Latest News

Friday, January 6, 2017

တောင်ငူ လက်ဝှေ့ပွဲ ပွဲကြည့်စင်ပြိုကျ ကိုးဦး ဒဏ်ရာရ

တောင်ငူ လက်ဝှေ့ပွဲ ပွဲကြည့်စင်ပြိုကျ ကိုးဦး ဒဏ်ရာရ

တောင်ငူ၊ ဇန်နဝါရီ ၆

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ငူမြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ဇန်နဝါရီလ ၅ ရက်နေ့က ပွဲကြည့်စင်ပြိုကျ၍ သံဃာတော်တစ်ပါးနှင့် အမျိုးသားရှစ်ဦး ဒဏ်ရာရကြောင်း တောင်ငူမြို့မ ရဲစခန်းမှ သိရသည်။

ဖျံသွေးနှင့် စင်းမန်းနီး နောက်ဆုံးငါးချီ ယှဉ်ပြိုင်ထိုးသတ်အပြီး ညနေ ၅ နာရီ ၂၀ ခန့်တွင် တောင်ဖက်ပွဲကြည့်စင် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ယင်းစခန်းမှ သိရသည်။

အမျိုးသားတစ်ဦး ခြေထောက်ကျိုးသွားပြီး ကျန်ရှစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများကို ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့သူ ဦးမျိုးကျော်သူက ပြောကြားသည်။
“တောင်ဖက်ပွဲကြည့်စင် ဆိုင်းဝိုင်းအနားက ကပ်ပြီး ပြိုကျတာပါ” ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က စတင်ကျင်းပခဲ့သော အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ပြည်တွင်းလက်ဝှေ့ကျော်များနှင့် ထိုင်းလက်ဝှေ့ကျော်အချို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဖျံသွေးနှင်း စင်းမန်းနီး နောက်ဆုံး ငါးချီ ယှဉ်ပြိုင်ထိုးသတ်ပွဲ အပြီးတွင် ပွဲကြည့်စင် ပြိုကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တောင်ငူခရိုင် မိုးလုံလေလုံ အားကစားကွင်းကြီးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ မစတင်မီကလည်း မြောက်ဖက်ပွဲကြည့်စဉ် ကျွံကျခဲ့ပြီး သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ငူမြို့ခံ လက်ဝှေ့ ဝါသနာရှင်တစ်ဦးက ပြောကြားသည်။

Sources; ဓာတ်ပုံ - ကိုလတ် / The Voice

No comments:

Post a Comment