Latest News

Thursday, January 19, 2017

ခြောက် ဘီလျံတန် အစိုးရ အဖွဲ့ နှင့် ဒေါ်နယ်ထရန့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ

ခြောက် ဘီလျံတန် အစိုးရ အဖွဲ့ နှင့် ဒေါ်နယ်ထရန့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ


ဒီနေ့ ည မြန်မာ စံတော်ချိန် ည ၁၁:၃၀ မှာ အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဒေါ်နယ်ထရန် မှ အမေရိကန်၏ နှစ်ပေါင်း ၂၄၀ အတွင်း ၄၅ ဦး မြောက် သမ္မတ အဖြစ် တရားသူကြီးချုပ် ဂျွန် ရောဘတ် ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်တဲ့ အတွက် ၀ါရှင်တန် မြို့တော်တခွင် လုံခြုံရေး တင်းကျပ်စွာ ချထားတာ တွေ့ရပါတယ်။

ကက်ပီတို ဟေးလ် လို့ ခေါ်တဲ့ အမေရိကန် ကွန်ဂရက် အဆောက်အဦး လှေကားထစ်မှာ ကျင်းပရန်ရှိသော  အဆိုပါ ပွဲတွင် ပြောမယ့် ဒေါ်နယ် ထရန့် မိန့်ခွန်းကို တကမ္ဘာလုံးရှိ မဟာမိတ်များအပါအ၀င်  နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များက ရုပ်မြင်သံကြားရှေ့မှာ အထူး အာရုံစိုက် နားထောင်နေကြမှာလည်း ယုံမှား သံသယ ဖြစ်ဖွယ် မရှိပါဘူး၊

ခြောက် ဘီလျံတန် အစိုးရ အဖွဲ့ဆိုသည်မှာ အမေရိကန် အစိုးရ အဖွဲ့သစ်တွင် ပါဝင်သူ အများစုမှာ သူဌေးကြီးများ ဖြစ်ပြီး ၎င်းတို့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဘိုးသည် ဒေါ်လာ ၆ ဘီလျံခန့်ပိုင်ဆိုင်ကြလို့ သတင်းစာတွေက ကင်ပွန်းတပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒေါ်နယ်ထရန့်ကို တင်ဆောင်လာတဲ့ အမေရိကန် လေတပ်ပိုင် C-32 လေယာဉ်ကြီးက အင်ဒရူး လေတပ်စခန်းကို ဆိုက်ရောက်လာပြီး ဒေါ်နယ်ထရန့်က ၎င်းရဲ့ ဇနီးသည် ဆလိုဗီနီယား မော်ဒယ် အသက် ၄၇ နှစ်ရှိ မယ်လင်နီ နဲ့ လေယာဉ်ပေါ်က ဆင်းသက်လာပြီး (ပုံတွင်ရှု့) ၎င်းတို့အား တည်းခိုမည့် ၀ါရှင်တန်ရှိ ပင်ဆဲလ်ဗေးနီးယား လမ်းမကြီးရှိ ဒေါ်နယ်ထရန့်ပိုင် Trump International Hotel ကို Cheverolet ကုမ္ပဏီထုတ် Suburban အမျိုးအစား SUV ကားနက်ကြီးနဲ့ ခေါ်ဆောင်သွားပါတယ်။

ဒီဟော်တယ်မှာပဲ ရီပါတ်ဘလီကင် ကွန်ဂရက် အမတ်တွေကို ဒေါ်နယ်ထရန့်က နေ့လည်စာ နဲ့ ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

အီလ်တန် ဂျွန်၊ စီလီ ဒီယွန်၊ ဘရုစ် စပရင်းစတင်း နဲ့ ဒစ်ဆီ ချစ် အပါအ၀င် ဟော်လီဝုဒ်ရဲ့ ဆယ်လီအများစုက သူရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရှောင်ပဲ ရှောင်ရှားနေခဲ့ပေမယ့် ဒေါ်နယ်ထရန့် က အမေရိကန် သမိုင်းမှာ မကြုံစဖူး ပရိသာတ် အပြည့် တက်ရောက်မယ်လို့ ဆိုနေပါတယ်။ အလားတူ ကန့်ကွက် ဆန္ဒပြမည့် အဖွဲ့များက လည်း လမ်းများကို ပိတ်ဆို့ပြီး ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ ဒါ့အပြင် လူ ၂ သိန်း ပါဝင်မယ့် Women's March မှ ကက်ပီတို ဟေးလ် အနား တွင် စုရုံးပြီး အိမ်ဖြူတော်သို့ ချီတက်ရန် လည်း ရှိနေပါတယ်။

အဆိုပါ အခမ်းအနားအတွက် ပြည်နယ် ၃၆ ခုမှ ရဲအဖွဲ့ဝင် ၂၈, ၀၀၀ ကို ခေါ်ယူ ဖြန့်ကျက်ထားပြီး စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ခန့် သုံးရန် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်ရှိ အဓိက လမ်းမကြီးများကို သံမဏိများနဲ့ ပြုလုပ်ထားတဲ့ အတားအဆီးများ နဲ့ ပိတ်ဆို့ထားပါတယ်။

ရာထူးက ထွက်ပေးရတော့မယ့် အိမ်ဖြူတော် ၀န်ထမ်းတွေကလည်း မိမိတို့ ရုံးခန်းအသီးသီး ရှိ ကိုယ်ပိုင် ပစ္စည်းပစ္စယာများကို သိမ်းဆည်းနေကြပြီး မျက်နှာ အမူအရာများကလည်း အရင်းနှီးဆုံး မိတ်ဆွေ တယောက် ကွယ်လွန်သည်ကို ကြားလိုက်ရတဲ့ ဖြစ်ပေါ်လေ့ရှိတဲ့ အသွင်မျိုး ဆောင်နေတယ်လို့ အိုဘာမားရဲ့ နောက်ဆုံးနေ့ကို သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်က ဆိုပါတယ်။ အိုဘာမား မျက်နှာကလည်း ဘာမျှ မတတ်နိုင်ပဲ သူ့လူတွေကို အားပေးတဲ့ အနေနဲ့ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားရတဲ့ အသွင်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ထုံးတမ်းစဉ်လာ အရ သမ္မတ ထရန့်အတွက် လျို့ဝှက် အကြံပေးစာ တစောင် ရေးပေးရဖို့လည်း တာဝန် ရှိနေပါတယ်။

ဒီနေ့ မနက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်မှီ ဒေါ်နယ် ထရန့်နဲ့ ဇနီးတို့က အိမ်ဖြူတော်ကို သွားရောက်ပြီး အိုဘာမား မိသားစုနဲ့ မနက်စာ လ္ဘက်ရည်  သုံးဆောင်ဖို့ ရှိနေပြီး အပေါ်ထပ်မှာတော့ ပရိဘောဂ သေတ္တာ အထုပ်အပိုး တွေ ရွှေ့ပြောင်းသူတွေနဲ့ အလုပ်ရှုပ်နေပြီ ဖြစ်ပါတယ်။

ယင်းနောက် အိုဘားမား နဲ့ အတူ ကက်ပီတိုဟေးလ် သို့ မော်တော်ကားတန်းကြီးနဲ့ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ချက် အပိုဒ် ၂၀ အရ အိုဘာမားရဲ့ သမ္မတ သက်တမ်းက မြန်မာ စံတော်ချိန် ၂၁ ရက်နေ့ မနက် ၁:၃၀ မှာ တရားဝင် ပြီးဆုံးမှာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိပြီ ဖြစ်တဲ့ အိုဘားမားကတော့ သူရဲ့ အိမ်ဖြူတော် နောက်ဆုံး အချိန်များကို ကမ္ဘာတ၀ှမ်းရှိ ခေါင်းဆောင်များထံ တယ်လီဖုန်းဆက်ပြီး နှုတ်ဆက် စကား ပြောရင်း ဖြတ်ကျော်နေပါတယ်။ ကျမ်းသစ္စာ ကျိမ်ဆိုပွဲပြီးတာနဲ့ အရပ်သား ဘ၀ကို ကူးပြောင်းသွားမယ့် အိုဘာမားသည် မိသားစု နဲ့ အတူ ကာလီဖိုနီယား ရှိ Palm Spring ကို ထွက်ခွာဖို့ ရှိနေပါတယ်။

တိုးတက် ဖွံ့ဖြိုးနေတဲ့ ခေတ်ကြီးမှာ အကြောင်းအမျိုးမျိုး ကြောင့်  နောက်ကျ ကျန်နေခဲ့ အောက်ခြေ လူတန်းစားများက အုပ်ချုပ်သူ များကို ဒဏ်ခတ်တဲ့ သဘောနဲ့ ဒေါ်နယ်ထရန့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် ပွဲဦးထွက် အစိုးရ အဖွဲ့ရဲ့ အဓိက ရာထူးတွေမှာ စုစုပေါင်း ပိုင်ဆိုင်မှု ခြောက်ဘီလီယံ တန်ဖိုးရှိ Goldman Sachs က အရင်းရှင်ကြီးများ ကို ခန့်ထားလိုက်သည့်အတွက်  အဆိုပါ ပုဂ္ဂိုလ်ကြီးများက အောက်ခြေ လူတန်းစားများရဲ့ ဘ၀ကို ကိုယ်ချင်းစာစိတ်ဖြင့် အဘယ်သို့များ ဖေးမ ကူညီသွားမလဲ ဆိုတာတော့ စိတ်ဝင်တစား စောင့်ကြည့်သင့်လှပါတယ်။

ကိုးကား ။  ။ Various News Agencies

HSW

No comments:

Post a Comment