ်နေမှုများရှိနေခြင်းသည် အတိုက်အခံများ ပိုမိုအားနည်းစေသည့်အကြောင်းရင်းဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။

‘‘မှားတာကို ဝေဖန်ရင် တောင်မခံဘူး။ အတုတ်ခံရပြီ မှတ်’’ဟု ၎င်းက ပြောသည်။

အစိုးရ၏ မှားယွင်းမှုများကိုအကာအကွယ်ပေးခြင်းကို လက်ခံသော်လည်း အတိုင်းအတာရှိသင့်ကြောင်း ၎င်းက ပြောသည်။ မှန်တာထောက်ပြလျှင် ဝေဖန်ခံသင့်ပြီး စော်ကားတိုက်ခိုက်မှုများအတွက် ဥပဒေလမ်းကြောင်းအရရင် ဆိုင်နိုင်ကြောင်း ထောက်ပြသည်။

‘‘လူထု ကိုယ်တိုင်ကိုက အတိုက်အခံကို လက်မခံတော့တာ။ ဒီတော့ အတိုက်အခံလုပ်ဖို့က လူထုတာဝန်ပဲလို့ ကျွန်တော်ထင်တယ်’’ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

Sources: နန္ဒ ( 7Day News Journal )

No comments:

Post a Comment